ရဲထွဋ်အောင် (မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်)

 

COVID-19 ၊ SARS နှင့် MERS

ကိုရိုနာဗိုင်းရပ်စ်ပိုးအသစ်တစ်မျိုး (2019-novel coro- navirus: 2019-nCoV ) ကြောင့် ၂၀၁၉ ခုနှစ်နှောင်းပိုင်း မှစတင်၍ ကမ္ဘာတစ်ဝန်းတွင် လတ်တလောဖြစ်ပွားလျက် ရှိသောရောဂါအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် Coronavirus Disease-2019 (COVID-19) ဟု ရည်ညွှန်းခေါ်ဆိုခဲ့ပါ သည်။ ၂၀၂၀ ပြည့်နှစ် မတ် ၁ ရက်တွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က အဆိုပါရောဂါအား ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ (Global Pandemic) အဖြစ် စတင်ကြေညာခဲ့ပါသည်။ COVID-19 ရောဂါ ဖြစ်ပွားစေသောဗိုင်းရပ်စ်အား Severe acute respiratory syndrome-related coronavirus (SARS–CoV-2) ဟု ဗိုင်းရပ်စ်များအား သိပ္ပံနည်းကျ အမျိုးအစား ခွဲခြားရေး အပြည်ပြည်ဆိုင်ရာကော်မတီ (International Committee on Taxonomy of Viruses-ICTV) ၏ ကိုရိုနာဗိုင်းရပ်စ်များ လေ့လာရေး အဖွဲ့ (Coronaviridae Study Group- CSG) က အမည်ပေး ခေါ်ဆိုခဲ့ပါသည်။


၂၀၀၂-၂၀၀၃ ခုနှစ်များတွင် တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်သည့် SARS coronavirus (SARS-CoV) ကြောင့် ပြင်းထန်အဆုတ်ရောင်ရောဂါ (Severe acute respiratory syndrome-SARS) ဖြစ်ပွားခဲ့သည်။ ၂၀၁၂-၂၀၁၃ ခုနှစ်များတွင် အရှေ့ အလယ်ပိုင်းဒေသနှင့် ကမ္ဘာ့နိုင်ငံအချို့၌ အခြားကိုရိုနာဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်သည့် MERS Coronavirus (MERS–CoV) ကြောင့် ဒုတိယပြင်းထန်အဆုတ်ရောင်ရောဂါ (Middle East Respiratory Syndrome-MERS) ဖြစ်ပွားခဲ့သည်။ SARS-CoV နှင့် MERS-CoV နှစ်မျိုးလုံး ၏ မူလအရင်းအမြစ် လက်ခံကောင်များ (Origin, Reservoir host) မှာ လင်းနို့များ (Horseshoe bats) ဖြစ်သည်။ SARS- CoV အတွက် လင်းနို့များမှတစ်ဆင့် လူသို့ ကူးစက်စေသော ကြားခံလက်ခံကောင်များ(In- termediate host) မှာ ကြောင်ကတိုးများ (Palm Civet Cat) ဖြစ်ပြီး MERS-CoV အတွက် လင်းနို့များမှတစ်ဆင့် လူသို့ကူးစက်စေသော ကြားခံလက်ခံကောင်များမှာ ဘို့တစ်လုံး ကုလားအုတ်များ (Dromedary Camels) ဖြစ်ကြသည်။ ထို့ကြောင့် အဆိုပါ ၂၀၀၂-၂၀၀၃ ခုနှစ်များတွင် ဖြစ်ပွားခဲ့သော SARS နှင့် ၂၀၁၂-၂၀၁၃ ခုနှစ်များတွင် ဖြစ်ပွားခဲ့သော MERS တို့အား တိရစ္ဆာန်မှလူသို့ ကူးစက် တတ်သောရောဂါများ (Zoonoses) အဖြစ် သတ်မှတ်ခဲ့ကြသည်။


ကိုရိုနာဗိုင်းရပ်စ်များ (Coronaviruses)

