ဒစ်ဂျစ်တယ်ပလက်ဖောင်းနည်းပညာဖွံ့ဖြိုး

၁၉၀၁ ခုနှစ်ဟူသော ၂၀ ရာစု ခရီးအစမှ ဖြစ်ပျက်ပြောင်းလဲလာသော ကမ္ဘာ ကြီးသည် ၂၀၀၀ ပြည့်နှစ်တွင် ၂၀ ရာစု ခရီးအဆုံးသို့ ရောက်ရှိခဲ့ပေသည်။ တစ်ဖန် ၂၀၀၁ ခုနှစ်မှစတင်၍ ၂၁ ရာစု ခရီးလမ်းသစ်ကို ဖြတ်သန်းလျက် ရှိရာ ယခုအခါ နှစ်ပေါင်း ၂၀ ပြည့်တော့မည်ဖြစ်သည်။ ၂၀ ရာစုနှစ် တစ်ဝက် ပတ်ဝန်းကျင်တွင် ကမ္ဘာကြီးသည် စက်မှုနှင့်အဏုမြူနည်းပညာ တစ်ခေတ် ဆန်းသစ်ခဲ့ပြီးနောက် ၂၁ ရာစုခရီး စတင်သည်နှင့် အိုင်တီနည်းပညာသည် တစ်ခေတ်အသစ်အဆန်း ဖြစ်လာပြန်သည်။

ထို့နောက် အိုင်တီနည်းပညာကိုအခြေခံ၍ဒစ်ဂျစ်တယ်နည်းပညာလည်း လိုက်ပါထွန်းကားလာသည်။ ယနေ့ကမ္ဘာတွင် ဒစ်ဂျစ်တယ်နည်းပညာသည် နေ့စဉ်နှင့်အမျှ အရှိန်အဟုန်ဖြင့် လိုက်ပါပြောင်းလဲ တိုးတက်နေသည်။ ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာတွင် နေရသည့်အလား ကမ္ဘာ့လူသားများ အချင်းချင်း အချိန်နှင့်တစ်ပြေးညီ ထိတွေ့ဆက်ဆံနိုင်ကြပြီဖြစ်သည်။ မြန်မာ နိုင်ငံသည် ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးမှုနောက်ကျသည့် နိုင်ငံဖြစ်သည်နှင့်အတူ နည်းပညာပိုင်းတွင်လည်း အမြဲနောက်ကျကျန်လျက်ရှိသည်။ ယနေ့ကာလ တွင်မူ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကိုအကြောင်းပြု၍ မြန်မာနိုင်ငံအနေဖြင့် ဒစ်ဂျစ်တယ်နည်းပညာကို ပိုမိုထိရောက်စွာ လက်လှမ်းတမီအသုံးချ၍ ကမ္ဘာနှင့်အတူလိုက်ပါအောင် ကြိုးပမ်းနေပြီ ဖြစ်သည်။

၂၁ ရာစုတွင် မြန်မာနိုင်ငံအနေဖြင့် သတင်းအချက်အလက်နှင့် နည်းပညာ ဝိုင်းတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပြီးနောက် ပြည်သူများ၏ လူမှုဘဝနယ်ပယ်တွင် ကွန်ပျူတာနှင့် မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုမှု များ ခေတ်စားလာသည်။ ယခုအခါ မြန်မာနိုင်ငံ၌ အင်တာနက်အသုံးပြုနေသူ ၂ သန်းအထိ တိုးတက်သုံးစွဲလာကြပြီး ဒစ်ဂျစ်တယ်နည်းပညာ ပလက်ဖောင်း အမျိုးမျိုးပါ ဖွံ့ဖြိုးလာသည်။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေဆဲကာလတွင် လူအများ ထိတွေ့ဆက်ဆံခြင်းကို ကန့်သတ်ထားသဖြင့် ဒစ်ဂျစ်တယ် နည်းပညာကို မဖြစ်မနေသုံးစွဲလာကြပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ အကျိုးဆက်အဖြစ် ဒစ်ဂျစ်တယ် ပလက်ဖောင်းများစွာ ဖြစ်ထွန်းလာမှုများသည် အပေါင်းလက္ခဏာဖြစ်သည်။ ပွဲလမ်းသဘင်အခမ်းအနားများ ကျင်းပခွင့်မရသေးသောအချိန်၌ အစိုးရဌာန အဖွဲ့ အစည်းများ၊ လူထုလူတန်းစားအဖွဲ့အစည်းများအနေဖြင့် ဒစ်ဂျစ်တယ် ပလက်ဖောင်းများဖြစ်သည့် ဗီဒီယိုကွန်ဖရင့်စနှစ်၊ Virtual စနစ်၊ Zoom Meeting စနစ်တို့ကို တွင်တွင်ကျယ်ကျယ် အသုံးချတတ်လာပြီး ပြည်သူလူထု အနေဖြင့် ဈေးရောင်း၊ ဈေးဝယ်ကိစ္စတို့ကို Online Shopping စနစ်ဖြင့် အသုံးပြုလာကြသည်။

