ကျောက်ပန်းတောင်း ၁၀ ဧပြီ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ်တွင် ဒေသန္တရလေ့လာရေး ရောက်ရှိနေသည့်၊ ဒဂုံတက္ကသိုလ်မှ ဒုတိယနှစ်ဘူမိဗေဒ အထူးပြုကျောင်းသားများနှင့် တောင်ကလပ်ငြိမ်းချမ်းရေး ပရဟိတ အမှိုက်ကောက်အဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက်(၇)နာရီက တောင်ကလပ်ဝန်းကျင် သန့်ရှင်းရေးတွက် စုပေါင်းအမှိုက်ကောက်ခဲ့ကြကြောင်း သိရသည်။
ရန်ကုန်မြို့ ဒဂုံတက္ကသိုလ် ဘူမိဗေဒဌာနမှ ကထိက ဒေါက်တာသန့်ဇင်နှင့် ဒေါ်အေးအေးမင်း (သရုပ်ပြ) တို့ဦးစီးသည့် ဒုတိယနှစ် ဘူမိဗေဒ အထူးပြုကျောင်းသား/ ကျောင်းသူ (၃၆) ဦးတို့နှင့် တောင်ကလပ် ငြိမ်းချမ်းရေးအမှိုက် ကောက်အဖွဲ့မှ ဥက္ကဋ္ဌ ဦးပြည့်ဖြိုးအောင် ပါအဖွဲ့ဝင် (၁၀) ဦး ပူးပေါင်း၍ စုစုပေါင်း (၄၆) ဦးတို့သည် တောင်ကလပ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေးနှင့် ရပ်နီး/ရပ်ဝေး ခရီးသွားပြည်သူများ စိတ်အေးချမ်းသာယာစွာ အပန်းဖြေ အနားယူနိုင်ရေးအတွက် ယနေ့ နံနက် (၇) နာရီမှစတင်ကာ ပုပ္ပား-တောင်ကလပ်ကားလမ်း ရွှေဝန်းခြံမှ တောင်ကလပ်အခြေ အထိလည်းကောင်း၊ ရွှေဂူချောင် ကျောင်းတိုက်ဝန်းကျင်နှင့် ပတ္တမြားစောင်းတန်း၊ ကုမာရ ရာမတိုက် ကျောင်းဝန်းကျင်တို့တွင်လည်းကောင်း၊ စွန်ပစ် အမှိုက်များနှင့် ပလတ်စတစ်စများကို လိုက်လံကောက်ယူသိမ်းဆည်းကြပြီး အဖွဲ့ပိုင်အမှိုက်ကားဖြင့် ဗျတ္တပန်းဆက်လမ်းအနီး သတ်မှတ်နေရာတွင် သွားရောက်စွန့်ပစ်ခြင်းများကို နံနက် (၁၁) နာရီအထိ အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်ဆက်)