ကိုရိုနာဗိုင်းရပ်စ်များအနေဖြင့် မျိုးရင်းစု Order: Nidovirales၊ မိဘမျိုးရင်း Family: Coronaviridae၊ မိဘမျိုးရင်းခွဲ Subfamily: Orthocoronavirinae အောက်တွင် ပါရှိပါသည်။ အဆိုပါ မိဘမျိုးရင်းခွဲ Subfamily: Orthocoronavirinae အောက်တွင် မျိုးကွဲစုလေးမျိုး Alphacoronavirus, Gammacoronavirus, Betacoronavirus နှင့် Deltacoronavirus ဟူ၍ ရှိပါ သည်။ မျိုးကွဲစု Betacoronavirus များအား မျိုးစိတ်စု လေးမျိုး A, B, C, D ဟူ၍ ထပ်မံခွဲခြား၍ရပါသည်။ SARS ဖြစ်စေသော SARS-CoV နှင့် COVID-19 ဖြစ်စေသည့် SARS– CoV - 2 တို့သည် Betacoronavirus မျိုးကွဲစု အောက်ရှိ မျိုးစိတ်စု B ဖြစ်သည့် Sarbecovirus တွင် ပါဝင်သည်။ MERS ဖြစ်စေသော MERS–CoV သည် Betacoronavirus မျိုးကွဲစုအောက်ရှိ မျိုးစိတ်စု C ဖြစ်သည့် Merbecovirus တွင် ပါဝင်သည်။ ထို့ကြောင့် COVID-19 ဖြစ်စေသည့် SARS–CoV-2 သည် မျိုးရိုးဗီဇအခြေခံအရ SARS ဖြစ်စေသော SARS-CoV နှင့် အမျိုးနီးနီးစပ်စပ် တော်ပြီး MERS ဖြစ်စေသော MERS–CoV နှင့် အမျိုးဝေးပါသည်။


ကိုရိုနာဗိုင်းရပ်စ်များကြောင့် တောရိုင်းတိရစ္ဆာန်များ၊ အိမ်မွေးတိရစ္ဆာန်များ၊ အချို့သော ရေနေသတ္တဝါများနှင့် ငှက်အုပ်စုဝင်များတို့တွင် အသက်ရှူလမ်းကြောင်းရောဂါ၊ အူလမ်းကြောင်းရောဂါနှင့် အသည်း၊ ကျောက်ကပ်၊ အာရုံကြောဆိုင်ရာရောဂါများ ဖြစ်ပွားလေ့ရှိပါသည်။ ယနေ့ အချိန်ထိ ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ် (Coronavirus species) များစွာရှိပြီး အဆိုပါမျိုးစိတ်များအတွက် လက်ခံကောင်တိရစ္ဆာန် (Host Animal species) လည်း များစွာရှိပါသည်။ များသောအားဖြင့် ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်တစ်မျိုးချင်းစီသည် တိကျသည့် လက်ခံကောင် (Host specific) ရှိလေ့ရှိပြီး အချို့ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်များသည် လက်ခံကောင် တိရစ္ဆာန်မျိုးစိတ်တစ်မျိုးမှ အခြားတစ်မျိုးသို့ ခုန်ကျော်ကူးစက်ခြင်း (Jumping crossspecies or Interspecies transmission) ဖြစ်ပွား နိုင်ပါသည်။


