၂၈ ဇွန်

 

ဇွန် ၂၇ ရက် စနေနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်တွင် စာရေးဆရာ နွမ်ဂျာသိုင်း နှလုံးဝေဒနာဖြင့် ပင်လုံဆေးရုံတွင် ကွယ်လွန်သွားခဲ့ပါသည်။ ဆရာ၏ စာ စာယဉ်များက နွမ်ဂျာသိုင်း ခေတ်တစ်ခုဟု ပြောနိုင်လောက်သည်အထိ ထင်ရှားခဲ့ပါသည်။ ထိုခေတ်ထိုအခါက အားကောင်း၊ ရောင်းအားကောင်း စာရေးဆရာတစ်ဦးဖြစ်ခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံစာရေးဆရာအသင်း ဗဟိုအမှုဆောင်ကော်မတီဝင်အဖြစ် တာဝန်ယူထားသူဖြစ်ပါသည်။ ၂၀၁၂ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီ ဆုရွေးချယ်ရေးအဖွဲ့ဝင်နှင့် အမျိုးသားစာပေဆု ရွေးချယ်ရေးအဖွဲ့ဝင်အဖြစ်လည်း တာဝန်ယူခဲ့ဖူးသည်။

 

ဆရာ ရေးသားခဲ့သော စာအုပ်များစွာထဲ က ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့သည့် စာအုပ်များ က မနည်းလှပါ။ “အားလုံးပျော်ရွှင်ချမ်းမြေ့ ကြပါစေ ဝတ္ထုကို “ချစ်နှင်းဆီလှလှလေး အမည်ဖြင့် လည်းကောင်း၊ “နွေဦးရောက်ပြီ သူငယ်ချင်းဝတ္ထုကို “နွေဦးရောက်ပြီကိုကို ဟုလည်းကောင်း၊ “အလယ်ကလူ စကားဝါ ၏ ဝတ္ထုကို “မယ်သီတာလိုမိန်းကလေး အမည်ဖြင့်လည်းကောင်း၊ “နွေ၏ အလွန် ဝတ္ထု ကို “နွေ၏အလွန် အမည်ဖြင့် လည်းကောင်း ရုပ်ရှင်ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ ဗီဒီယိုခေတ်တွင်လည်း ဗီဒီယို ရုပ်ရှင်ရိုက်ကူးခဲ့သော ဆရာ့စာအုပ်များက လည်း အများအပြားဖြစ်ပါသည်။ ရက်ရွေး မနေပါနဲ့ ကိုကိုရယ်။ အချစ်ဆုံးလည်း ဖြစ်ခဲ့ဖူးပါတယ်။ မေတ္တာရှိရင်းစွဲ၌ လွဲနိုင်ပါဘူးရှင်။ အိပ်မက်မြို့သူ၊ တိမ်တောင်ညို ပြား ဒေါင်းယဉ်ပျံဘုံနံဘေးမှာ စာရေးလို့ထားချင်တယ်။ မိုးရေတက်ရေ တဖွေးဖွေး၊ မြူဝန်း လို့ခို စသည်တို့ပါ။

 

ဆရာက ဝတ္ထုနှင့် ဇာတ်ညွှန်းများ ရေးသားခဲ့သည်တို့လည်းရှိ၏။ ထင်ရှားသည် များမှာ မမစိမ်း၊ မဟာသမုဒ္ဒရာ၌ပင် အနားသတ် ကမ်းစပ်ရှိ၏၊ မိုးကောင်းကင် မျက်နှာကြက်၌တည်သော အလင်းအိမ်ကောင်းကင်ယံ၌ ကြယ်များလင်းလက်၍ မြေကြီးပေါ်တွင် ပန်းများပွင့်ကြသည်။ နှလုံးသားတွင် ကမ္ပည်းတင်မည် ကစ္ဆပနဒီ တို့ဖြစ်၏။

 

