ဒဗြုတ်ပွင့်နှင့် ကြက်သားအမိ၊ ရခိုင်နှင့်ချင်းရိုးရာ ရက်ကန်းအထည်ပြပွဲဖွင့်ပွဲ အခမ်းအနား ချင်းပြည်နယ် ဟားခါးမြို့၌ ကျင်းပ

ဟားခါး ၃၀  နိုဝင်ဘာ  

 
ချင်းရိုးရာ ဘိုးဘွားအမွေအနှစ်ဖြစ်သော ဂျပ်ခုတ်ရက်ကန်းပညာကို ထိန်းသိမ်းမြှင့်တင်ရန်၊ ချင်းအမျိုးသမီး ရက်ကန်းသည်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးနိုင်ရန် ချင်းရိုးရာ အဝတ်အထည်များကို နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်တင်သွင်းနိုင်ရန်နှင့် ပျောက်ကွယ်လုဖြစ်နေသော ချင်းရိုးရာ အထည်များကို အများပြည်သူတို့ ကြည့်ရှုလေ့လာနိုင်ရန် ရည်ရွယ်လျက် အိုင်ဒီးရက်ကန်းအိမ်နှင့် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပြတိုက်အတိုင်ပင်ခံ ပညာရှင် ဒေါ်နုမြစံ (ယဉ်ကျေးမှုဝန်ကြီးဌာန၊ အငြိမ်းစားတို့ စီစဉ်ကျင်းပသည့် ဒဗြုတ်ပွင့်နှင့် ကြက်သားအမိ၊ ရခိုင်နှင့် ချင်းရိုးရာ ရက်ကန်းအထည်ပြပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ချင်းပြည်နယ် ဟားခါးမြို့  ဒင်လိုရပ်ကွက်ရှိ ချင်းရိုးရာနေအိမ်ပြတိုက်၌  ကျင်းပပြုလုပ်ခဲ့ပါသည်။

 

အစီအစဉ်အရ ဗိုလ်မှူးကြီး Solaron (CNF) က ပြပွဲ ကျင်းပရခြင်းနှင့်ပတ်သတ်၍ မိတ်ဆက်အမှာစကား ပြောကြားပြီးနောက် ပြတိုက်အတိုင်ပင်ခံ ပညာရှင် ဒေါ်နုမြတ်စံ ကပြပွဲတွင်ပြသထားသည့် ဒဗြုတ်ပွင့်နှင့် ကြက်သားအမိ  ရခိုင်နှင့် ချင်းရိုးရာ အထည်များအကြောင်းနှင့် ရခိုင် ခေတ်လေးခေတ် ကိုယ်စားပြု အမျိုးသမီးဝတ်စုံများအကြောင်း ရှင်းလင်းပြောကြားသည်။

 

 

 

ဆက်လက်ပြီးပြပွဲ စီစဉ်သူ An a Biak Thu Mawi ( အိုင်းဒီး ရက်ကန်းအိမ်) က ချင်းရိုးရာ ဂျပ်ခုတ် အထည်များအား နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်တင်သွင်းနိုင်ရေးနှင့်ပတ်သတ်၍ ဈေးကွက်အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ရိုးရာမေ ချင်းရိုးရာ အထည်ရက်ကန်းလုပ်ငန်းပိုင်ရှင် ဒေါ်စွန်းရွှေက အရှိုချင်းများ၏ အဝတ်အထည်များအကြောင်းနှင့် ချင်းအမျိုးသမီးများ၏ ခေတ်အဆက်ဆက် ဝတ်စားဆင်ယင် ထုံးဖွဲ့မှုများအကြောင်း ရှင်းလင်းပြောကြား ခဲ့ပါသည်။

   

ထို့နောက်တက်ရောက်လာကြသည့် လူငယ်လေးများ၊ လာရောက်လေ့လာကြသည့် ရက်ကန်း ဝါသနာရှင်များက ပြပွဲတွင်ပြသထားသည့် ရခိုင်ချင်းရိုးရာအထည်များ၊ ချင်းရိုးရာဂျပ်ခုတ် ရက်ကန်းစင်များ၊ ချင်းတိုင်းရင်းသားများ၏ အသုံးအဆောင်ပစ္စည်းများကို စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုကြရာ ပြပွဲစီစဉ်သူများက လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သိရှိရပါသည်။

   
အဆိုပါ ပြပွဲကို နိုဝင်ဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာ လ ၂ ရက်နေ့အထိ ၃ ရက်ကြာ ပြသပေးသွားမည်ဖြစ်ပြီး မည်သူမဆို အခမဲ့ လာရောက်လေ့လာကြည့်ရှုနိုင်ကြောင်း၊ အိုင်းဒီးရက်ကန်းအိမ်တွင် ရက်ကန်းသည်စုစုပေါင်း ၃၀ကျော် တို့ဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိပြီး ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်များအထိ ထိုးဖောက်ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း  အိုင်းဒီးရက်ကန်းအိမ်မှ AnnaBiakThuMawi ၏ ပြောပြချက်အရ သိရှိရပါသည်။ 

 

မြင့်နိုင်စိုး ( ထီးလှိုင်မြေ )