Alphacoronavirus နှင့် Betacoronavirus တို့သည် နို့တိုက်သတ္တဝါများ (Mammals) တွင်သာ ရောဂါဖြစ်ပေါ် စေလေ့ရှိပြီး Gammacoronavirus နှင့် Deltacoronavirus တို့သည် အဓိကအားဖြင့် ကြက်၊ ငှက် အုပ်စုဝင်များ (Birds) တွင်ရောဂါဖြစ်ပေါ်စေလေ့ရှိပါသည်။ ထို့အပြင် ကြောင်များ တွင်ရောဂါဖြစ်ပွားစေသော ကိုရိုနာဗိုင်းရပ်စ် (Feline Coronavirus)၊ ခွေးများတွင် ရောဂါဖြစ်ပွားစေသော ကိုရိုနာ ဗိုင်းရပ်စ် (Canine Coronavirus)၊ မြင်းများတွင် ရောဂါ ဖြစ်ပွားစေသော ကိုရိုနာဗိုင်းရပ်စ် (Equine Coronavirus)၊ နွားများတွင် ရောဂါဖြစ်ပွားစေသော ကိုရိုနာဗိုင်းရပ်စ် (Bovine Coronavirus)၊ ကြက်၊ ငှက်များတွင် ရောဂါ ဖြစ်ပွားစေသော ကိုရိုနာဗိုင်းရပ်စ် (Avian Coronavirus) ဟူ၍ တိရစ္ဆာန်မျိုးစိတ်အလိုက် အသီးသီးရှိကြပါသည်။ ထိုအထဲမှ Bovine Coronavirus တစ်မျိုးသာလျှင် တိရစ္ဆာန်မှလူသို့ ကူးစက်နိုင်ကြောင်း အထောက်အထားများ ရှိပါသည်။


အိမ်မွေးတိရစ္ဆာန်များနှင့် စီးပွားဖြစ်မွေးမြူသော တိရစ္ဆာန်များတွင် အတွေ့ရများသော ကိုရိုနာဗိုင်းရပ်စ်ရောဂါများ ဖြစ်သည့် ကြောင်များ၏ အူဖုံးမြှေးရောင်ရောဂါ (Felile Infectious Peritonitis)၊ ကြက်များ၏ လေပြွန်ရောင်ရောဂါ (Avian infectious bronchitis)၊ ဝက်များ၏ ကူးစက်မြန်အူရောင်ရောဂါ (Porcine transmissible gastroenteritis)၊ ဝက်ငယ်များ၏ ဝမ်းလျှောရောဂါ (Porcine epidemic diarrhea) တို့မှာ တိရစ္ဆာန်ဆေးကု ဆရာဝန်များနှင့် ရင်းနှီးပြီးဖြစ်ပါသည်။ ထို့အပြင်ခွေးများ၏ အူလမ်းကြောင်းတွင် ရောဂါဖြစ်စေသည့် ကိုရိုနာဗိုင်းရပ်စ် (Canine enteric coronavirus type 1 and type 2) နှင့် အသက်ရှူလမ်းကြောင်းတွင် ရောဂါဖြစ်စေသည့် ကိုရိုနာ ဗိုင်းရပ်စ် (Canine respiratory Coronavirus) တို့သည်လည်း တွေ့ရများသည့် ကိုရိုနာဗိုင်းရပ်စ်များ ဖြစ်ပါသည်။ မကြာသေးမီက လင်းနို့များမှတစ်ဆင့် ဝက်များသို့ ကူးစက်သော ကိုရိုနာဗိုင်းရပ်စ်အသစ် (Swine Acute Diarrhea Syndrome Coronavirus-SADS-CoV) ကြောင့် ဝက်များတွင် ဝမ်းလျှောရောဂါဖြစ်ပေါ်မှုများ ရှိခဲ့ပါသည်။


ကိုရိုနာဗိုင်းရပ်စ်များ၏ ထူးခြားသော အရည်အသွေး များမှာ ပတ်ဝန်းကျင်ဂေဟစနစ် ပြောင်းလဲမှုနှင့် လိုက်လျော ညီထွေဖြစ်စေရန် အဆိုပါဗိုင်းရပ်စ်တွင်ပါဝင် သော မျိုးရိုးဗီဇပြောင်းလဲမှုများ (High mutation rate) ဖြစ်နိုင်သည့်အပြင် မတူခြားနားသည့် ကိုရိုနာဗိုင်းရပ်စ် ပိုးမျိုးစိတ်နှစ်မျိုးကြားတွင် မျိုးရိုးဗီဇများ ပူးပေါင်းသွားပြီး (By high recombination frequencies) မျိုးစိတ်အသစ် ‘ထွန်း’ ခြင်းများ ဖြစ်ပေါ်လာနိုင်ခြင်းတို့ဖြစ်ပါသည်။

 

