ရန်ကုန်  ၇   ဖေဖော်ဝါရီ

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပင်လုံလမ်းမပေါ်ရှိ CB Bank တွင် ယနေ့နံနက် ၉ နာရီ ၁၅ မိနစ် အချိန်က လုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ယင်းဘဏ်တွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော ဦးသော်ဇင်အား အမျိုးသားတစ်ဦးမှ သေနတ်နှင့် ထောက်၍ ဘဏ်အတွင်းသို့ဝင်ရောက်ခဲ့ပြီး ကောင်တာရှိ ဒေါ်သက်မွန်အေး (အငယ်တန်းစာရေး)ကို ထပ်မံ သေနတ်ဖြင့်ချိန်ကာ ငွေကျပ် သိန်း ၆၀ဝ ယူဆောင်သွားခဲ့ခြင်း ဖြစ်သည်။ထို့ပြင် ဘဏ်အတွင်း၌ မိုင်း(၂)လုံး ထောင်ခဲ့ပြီး အငှားယာဉ်ဖြင့် ဘဏ်အရှေ့မှ   ၃၅ ရပ်ကွက်၊ အဏ္ဏဝါလမ်းအတိုင်း ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းနေရာသို့ နယ်/လုံဝန်ကြီး၊ တိုင်းရဲတပ်ဖွဲ့မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဗုံးရှင်းလင်းရေး တပ်ဖွဲ့ဝင်များ၊ BE တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ သွားရောက်၍ ဘဏ်အတွင်းရှိ မိုင်း(၂)လုံးအား ၁၁ နာရီ ၅ မိနစ်အချိန်တွင် သက်မဲ့ပြုလုပ်ဆောင်ရွက်ပြီး စစ်ဆေးရာ မိုင်းနှင့်အတူ တပ်ဆင်ထားသော ကီးပတ်ဖုန်း ဆင်းကတ်မပါ၊ မိုင်းအတုဟု ယူဆရသော ကော်ပိုက်အတွင်း ယမ်းပါဝင်မှုမတွေ့ရှိရဘဲ ဝါယာကြိုးကော်ပိုက်များဖြင့် တပ်ဆင်ထားကြောင်း တွေ့ရှိရသဖြင့် မိုင်းတုဖြစ်ကြောင်း သတ်မှတ်ခဲ့သည်။

 

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဘဏ်ပတ်ဝန်းကျင်အနီးတစ်ဝိုက်၌ ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေး ဆောင်ရွက်လျက်ရှိပြီး ပြစ်မှုကျူးလွန်သူအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှ ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

 

ခင်ယုမွန်(ပြန်/ဆက်)