ဓမ္မနှင့် အဓမ္မတို့၏ လွန်ပွဲ

၂၇ ဒီဇင်ဘာ

မကောင်းမှုပြုရမည်ကို ရှက်ခြင်း၊ မကောင်းမှုပြုရမည်ကို ကြောက်ခြင်း ဟူသည် လောကကို စောင့်ရှောက်ခြင်းမည်၏။ ကောင်းမှုပြုခြင်းနှင့် မကောင်းမှုပြုခြင်းဆိုသည်ကို ဓမ္မနှင့် အဓမ္မ အနေဖြင့် ခွဲခြားသတ်မှတ် ကြ၏။

တရားမျှတမှု၊ တရားနှင့်အညီ ဖြစ်မှုတို့ကို ဓမ္မဟုသတ်မှတ်ကာ မတရားမှု မမျှတမှု ကောက်ကျစ် စဉ်းလဲမှု၊ လိမ်လည်လှည့်ဖျားမှုနှင့် ကိုယ်ကျင့်သိက္ခာပျက်ယွင်းမှုတို့ကို အဓမ္မမှုဟု ခေါ်၏။ လူတို့သည် ကိုယ်ကျင့်သိက္ခာ ပျက်ယွင်းသည့်အခါ တရားမှုကိုလည်းမသိ၊ မတရားမှုကိုလည်း မသိ။ ထို့ပြင်တဝ တရားမှု၊ မတရားမှုကို သိသည့် တိုင်အောင် ကျင့်ဝတ်သိက္ခာဟူသည် စောင့်ထိန်းရမည်ဟူ၍ သဘော မထားသည့်အခါ လောကကို ပျက်စီးစေတော့သည်။

ကျင့်ဝတ်သိက္ခာ ကင်းမဲ့သူတို့သည် ကောင်းမှုဆိုသည်ကိုလည်း မသိတော့၊ မကောင်းမှုဆို သည်ကိုလည်း မသိတော့သည်မကကောင်းမှု၊ မကောင်းမှုဆိုသည်ကိုပင် သိလိုစိတ်၊ နားလည်ချင်စိတ် မရှိ ဖြစ်တော့သည်။

အရေးပါသော နိုင်ငံရေးခေါင်းဆောင်များကြား သို့မဟုတ် နိုင်ငံတည်ဆောက်ရေးအတွက် အရေးပါအရာ ရောက်ဆုံးဟု ဆိုရမည့် ပညာရှင်တို့ကြားတွင် ယင်းကဲ့သို့ ကျင့်ဝတ်သိက္ခာ ကင်းမဲ့ မှုများ ဖြစ်လာသည့်အခါ မတိုးတက် မဖွံ့ဖြိုးဆုံးသော တိုင်းပြည်၊ ဆင်းရဲ နွမ်းပါးဆုံးသော တိုင်းပြည် အဖြစ် နေရာရခဲ့သည်ကို အနီးစပ်ဆုံး သမိုင်းကို လေ့လာသင်ခန်းစာယူနိုင်ပါသည်။

နိုင်ငံရေးခေါင်းဆောင်ဟူသည် နိုင်ငံ့အရေးကိစ္စမှန်သမျှကို အဆုံးအဖြတ်ပေးနေရသူဖြစ်၏။ ပညာရှင်များဟူသည် ဆိုင်ရာဆိုင်ရာကိစ္စ မှန်သမျှအတွက် နိုင်ငံရေးခေါင်းဆောင်များ မှန်ကန်သော အဆုံးအဖြတ်များ ပေးနိုင်ရန်အတွက် အသင့်တော်ဆုံး၊ အထိရောက်ဆုံး အကြံဉာဏ်များကို ပေးရမည့်သူများ ဖြစ်ပေသည်။

 

ကျင့်ဝတ်သိက္ခာပျက်ပြားသူများသည် ဓမ္မကိုလည်းမသိ။ အဓမ္မ ကိုလည်းမသိ။ ဓမ္မကို လည်း ကောင်း၊ အဓမ္မကို လည်းကောင်း မသိချင်။