COVID-19 ဖြစ်စေသည့် SARS–CoV-2 ၏အရင်းအမြစ်

ရောဂါပျံ့နှံ့မှုဗေဒ လေ့လာမှုများအရ အစောပိုင်း COVID-19 လူနာများအနေဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ လတွင် တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့ရှိ ဟူအာနန် ပင်လယ်စာရောင်းချသည့်စျေး (South China Seafood Market) မှ တောရိုင်းတိရစ္ဆာန်များနှင့် ထိတွေ့ဆက်စပ်မှုရှိခဲ့သောကြောင့် COVID-19 ရောဂါ စတင်ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။ ထို့ကြောင့် COVID-19 ကိုလည်း တိရစ္ဆာန်မှလူသို့ကူးစက်တတ် သော ရောဂါ (Zoonosis) အနေဖြင့် မှတ်ယူလေ့လာ ခဲ့ကြပါသည်။ မျိုးရိုးဗီဇသရုပ်ခွဲ လေ့လာမှုများအရ COVID-19 ဖြစ်ပေါ်စေသည့် SARS-CoV-2 နှင့် လင်းနို့ များတွင် တွေ့ရသော ကိုရိုနာဗိုင်းရပ်စ်ပိုး မျိုးစိတ် တစ်မျိုး (BtCoV-RaTG13) မှာ ၉၆ ဒသမ ၂ ရာခိုင်နှုန်း အထိ ထပ်တူညီမျှမှုများတွေ့ရှိရသဖြင့် SARS-CoV-2 ၏ မူလအစ အရင်းအမြစ် လက်ခံကောင်များမှာ လင်းနို့များ ဖြစ်နိုင်ကြောင်း သိရှိရပါသည်။ ကိုရိုနာ ဗိုင်းရပ်စ်များ၏ အဓိကမူလအရင်းအမြစ် (Reservoir host/ Origin) မှာ လင်းနို့များ ဖြစ်သော်လည်း အဆိုပါ ကိုရိုနာဗိုင်းရပ်စ်များကြောင့် လင်းနို့များတွင် မည်သည့် ရောဂါလက္ခဏာမျှ မတွေ့ရပါ။ အခြားလေ့လာမှု များအရ COVID-19 ဖြစ်စေသော SARS- CoV-2 နှင့် သင်းခွေချပ်များတွင် တွေ့ရှိရသော ကိုရိုနာဗိုင်းရပ်စ်ပိုးမျိုးစိတ်မှာလည်း ၈၅ ဒသမ ၅ ရာခိုင်နှုန်းမှ ၉၂ ဒသမ ၄ ရာခိုင်နှုန်းအထိ နီးနီးစပ်စပ် တူညီနေကြောင်း သိရှိရပါသည်။ ထို့ကြောင့် သင်းခွေချပ်များ (Pangolins) သည်လည်း SARS- CoV- 2 ၏ မူလအစ အရင်းအမြစ် လက်ခံကောင် များ ဖြစ်နိုင်သကဲ့သို့ SARS-CoV-2 အတွက် လင်းနို့များမှတစ်ဆင့် လူသို့ကူးစက် စေတတ်သော ကြားခံလက်ခံကောင်များလည်း ဖြစ်နိုင်ကြောင်း သိရှိရပါသည်။