အမှန်တကယ်တွင် ဒစ်ဂျစ်တယ်ပလက်ဖောင်းများသည် အစောပိုင်း ကတည်းက ဖြစ်ထွန်းလျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် ပြုလုပ်လေ့ရှိသည့် အလေ့အထနည်းပါးခဲ့ကာ ယခုမှ မဖြစ်မနေခေတ်အခြေအနေအရ တိုးတက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အဝေးမှလူတစ်ယောက်ကို Zoom ဖြင့် အနီးသို့ ဆွဲယူ၍ ရင်းရင်းနှီးနှီး ဆွေးနွေးတိုင်ပင်နှီးနှောဖလှယ်နိုင်ကြပြီ ဖြစ်သည်။ လူအချင်းချင်းထိတွေ့ဆက်ဆံစရာမလို၊ တစ်နေရာမှ တစ်နေရာသို့ အပင် ပန်းခံသွားစရာမလိုဘဲ ဒစ်ဂျစ်တယ်နည်းပညာကိုအသုံးပြု၍ လိုအပ်သလို အကျိုးရှိရှိ ဆောင်ရွက်နိုင်ပြီ ဖြစ်သည်။ ဒစ်ဂျစ်တယ်ပလက်ဖောင်းတွင် ထိတွေ့ဆက်ဆံမှု၊ ရောင်းဝယ်ဖောက်ကားမှု၊ ဝန်ဆောင်မှု၊ ဖျော်ဖြေမှု စသည်တို့ဖြင့် အားလုံးပါဝင်ဆောင်ရွက်လာနိုင်ပြီ ဖြစ်သည်။

ဒစ်ဂျစ်တယ်နည်းပညာဖြင့်တိုင်းပြည်နှင့်လူမျိုး ဖွံ့ဖြိုးတိုးတက်မှုများကို ဆောင်ရွက်လာနိုင်ပြီဖြစ်၍ ကြိုဆိုဝမ်းမြောက်ရမည် ဖြစ်သည်။ သို့သော် တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်မှု၊ အနှောင့်အယှက်အဟန့်အတားများနှင့် မမှန် မကန်အသုံးချမှုများကို သတိပြုရမည်ဖြစ်သည်။ အဓိကမှာ ဒစ်ဂျစ်တယ် နည်းပညာဖွံ့ဖြိုးရေးတွင် အင်တာနက်စနှစ်ကောင်းမွန်ရေးသည် အဓိက ကျပြီး အင်တာနက်ကွန်ရက် မရရှိသေးခြင်း၊ ပြတ်တောက်ခြင်း၊ နှေးကွေး ခြင်း၊ နှောင့်ယှက်ခြင်း၊ အကုန်အကျများခြင်းတို့ကို လျှော့ချနိုင်မှ မြန်မာ နိုင်ငံတွင် ဒစ်ဂျစ်တယ်ပလက်ဖောင်းများ လွှမ်းခြုံဖွံ့ဖြိုးလာပြီး နိုင်ငံလည်း ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။

သို့ဖြစ်ရာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျွန်ုပ်တို့၏ နေထိုင်ပြုမူ စားသောက်လုပ်ကိုင်လှုပ်ရှားမှုပုံစံများ အပြောင်းအလဲများဆီသို့ ဦးတည် လာပြီ ဖြစ်သည်။ ထိုအခါ ကိုဗစ်ကာလနှင့် ကိုဗစ်လွန်ကာလတွင် လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်သာကိုင်သာရှိသော ပတ်ဝန်းကျင်ကောင်း တစ်ရပ်ကို ဖန်တီးနိုင်ရေးတွင် ဒစ်ဂျစ်တယ်ပလက်ဖောင်းများကို စနစ်တကျ ထိထိရောက်ရောက် အသုံးပြုရေးမှာ အရေးပါလာပြီဖြစ်သည်ကို သတိမူ ရှုမြင်ရမည် ဖြစ်ပါကြောင်း။ 

 

km