ဆရာနွမ်ဂျာသိုင်းသည် ရွှေမန်းသဘင်က တင်ဆက်သော “တစ်ခါတုန်းက တက္ကသိုလ်မှာ မင်းသားနန်းဝင်းတို့၏ နန်းမဟာသဘင်တွင် “တစ်ပင်တည်း ရင်ထဲကနွယ် နှင့် “ဒေါင်းယဉ်ပျံဘုံနံဘေးမှာ စာရေးလို့ထားချင်တယ် ဝတ္ထုများကို ပြဇာတ်အဖြစ် စင်တင်ကပြခဲ့ဖူးပါသည်။

 

ဆရာနွမ်ဂျာသိုင်းကို ၁၉၅၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် သာစည်မြို့တွင် မွေးဖွားခဲ့သည်။ အဘ ဦးမြ၊ အမိ ဒေါ်မမကြီး တို့ဖြစ်ပြီး မွေးချင်း ခုနစ်ယောက်အနက် သားအကြီးဆုံးပါ။ အမည်ရင်းမှာ ဝင်းမြင့်မောင်ဖြစ်သည်။

 

၁၉၇၁ ခုနှစ်တွင် အထက (၂) အင်းစိန်မှ အခြေခံပညာ အထက်တန်းအောင်မြင်ပြီး ရန်ကုန် စက်မှုတက္ကသိုလ်တွင် တက်ရောက်၍ လျှပ်စစ်အင်ဂျင်နီယာပညာရပ်ကို ပဉ္စမနှစ်အထိ သင်ကြားခဲ့သည်။ မှိုင်းရာပြည့်တွင် ပါဝင်လှုပ်ရှားမှု၊ စာကဗျာများကြောင့် ရန်ကုန် စက်မှုတက္ကသိုလ်မှ ကျောင်းထုတ်ခံခဲ့ရသည်။ ထို့နေနောက် တက္ကသိုလ်စာပေးစာယူ သင်တန်း မှ သိပ္ပံဘွဲ့ (ရူပဗေဒ) ရရှိခဲ့ပြီး ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တွင် မဟာသိပ္ပံ (ရူပဗေဒ) နောက်ဆုံးနှစ် အပိုင်း-က အထိ တက်ရောက် သင်ကြားခဲ့သည်။

 

၁၉၆၉ ခုနှစ်ကစ၍ အဟိ၊ သင့်ဘဝတိုင်းရင်းမေ စသည့် စာစောင်များတွင် ကဗျာ နှင့် ဝတ္ထုတိုများ ရေးသားခဲ့သည်။

 

၁၉၇၃ ခုနှစ်တွင် ပါးကွက်ကြားနှင့် လပြည့်ဝန်း ကဗျာလုံးချင်း ထုတ်ဝေခဲ့ပြီး၊ ၁၉၇၉ ခုနှစ်တွင် ဆရာရေးသားသော အချစ်ဆုံးသူရဲ့ အတ္ထုပ္ပတ္တိအမည်ရှိ လုံးချင်းဝတ္ထုကို ထုတ်ဝေခဲ့သည်။ ဆရာရေးသားခဲ့သော လုံးချင်းဝတ္ထုရှည်ပေါင်း ၉၀ ကျော်ရှိခဲ့သည်။

 

ဆရာ့စာများကို မတွေ့ရတော့သည်မှာ အတန်ငယ် ကြာသွားခဲ့ပြီဖြစ်သော်လည်း ဆရာ့ကို ထင်ရှားသော စာရေးဆရာတစ်ဦး အဖြစ် ယနေ့ခေတ်အထိ သိနေကြဆဲဖြစ်ပါသည်။

 

ဆရာ ကွယ်လွန်ချိန်တွင် ဇနီးနှင့် သမီး သုံးဦးကျန်ရှိပါသည်။ ဆရာနွမ်ဂျာသိုင်းကို ဆုံးရှုံးရခြင်းအတွက် ဝမ်းနည်းမိပါကြောင်း ဖော်ပြအပ်ပါသည်။ ။

 

စာအုပ်ပိုး