အထက်တွင် ဖော်ပြခဲ့သော ဝူဟန်မြို့ရှိ ဟူအာနန် (Seafood wholesale Market) သည် ပင်လယ်စာအစား အစာများသာမက အခြားသော တိရစ္ဆာန်မျိုးစိတ်များ ဖြစ်သည့် လင်းနို့ ၊ မြွေပါ ၊ မြွေ ၊ ကြွက်၊ ကြောင်မျိုးစိတ် အမျိုးမျိုး၊ ဖြူ စသည့်တောရိုင်းတိရစ္ဆာန် ၇၅ မျိုးခန့်နှင့် ခွေး၊ ကြက်နှင့် အခြားအိမ်မွေးတိရစ္ဆာန်များ၏ လတ်လတ် ဆတ်ဆတ်အသားများလည်း ရောင်းချသောစျေး (Wet market) တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါ Wet market သည် စားသုံးရန်အလို့ငှာ စတေးလိုက်သည့် ရောဂါရှိသောတိရစ္ဆာန်များ၏ သွေး၊ ဆီး၊ မစင်နှင့် ခန္ဓာကိုယ်မှထွက်လာသည့် အရည်များမှ တစ်ဆင့် ဗိုင်းရပ်စ်နှင့် ဗက်တီးရီးယားရောဂါများ ကူးစက်ဖြစ်ပေါ်လာစေရန် ထောက်ပံ့ပေးလျက်ရှိသည့် ပြည့်စုံလှသောပတ်ဝန်းကျင်တစ်ခု ဖြစ်ပါသည်။ တရုတ်လူမျိုးများတွင် တောရိုင်း တိရစ္ဆာန်များအား မကျက်တကျက် ချက်ပြုတ်စားသောက်တတ်သော အလေ့အထ ရှိပါသည်။ တောရိုင်းတိရစ္ဆာန် များကို စားသုံးခြင်းဖြင့် ဆေးဖက်ဝင်ခြင်း၊ ရောဂါခုခံအားကောင်းခြင်း၊ ကျန်းမာသက်ရှည်နုပျိုခြင်းတို့ကို ဖြစ်စေနိုင်သည်ဟု တရုတ် လူမျိုးများ၏ အယူအဆများရှိနေသည့်အတွက် ထိုကဲ့သို့ အလေ့အထများရှိနေခြင်း ဖြစ်ပါသည်။ ထို့အတူ တရုတ် တိုင်းရင်းဆေးများတွင်လည်း ဆေးဖက်ဝင်သည်ဟူသော ယူဆချက်ဖြင့် သင်းခွေချပ် အကြေးခွံများနှင့် လင်းနို့မစင်များကို ထည့်သွင်းအသုံးပြုလေ့ရှိပါသည်။ ထို့ကဲ့သို့ တိရစ္ဆာန်နှင့် လူတို့ထိတွေ့ ဆက်စပ်ခြင်းများ (Animal-Human Interface) သည် COVID-19 ရောဂါ စတင် ဖြစ်ပေါ်စေခဲ့သော အဓိကအရင်း အမြစ်တစ်ခု ဖြစ်ပါသည်။


တိရစ္ဆာန်အရှင်ရောင်းချသောဈေးများ (Live animal Market) အထူးသဖြင့် တောရိုင်းတိရစ္ဆာန်များပါ ရောင်းချသည့် တိရစ္ဆာန်အရှင်ဈေးများသည် တိရစ္ဆာန်မှ လူသို့ကူးစက်တတ်သောကပ်ရောဂါများ စတင်ဖြစ်ပွားနိုင်သည့် အဓိကနေရာများ(Critical Places) ဖြစ်ကြောင်း နှင့် လူသားကျန်းမာရေးရှုထောင့်မှကြည့်လျှင် အလွန်အန္တရာယ်ရှိ ကြောင်း (High Public Health Risks) ထင်ရှားစွာ မီးမောင်းထိုးပြလျက်ရှိပါသည်။ ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက အိမ်မွေးတိရစ္ဆာန်များ၊ တောရိုင်းတိရစ္ဆာန်များနှင့် အကာအကွယ်မရှိဘဲ ထိတွေ့ကိုင်တွယ်မှုများ မပြုလုပ်ကြရန် (Avoid the unprote- cted contact with farm and wild animals) လမ်းညွှန်ခဲ့ပါသည်။


အသစ်ဖြစ်ပေါ်တိုးပွားလာသော တိရစ္ဆာန်မှ လူသို့ကူးစက် သည့်ရောဂါများ (Emerging Zoonotic Diseases)
တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လူတွင်ဖြစ်ပေါ် လျက်ရှိသော ကူးစက်ရောဂါများ၏ ၆၀ ရာခိုင်နှုန်းအသစ် ဖြစ်ပေါ် တိုးပွားလာသော ကူးစက်ရောဂါများ၏ ၇၅ ရာခိုင်နှုန်းမှာ တိရစ္ဆာန်မှလူသို့ကူးစက်သော ရောဂါများ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ကြေညာချက် များအရ သိရှိရပါသည်။ ထိုကဲ့သို့ တိရစ္ဆာန်မှ လူသို့ ကူးစက်တတ်သော ရောဂါများ တိုးပွားများပြားလာစေသည့် အကြောင်းရင်းများမှာ-