ထို့ထက်ပိုဆိုးလာသည်မှာ ပညာရှင်တို့သည် မိမိတို့၏ကျင့်ဝတ် သိက္ခာပျက်ပြားမှုကိုပင် မကောင်းမှု ဟူ၍မသိကြ။ ကောင်းမှုမကောင်းမှုကို ကွဲကွဲပြားပြားနားမလည်နိုင်တော့သလို ဖြစ်လာခြင်းပင် ဖြစ်သည်။ ကျင့်ဝတ်ပျက်ပြားခြင်းသည် မကောင်းမှုဖြစ်သည်ဟူ၍ သဘောမပေါက်။ မကောင်းမှုကို မကောင်းမှုဟူ၍ မမြင်ခြင်းသည် ကား အဆိုးဆုံးဖြစ်ပေမည်။ မကောင်းမှုကို မသိမမြင် နားမလည်ခြင်း သည် အဝိဇ္ဇာ။

ဤသို့ဖြင့် နိုင်ငံ၏ အရေးပါသောကိစ္စများကို အဆုံးအဖြတ် ပေးရမည့်သူများနှင့် ထိုအရေးကိစ္စ များအတွက် အကြံဉာဏ်ကောင်း များပေးရမည့် ပညာရှင်များသည် ကောင်းမှု၊ မကောင်းမှုကိုမျှ ခွဲခြား နိုင်စွမ်းမရှိသည့်အခါ အရာရာပျက်စီးဖို့ အကြောင်းပင်ဖြစ်ပေသည်။ အလွန်အင်မတန် အကျင့်သိက္ခာ ပျက်ပြား နေသူတို့သည် ကိုယ်ကျိုး စီးပွားအတွက်ဆိုလျှင် တရားမျှတမှုကို လည်းကောင်း သီလပျက်ယွင်း နေမှုတို့ကိုလည်းကောင်း မှန်မှန်ကန်ကန် နားမလည်နိုင်ဖြစ် နေတော့သည်။

ထိုရောအခါ နိုင်ငံကို အမှန်တကယ် တိုးတက်ဖွံ့ဖြိုးလိုသူတို့ နှင့် ကျင့်ဝတ်သိက္ခာ ပျက်ယွင်း သူတို့ကြား တွင်ရှိသော ပဋိပက္ခတို့က ထင်ထင်ရှားရှား ပေါ်ပေါက်လာလေသည်။ ယင်းသည် အကျင့်ပျက် လူတန်းစားတစ်စုနှင့်၎င်းတို့နှင့်သဘောထားမတူညီသော လူတန်းစား တစ်စုတို့၏ ပဋိပက္ခအသွင် ဆောင်နေတတ်၏။ လက်တွေ့ဘ၀သည်ကား လူတစ်စုနှင့် လူတစ်စုတို့ကြားရှိ ပဋိပက္ခမဟုတ်ဘဲ ဓမ္မနှင့် အဓမ္မတို့၏ ပဋိပက္ခဖြစ်သည်ဟု ရှုမြင်ကြရန်လိုပါမည်။

လောကသဘာဝအရ ယာယီအားဖြင့် မတရားမှုပြုသူတို့သည် တွင်ကျယ်နေတတ်သလိုရှိ တတ် သည်ဖြစ်သော်လည်း ရေရှည်တွင်အောင်မြင်ရိုးထုံးစံမရှိ။ နောက်ဆုံးတစ်နေ့တွင် ဓမ္မသည်သာ အနိုင် ရကြရစမြဲ ဖြစ်သည်ဟု ယုံကြည်သည့်အလျောက် ကျင့်ဝတ်ကိုစောင့်ထိန်းကြရန်၊ သီလကို မြဲမြဲကြရန်၊ မကောင်းမှုကို မပြုမိကြရန်၊ မတရားမှုကို ရှောင်ကြဉ်ကြကာ ဓမ္မကို မြဲမြဲ လက်ကိုင်ထားကြ ရန် နှိုးဆော် အပ်ပါသတည်း။ ။

မြန်မာ့အလင်း