ရန်ကုန် ၅ မတ်
ဖေဖော်ဝါရီ ၂၀ ရက် ညနေ ၅ နာရီခွဲတွင် တောင်ဥက္ကလာပမြို့နယ်၊ (၁၂)ရပ်ကွက်၊ မာဃ(၄)လမ်း၊ အမှတ်(၆၉၄)နေ တရားလို ဦး----- သည် နေအိမ်၌ရှိနေစဉ် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၀၈)ရပ်ကွက်၊ ကျန်စစ်သားလမ်း၊ အမှတ်(၇၀၅)နေ ၎င်း၏အစ်မတော်စပ်သူ ဒေါ်မြင့်မြင့်သန်းမှာ နေအိမ်အတွင်း ပက်လက်အနေအထားဖြင့် သွေးအိုင်ထဲ၌ လဲကျသေဆုံးနေကြောင်း အသိတစ်ဦးမှ ဖုန်းဆက်အကြောင်းကြားသဖြင့် လိုက်လံကြည့်ရှုခဲ့ရာ ၎င်း၏အစ်မဖြစ်သူ ဒေါ်မြင့်မြင့်သန်း (၇၂)နှစ်၏ ဦးခေါင်းနောက်စေ့ (၁)လက်မခန့် သွေးထွက်ပေါက်ပြဲဒဏ်ရာ (၁)ချက်၊ ဝဲပခုံးရှေ့ ဖူးရောင်ညိုမဲ ဒဏ်ရာ(၁)ချက်တို့ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရပြီး စုံစမ်းဖော်ထုတ် အရေးယူပေးပါရန် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့မရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက အမှုမှတရားခံအား အမြန်ဖော်ထုတ်ဖမ်းဆီးရန် ညွှန်ကြားချက်အရ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာနခွဲမှ တပ်ဖွဲ့ဝင်များနှင့် မှုခင်းအကူ ဌာနစုမှတပ်ဖွဲ့ဝင်များသည် အမှုမှတရားခံ ဖမ်းဆီးရမိရေးအတွက် အခင်းဖြစ်ရပ်စစ်ဆေးခြင်း၊ ပတ်ဝန်းကျင် သက်သေများအား စစ်ဆေးမေးမြန်းခြင်းပြုလုပ်ရာ ဖေဖော်ဝါရီ ၁၉ ရက်တွင် အခင်းဖြစ်နေအိမ်သို့ ယခင်က ပန်းရံလုပ်ငန်း လုပ်ကိုင်ခဲ့ဖူးသူ မင်းသူ လာရောက်ခဲ့ကြောင်း၊ ၎င်းမှာ လှိုင်သာယာမြို့နယ်၊ (၆)ရပ်ကွက်၊ သုခလမ်းသွယ် (၃)လမ်းတွင်နေထိုင်ကြောင်း စုံစမ်းသိရှိရသဖြင့် ဖေဖော်ဝါရီ ၂၅ ရက်တွင် ၎င်း၏နေအိမ်သို့ သွားရောက်စုံစမ်းရာ မင်းသူ(ခ)အောင်မင်းစိုး(ခ)မင်းသူနိုင်မှာ ဖေဖော်ဝါရီ ၂၁ ရက် ည ၁၁ နာရီတွင် မန္တလာမင်းအမြန်ယာဉ်ဖြင့် နေပြည်တော်သို့ ထွက်ခွာသွားကြောင်း၊ ၎င်းသည် ကာလတန်ဖိုးငွေကျပ် (၁၅)သိန်းခန့်ရှိ ကျောက်နီလက်စွပ် (၁)ကွင်းနှင့် ငါးရိုးဆစ်ပုံရွှေဆွဲကြိုး (၁)ကုံးတို့အား လှိုင်သာယာမြို့နယ်၊ မီးခွက်ဈေးရှိ ပုဂ္ဂလိကအပေါင်ဆိုင်တွင် ပေါင်နှံထားကြောင်း သိရှိရသဖြင့် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူ ဒေါ်မြင့်မြင့်သန်း ဝတ်ဆင်ခဲ့သော ပစ္စည်းများဖြစ်ကြောင်း သိရှိရ၍ ရရှိသတင်းအပေါ် မျက်ခြေပြတ်မခံဘဲ လိုက်လံစုံစမ်းဖမ်းဆီးရာ ၎င်း၏ရည်းစားဖြစ်သူ ငှားရမ်းနေထိုင်သော ပုဗ္ဗသီရိမြို့နယ်၊ ရတနာဒီပရပ်ကွက်၊ သစ်ခွလမ်း၊ အမှတ်(၁၅၁၈) နေအိမ်ရှေ့တွင် ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ မင်းသူ(ခ)အောင်မင်းစိုး(ခ)မင်းသူနိုင်ကို အမှုဖြင့် အသေးစိတ်တိုက်ဆိုင်စစ်ဆေးခဲ့ရာ ၎င်းသည် ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၁၀ နာရီတွင် အခင်းဖြစ်နေအိမ်၌ တံခါးလက်ကိုင်ကွင်း သွားရောက်တပ်ဆင်ပေးခဲ့ကြောင်း၊ သေဆုံးသူ ဒေါ်မြင့်မြင့်သန်းမှ ၎င်းအား ‘‘လက်ကိုင်ကွင်းတပ်တာ ကြာတယ်၊ အသုံးမကျဘူး” ဟု ပြောဆိုသဖြင့် စိတ်ဆိုးဒေါသဖြစ်ပြီး အပြန်အလှန်စကားများခဲ့ကြကြောင်း၊ ထို့နောက် တံခါးအနီးတွင်တွေ့ရှိသော ဝါးဆစ်ပိတ်တုတ်ဖြင့် ဒေါ်မြင့်မြင့်သန်း၏ ဦးခေါင်းအား(၁)ချက်၊ လည်ပင်းအား (၂)ချက်ရိုက်၍ ပက်လက်လန်လဲကျသွားကြောင်း၊ ထို့နောက် ဒေါ်မြင့်မြင့်သန်း၏ ခန္ဓာကိုယ်တွင် ဝတ်ဆင်ထားသည့် ရွှေလက်ကောက်(၁)ကွင်း၊ ကျောက်နီပါ ရွှေလက်စွပ်(၁)ကွင်း၊ ကျောက်နီနားကပ်(၁)ရံ၊ ရွှေဆွဲကြိုး(၁)ကုံးနှင့် Mi အမျိုးအစား ဖုန်း(၁)လုံးတို့အား ဖြုတ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အမှုမှသက်သေခံပစ္စည်းများ သိမ်းဆည်းရရှိပြီးဖြစ်၍ ၎င်းအား ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
MDN