(၁) သစ်တောများ ခုတ်ထွင်ခြင်းနှင့် မြေယာ အသုံးပြုမှုပြောင်းလဲလာခြင်း (Deforestation and other land use changes)
(၂) စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ မြှင့်တင်လာခြင်း

(Intensified Agriculture and Livestock Production)

(၃) တရားမဝင် တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှု များများပြားလာခြင်း

(Illegal and poorly regulated Wildlife Trade)

(၄) ရာသီဥတုပြောင်းလဲလာခြင်း (Climate Change)

(၅) ဆေးယဉ်ပါးမှု ပြဿနာ (Antimicrobial Resi- stance) တို့ကြောင့် ဖြစ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက ထုတ်ပြန် ထားပါသည်။

 

တိရစ္ဆာန်မှ လူသို့ကူးစက်တတ် သောရောဂါများ တိုးပွားများပြား လာသည်နှင့်အမျှ တိရစ္ဆာန်ကျန်း မာရေး၊ လူသားကျန်းမာရေးဟူ၍ ခွဲခြားမနေတော့ပဲ (၂၁) ရာစု အစ ပိုင်းမှစ၍ တိရစ္ဆာန်ကျန်းမာရေး၊ လူသားကျန်းမာရေး၊ သဘာဝ ပတ်ဝန်းကျင် ကျန်းမာရေးတို့သည် ဆက်စပ်လျက်ရှိသဖြင့် တစ်ခု တည်းသော ကျန်းမာရေးအမြင် ရှုထောင့်(One Health Approach) ဖြင့် ပူးပေါင်းဆောင်ရွက်လာကြပါသည်၊၊ လတ်တလော ဖြစ်ပွားလျက်ရှိသော COVID- 19 သည်လည်း တိရစ္ဆာန်မှလူသို့ ကူးစက်တတ်သော ရောဂါတစ်ခုဖြစ်သဖြင့် တစ်ခုတည်းသော ကျန်းမာရေးအမြင်ရှုထောင့်ဖြင့် ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်လာပြီ ဖြစ်ပါသည်။ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် အနေဖြင့် ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်နှင့် ပြည်သူ့ကျန်းမာ ရေးတက္ကသိုလ်၊ ရန်ကုန်တို့နှင့်ပူးပေါင်း၍ ‘မြန်မာ့တစ်ခုတည်းသော ကျန်းမာရေး တက္ကသိုလ်များကွန်ရက်’ (Myan- mar One Health University Network-MMOHUN) ဖွဲ့စည်း ဆောင်ရွက်သွားနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။


တိရစ္ဆာန်ဆေးပညာရှုထောင့် (Veterinary Perspective)

COVID-19 ဖြစ်ပေါ်စေသော SARS–CoV-2 သည် ရောဂါကူးစက်ခံထားရသော လူမှတစ်ဆင့် ခွေး နှစ်ကောင် (ဟောင်ကောင်မှ)၊ ကြောင်နှစ်ကောင် (ဘယ်လ်ဂျီယံတစ်၊ ဟောင်ကောင်တစ်) နှင့် ကျားတစ်ကောင် (Bronx Zoo, New York City, US) တို့တွင် ရောဂါကူးစက်ခြင်းခံရကြောင်း အထောက်အထားများ တွေ့ရှိလာရပါသည်။ သို့သော်လည်း အဆိုပါရောဂါကူးစက်ခြင်းခံရသော ခွေး၊ ကြောင်၊ ကျားများမှတစ်ဆင့် လူသို့တစ်ဖန်ပြန်လည်၍ ရောဂါကူးစက်နိုင်ကြောင်း အထောက်အထားများ မရှိသေးပါ။ မွေးမြူရေးတိရစ္ဆာန်များဖြစ်သော ကြက်၊ ဝက်၊ ဘဲများအား SARS–CoV-2 အနေဖြင့် ရောဂါ ကူးစက်ခံ ထားရသော လူမှတစ်ဆင့် ကူးစက်နိုင်ကြောင်း အထောက် အထားများ မရှိသေးပါ။

