ပွင့်ဖြူ ၂၇ မတ်
ဓာတုလွတ်တန်ဖိုးမြှင့်သီးနှံ (ဆန်းစပါး)ထုတ်လုပ်ခြင်းနှင့် ဈေးကွက်ဖော်ဆောင်ခြင်း စီမံကိန်း ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့ရှိ စိန်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ဦးခင်မောင်ဝင်းက တောင်သူဝင်ငွေ အကျိုးအမြတ် ပိုမိုရရှိနိုင်ရန်နှင့် ဘေးအန္တရာယ်ကင်းဝေးသည့် ဓာတုလွတ် တန်ဖိုးမြှင့်သီးနှံများ ပိုမိုစိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်သွားရန် နည်းလမ်းများနှင့် စပ်လျဉ်းပြီး တောင်သူများအား အသေးစိတ် ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် ပွင့်ဖြူမြို့နယ် အော်ဂဲနစ်စိုက်ပျိုးရေးနှင့် တောင်သူ့ရေးရာ ဖွံ့ဖြိုးရေးအစုအဖွဲ့မှဥက္ကဋ္ဌ ဦးစိုးနိုင်က ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် မြို့နယ်အတွင်းရှိ တောင်သူများ သီးနှံစိုက်ပျိုးရာတွင် ဈေးကွက်ကောင်းမွန်သော ဓာတုလွတ် အော်ဂဲနစ်သီးနှံ စိုက်ပျိုးနည်းစနစ်များ တွင်ကျယ်စွာ စိုက်ပျိုးလုပ်ကိုင် ဆောင်ရွက်သွားကြရန် ရှင်းလင်းဆွေးနွေး ပြောကြားသည်။
အခမ်းအနားတွင် တက်ရောက်လာသည့် ဒေသခံတောင်သူများက သီးနှံစိုက်ပျိုးရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် ဈေးကွက်ဝင် အော်ဂဲနစ်သီးနှံ (ဆန်စပါး) စိုက်ပျိုးနည်းဆိုင်ရာ နည်းစနစ်များနှင့် ဈေးကွက်ချိတ်ဆက်မှု ကဏ္ဍများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ဦးခင်မောင်ဝင်းက ဘေးအန္တရာယ် ကင်းဝေးသည့် အော်ဂဲနစ်သီးနှံ စိုက်ပျိုးနည်းနှင့် ဈေးကွက်ချိတ်ဆက်ဆောင်ရွက်ရန် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲကို ပွင့်ဖြူမြို့နယ် အော်ဂဲနစ်စိုက်ပျိုးရေးနှင့် တောင်သူ့ရေးရာ ဖွံ့ဖြိုးရေးအစုအဖွဲ့မှ ကြီးမှူးကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


