၂၅ ဖေဖော်ဝါရီ
ဒေါ်လာ ၃ ဘီလီယံကျော်တန်ကြေးရှိ အမေရိကန်လုပ် ကာကွယ်ရေးပစ္စည်းများဝယ်ယူရန် အိန္ဒိယနိုင်ငံ က သဘောတူခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့သည် ယမန်နေ့က အနောက် ပိုင်းရှိ ဂူဂျာရတ်ပြည်နယ်မှာ ပြည်သူ ၁၀၀၀၀၀ ခန့်ရှေ့မေှာက်၌ ပေါ်လာခဲ့သည်။ နှစ်နိုင်ငံစလုံးမှ ကိုယ်စားလှယ်များက ဒေါ်လာ ၃ ဘီလီယံကျော်တန်ကြေးရှိ သဘောတူညီချက်များကို လက်မှတ်ရေးထိုးမည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံက ယင်း၏လက်နက်ကိုင်တပ်ဖွဲ့အတွက် စစ်ဘက်ရဟတ်ယာဉ်နှင့် အခြား စစ်လက်နက်ကိရိ ယာများ ဝယ်ယူမည်ဖြစ်သည်။ အမေရိကန်နှင့်အိန္ဒိယနိုင်ငံတို့မှာ ရင်းနှီးမြှုပ်နှံမှုတွင် အဟန့်အတားများ လျော့ချပေးမည့် ကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်နှင့် ပတ်သက်၍ ကနဦးအဆင့် ဆွေးနွေးမှုများပြုလုပ်နေသည် ဟု ဒေါ်နယ်ထရမ့်က ပြောသည်။ အမေရိကန်နိုင်ငံက အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် ပမာဏကြီးမားသော လိုငွေ ရှိခဲ့သည်။
အမေရိကန်နိုင်ငံသည် ပြီးခဲ့သည့်နှစ်က အိန္ဒိယနိုင်ငံထံပေးအပ်ထားသည့် ဦးစားပေး ကုန်သွယ်ရေးအဆင့်ကို ပြန်လည်ရုတ်သိမ်းခဲ့သလို အိန္ဒိယနိုင်ငံကလည်း အမေရိကန်ထုတ်ကုန်များအပေါ် စည်းကြပ်ခွန်များ ထပ်မံသတ်မှတ်၍ လက်တုံ့ပြန်ခဲ့သည်။ သူနှင့် မိုဒီတို့က နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိစေမည့် သဘောတူညီချက်တစ်ရပ် ရရှိမည်ဟု အကောင်းမြင်ကြောင်း ဒေါ်နယ်ထရမ့်က ပြောသည်။
အိန္ဒိယနိုင်ငံက အတိုင်းအတာတစ်ခုအထိ စျေးကွက်ဖွင့်လှစ်ထားရန် အဆင်သင့်ရှိကြောင်း မိုဒီက ပြော ကြားခဲ့သော်လည်း အသေးစိတ်အစီအစဉ်များကို မပြောကြားခဲ့ပေ။ အမေရိကန်နိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများစွာကို ကုန်ထုတ်လုပ်မှု တိုးတက်လာမှုနှင့် အိန္ဒိယနိုင်ငံ၌ အခြေခံအဆောက်အအုံနှင့် ဒီဂျစ်တယ်စီးပွားရေး တိုးချဲ့လာမှုက ဖန်တီးပေးမည်ဟု မိုဒီကဆိုသည်။
ကိုးကား--အင်န်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