 

လက်တွေ့စမ်းသပ်ချက်များ (By experimental infection) အရလည်း SARS–CoV-2 သည် ခွေး၊ ကြောင်နှင့် မြွေပါများတွင် ရောဂါပိုးပွားများနိုင်သော်လည်း ကြက်၊ ဘဲနှင့် ဝက်များတွင် ရောဂါဖြစ်ပွားနိုင်ခြင်းမရှိကြောင်း တွေ့ရှိထားပါသည်။ SARS–CoV-2 သည်လက်ခံကောင်၏ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းနှင့် အဆုတ်တို့အား အဓိကထား၍ တိုက်ခိုက်လေ့ရှိပါသည်။ ရေနေသတ္တဝါများ ဖြစ်သည့် ငါး၊ ပုစွန် အများစုတွင် အဆုတ်မပါ ရှိသောကြောင့် ဖြစ်ပွားနိုင်ခြင်းမရှိကြောင်းလည်း သိရပါသည်။


(၂၁) ရာစုတွင် SARS၊ MERS နှင့် COVID-19 ရောဂါများသည် တိရစ္ဆာန်နှင့်လူတို့အကြား ထိတွေ့ဆက်စပ်မှု များကြောင့် စတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားသည့် စံနမူနာများပင် ဖြစ်သည်။ SARS–CoV-2 ကြောင့် ဖြစ်ပွားသည့် COVID-19 အတွက် ထိရောက်သည့် ကုသဆေးနှင့် ကာကွယ်ဆေးများ မရှိသေးပါ။ ထို့ကြောင့် ဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားသည့် တိရစ္ဆာန်မှလူသို့ ကူးစက်တတ်သောရောဂါအား ကာကွယ်ရန်အတွက် အထိရောက် ဆုံးနည်းလမ်းမှာ ဗိုင်းရပ်စ်ပိုးသယ်ဆောင်သော အရင်း အမြစ်တိရစ္ဆာန်များနှင့် လူ့အဖွဲ့အစည်းအကြား ထိတွေ့ ဆက်စပ်ခြင်းမရှိစေရန် တားဆီးခြင်း (Maintain the barriers between natural resources and human society) ဖြစ်သည်။


တိရစ္ဆာန်မှ လူသို့ကူးစက်တတ်သော ရောဂါများနှင့် ပတ်သက်၍ တစ်ခုတည်းသော ကျန်းမာရေးရှုထောင့်မှ ကြည့်လျှင် (၁) ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအသွင် ဖြစ်ပွားလာနိုင်ဖွယ်ရှိ မရှိ ၊ (၂) ဇီဝလက်နက်သုံး အကြမ်း ဖက်သမားများ အဓိကအသုံးပြုနိုင်ခြေရှိသည့် ရောဂါ စာရင်းတွင် ပါ မပါ ၊ (၃) ဦးစားပေးဆောင်ရွက်ရမည့်ကူးစက် ရောဂါ ဟုတ် မဟုတ် စသည့်အချက်များ ထည့်သွင်း စဉ်းစားရန် လိုပါသည်။ မည်သည့်အခြေအနေတွင်မဆို တိရစ္ဆာန်မှ လူသို့ကူးစက်တတ်သောရောဂါများ တားဆီးကာကွယ်ထိန်းချုပ်ရေးအတွက် တိရစ္ဆာန်ဆေးကု ဆရာ ဝန်များ၏ အခန်းကဏ္ဍသည်အရေးပါပါသည်။ တိရစ္ဆာန်ဆေးကု ဆရာဝန်များအနေဖြင့် တိရစ္ဆာန်ဆေးပညာ ဆိုင်ရာပြည်သူ့ကျန်းမာရေး (Veterinary Public Health-VPH) လုပ်ဆောင်ချက်များ ဆောင်ရွက်ခြင်းဖြင့် လူသား ကျန်းမာရေးနှင့် လူသားတို့၏ဘဝ သာယာဝပြောရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပေးရ မည်ဖြစ်သည်။


