ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရင်းနှီးလုပ်ကိုင်ဆောင်ရွက်လိုသည့် Grow Together ကုမ္ပဏီမှ တာဝန်ရှိသူများအား ကယားပြည်နယ်ဝန်ကြီးချုပ် လက်ခံတွေ့ဆုံ

ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံနိုင်မှုအခြေအနေများ လာရောက်လေ့လာပြီး မယ်စဲ့မြို့နယ်တွင် ဟိုတယ် လုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရင်းနှီးလုပ်ကိုင်ဆောင်ရွက်လိုသည့် Grow Together Co., Ltd. မှ ဦးရန်နောင်ဝင်း ဦးဆောင်သောအဖွဲ့အား ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက ဒီဇင်ဘာလ ၁၄ ရက်နေ့၊ ညနေ ၃ နာရီအချိန်က ပြည်နယ်အစိုးရအဖွဲ့ ရုံးခန်း၌ လက်ခံ တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် Grow Together Co.,Ltd. မှ ဒါရိုက်တာ ဦးရန်နောင်ဝင်း က ကယားပြည်နယ်သည် ယခင်ကနှင့်မတူဘဲ စီးပွားရေးအခွင့်အလမ်းများ တိုးတက်လာလျက်ရှိနေရာ Grow Together Co.,Ltd. အနေဖြင့် ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းများ လာရောက်လုပ်ကိုင်ရန် အထူးစိတ်ဝင်စားလျက်ရှိကြောင်း၊ ယခု ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများကို လာရောက်လေ့လာခြင်းဖြစ်ကြောင်း၊ ကုမ္ပဏီ အနေဖြင့် မယ်စဲ့မြို့တွင်ဟိုတယ်လုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် စိတ်ဝင်စားလျက်ရှိ ကြောင်း၊ မယ်စဲ့မြို့နယ်သည် ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေခြင်း၊ နယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်လှစ် ထားခြင်း၊ BP-13 မှတစ်ဆင့် အပြန်အလှန် လည်ပတ်သွားလာနိုင်သည့် အခွင့်အလမ်းများရှိနေသဖြင့် ထိုင်း နိုင်ငံရှိ ကုမ္ပဏီများနှင့် ချိတ်ဆက်၍ ထိုင်းနိုင်ငံဘက်ရှိ ခရီးသွားဧည့်သည်များကို မယ်စဲ့မြို့မှတစ်ဆင့် ပြည်နယ် အတွင်းလာရောက်လည်ပတ်နိုင်ရေး Tourism လုပ်ငန်းတစ်ခုကို ဆောင်ရွက်သွားရန် အထူးစိတ်ဝင်စား ကြောင်း၊ လိုအပ်သည့် ဟိုတယ်အဆောက်အဦများနှင့် ဆက်စပ်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ရင်နှီးမြှုပ်နှံမှု လုပ်ငန်းများကို လုပ်ကိုင်လိုပါကြောင်း ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တင်ပြချက်များအပေါ် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးတို့မှ ပြည်နယ်အတွင်းရင်းနှီးမြှုပ်နှံနိုင်သည့် အခွင့်အလမ်းများကိုချပြရှင်းလင်းပြီး ဟိုတယ်ခရီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ သစ်တောဦးစီးဌာနတို့မှ ဌာနအကြီးအကဲများ က ဌာနအလိုက် ကူညီပံ့ပိုးပေးနိုင်မည့် အခြေအနေများအား  အကြံပြုဆွေးနွေးတင်ပြခဲ့ကြသည်။

 

အဆိုပါတင်ပြ ဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကယားပြည်နယ်အတွင်းရှိ မြို့နယ်နှင့် မြို့များအားလုံး၌ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ ရေရရှိရေး အားလုံးပြည့်စုံကောင်းမွန်နေပြီဖြစ်ကြောင်း၊ နယ်မြေ အားလုံးသည်လည်း တည်ငြိမ်အေးချမ်းနေပြီဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းများ လုပ်ကိုင် လိုပါက အဆင်ပြေသည့် အခြေအနေဖြစ်ကြောင်း၊ မယ်စဲ့မြို့နယ်တွင် ရင်းနှီးမြှုပ်နှံလိုကြောင်း တင်ပြမှုနှင့်ပတ် သက်ပြီး မယ်စဲ့မြို့မြေသည် ဧက(၂၁၀)ကျော် သာရှိနေသေးပြီး ကျန်သည့်အစိတ်အပိုင်းများသည် သစ်တော မြေများအဖြစ် တည်ရှိနေကြောင်း၊ မယ်စဲ့ မြို့ပြဖွံ့ဖြိုး တိုးတက်ရေးအတွက် အနာဂတ်စီမံကိန်းများပါဝင်သည့် Town Plan တစ်ခုရေးဆွဲထားရှိပြီး အနာဂတ်တွင် လိုအပ်လာမည့် မြေများအတွက် သစ်တောမြေအတွင်း ကျရောက်နေသည့် မြေဧက(၇၉၀) ကျော်အား သစ်တောမြေအဖြစ်မှ ပယ်ဖျက်ခွင့်ရရှိရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ မယ်စဲ့တွင် နယ်စပ်ကုန်သွယ်ရေးစခန်းလည်း ဖွင့်လှစ်ထားရှိပြီးဖြစ်ရာ BP-13 နယ်စပ် ဂိတ်အား International Check Point အဖြစ် အဆင့်မြှင့်တင်ပြီး နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းနှင့် ကုန်သွယ်မှုလုပ်ငန်းများ ဖော်ဆောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ မကြာမီတွင် BP-13 ၌ လူဝင်မှုကြီးကြပ်ရေးရုံး အဆောက်အဦ ဆောက်လုပ်သွားရန် ဘတ်ဂျက်တွင် ခွင့်ပြုချက်ရရှိပြီဖြစ်ကြောင်း၊ Tourism လုပ်ငန်းများအဖြစ် ခြေလျင်တောင်တက်ခြင်း၊ စက်ဘီးစီးခြင်း ကဏ္ဍတို့ကို ဖော်ဆောင်နိုင်ကြောင်း၊ အမှန်တစ်ကယ် ရင်းနှီးမြှုပ်နှံဆောင်ရွက်လိုပါက ဆောင်ရွက်လိုသည့် ကဏ္ဍအပေါ်သာ ပြည်နယ်အတွက် လိုအပ်သည့် ဥပဒေ၊ လုပ်ထုံး လုပ်နည်းများ၊ အခွန်ကင်းလွတ်ခွင့်များကို ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဌာနဆိုင်ရာများဖြင့် ချိတ်ဆက်ပြီးလိုအပ်သည့် ပံ့ပိုးကူညီမှုများကို အချိန်နှင့်တပြေးညီ ပြုလုပ်ပေးသွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ် ၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ သစ်တောဦးစီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတို့မှ ဌာနအကြီးအကဲများ တက်ရောက်ကြကြောင်း သိရှိရသည်။

 

ထွန်းလေး