ပြည်သူ့ကျန်းမာရေး ဆောင်ရွက်လျက်ရှိသော တိရစ္ဆာန်များဆိုင်ရာ ဗိုင်းရပ်စ်ရောဂါ ပညာရှင်များ (Veterinary Virologists) အနေဖြင့်လည်း တိရစ္ဆာန်များ တွင် ဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားတတ်သည့် ရောဂါများနှင့် ပတ်သက်၍ စစ်တမ်းများကောက်ယူခြင်း၊ ရောဂါဖြစ်ပေါ် ပုံအဆင့်ဆင့်အား အိမ်မွေးတိရစ္ဆာန်များတွင်သာမက တောရိုင်းတိရစ္ဆာန် များတွင် ပါလေ့လာခြင်း၊ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသည့် တိရစ္ဆာန်မှ လူသို့ကူးစက်တတ်သော ရောဂါများ ဖြစ်ပေါ်လာပုံနှင့် လူသားတို့အတွက် အသစ်ဖြစ်ပေါ်တိုးပွားလာနိုင်သော ရောဂါများအတွက် ကြိုတင်ပြင်ဆင်ခြင်း တို့အား ဆောင်ရွက်သွားရန် လိုအပ်ပါသည်။ အဆိုပါဆောင်ရွက်မှုများအတွက် မျိုးဆက်သစ်မျိုးရိုး ဗီဇအခြေခံ လေ့လာနည်း (Next Generation Sequen- cing) အပါအဝင် ဆန်းသစ်သောရောဂါရှာဖွေရေး နည်းပညာများနှင့် ရောဂါပျံ့နှံ့ဖြစ်ပွားမှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ စနစ်တကျ စီမံခန့်ခွဲမှု နည်းပညာတို့အား ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ပါသည်။


အနာဂတ်တွင် မျိုးဆက်သစ်တိရစ္ဆာန်ဆေးကု ဆရာဝန်များအနေဖြင့် တိရစ္ဆာန်မှလူသို့ ကူးစက်ခြင်းကြောင့် ဖြစ်ပေါ်လာသော ကမ္ဘာ့ကပ်ရောဂါအသစ်များနှင့် ကြုံတွေ့ရဦးမည်ဖြစ်ပါသည်။ ထို့ကြောင့် မျိုးဆက်သစ် တိရစ္ဆာန် ဆေးကုဆရာဝန်များအနေဖြင့် လူ့အဖွဲ့အစည်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အရည်အသွေးအာမခံချက် များရှိရမည် ဖြစ်ပါသည်။ ထိုကဲ့သို့ အရည်အသွေး အာမခံချက်ရှိသော မျိုးဆက်သစ် တိရစ္ဆာန်ဆေးကုဆရာဝန်များ မွေးထုတ်ပေးရန်အတွက် လည်း တိရစ္ဆာန်ဆေးပညာသင်ကြားသည့် ကျောင်းများအနေဖြင့် လက်ရှိသင်ကြားလျက် ရှိသော သင်ရိုးညွှန်းတမ်းများတွင် ဇီဝသတင်းအချက်အလက် (Bioinfor- matics)၊ သက်ရှိ ဇီဝပစ္စည်းများ၏ ဗီဇအချက်အလက် (Genomics)၊ ဂေဟဗေဒပညာ (Ecology)၊ လူမှုရေးသိပ္ပံပညာ (Social Science)နှင့် လူထုဆက်ဆံရေး ပညာရပ်(Communication) များ ထည့်သွင်းသင်ကြားသွားရန် လိုအပ်လာပြီဖြစ်ကြောင်း တိုက်တွန်းအကြံပြု အပ်ပါသည်။    ။