ဓနုတိုင်းရင်းသားတို့၏ အိုးလုပ်ငန်း

ရှိန်းခန့်ဇော် (ပင်းတယ)

 

မြန်မာနိုင်ငံသည် တိုင်းရင်းသားများ ပေါင်းစုပြီး တည်ထောင်ထားသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ တိုင်းရင်းသားတိုင်းသည် မိမိတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းကြကာ စားဝတ်နေရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသကဲ့သို့ တိုင်းရင်းသား လူမျိုးအသီးသီးတွင် အခြားသော လုပ်ငန်းများဖြင့် အသက်မွေးကြသည်များလည်း ရှိ၏။ ထိုသို့သော တိုင်းရင်းသားတို့၏ အသက်မွေးမှုပြုရာတွင် လုပ်ငန်းမျိုးစုံ ရှိကြသည်မှာ အားလုံးအသိပင်ဖြစ်သည်။ သို့သော် တိုင်းရင်းသား လူမျိုးတစ်မျိုးနှင့်တစ်မျိုးသည် လုပ်ငန်းများ တူချင်တူလိမ့်မည်။ သို့သော် လုပ်ငန်းလုပ်ဆောင်ရာတွင် ဓလေ့များ မတူညီကြသည်များလည်း ရှိသည်။ ထိုသို့သော တိုင်းရင်းသားများထဲတွင် အမျိုးမျိုးသော လုပ်ငန်းများဖြင့် အသက်မွေး လုပ်ကိုင်နေကြသည့် ဓနုတိုင်းရင်းသားများလည်း အပါအဝင်ဖြစ်သည်။

 

ဓနုတိုင်းရင်းသားတို့သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသော်လည်း အခြားသော လုပ်ငန်းများစွာဖြင့် အသက်မွေးကြရာတွင် အိုးလုပ်ငန်းဖြင့် အသက်မွေးကြသူများလည်း အပါအဝင်ဖြစ်သည်။

 

ယခင်က ဓနုဒေသအိုးလုပ်ငန်း

 

ရှေးနှစ်ပေါင်းများစွာက ဓနုဒေသတစ်ခွင်တွင် အိုးလုပ်ငန်းကို တွင်ကျယ်စွာ လုပ်ကိုင်ခဲ့ကြပေသည်။ အိုးလုပ်ငန်းများကို ဓနုဒေသ ပင်းတယမြို့နယ်ရှိ ရေဖြူကျေးရွာနှင့် အော်ယောရပ်ကွက်တွင် ဆယ့်နှစ်လရာသီမပျက် တွင်ကျယ်စွာ လုပ်ကိုင်ခဲ့ကြသည်။ အိုးလုပ်ငန်းများကို ဓနုဒေသ ပင်းတယမြို့နယ် ရေဖြူ ကျေးရွာတွင် ဦးစွာပထမ လုပ်ကိုင်ခဲ့ကြခြင်းဖြစ်သည်။ ထိုသို့သော အိုးလုပ်ငန်းများကို ရေဖြူကျေးရွာတွင် အိမ်တိုင်းလိုလိုပင် အသက်မွေးခြင်းအတွက် လုပ်ငန်းတစ်ရပ်အဖြစ် လုပ်ကိုင်ခဲ့ကြသည်။ ရေဖြူကျေးရွာမှ ထွက်ရှိလာသော အိုးများကို ဓနုဒေသတစ်ခွင်နှင့် တောင်ကြီး၊ မန္တလေး စသောမြို့ကြီးများအထိ တွင်ကျယ်စွာ တင်ပို့နိုင်ခဲ့သော်လည်း မြန်မာနိုင်ငံတွင် အိုးလုပ်ငန်းများ တွင်ကျယ်လာသည်နှင့်အမျှ ရေဖြူကျေးရွာရှိ အိုးလုပ်ငန်းမှာ တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့ရသည်။ သို့သော် ထိုသို့သောရေဖြူကျေးရွာရှိ အိုးများကို ဝယ်ယူအသုံးပြုခဲ့သော ဓနုဒေသ ပင်းတယမြို့ အော်ယောရပ်ကွက်မှ လက်ဆင့်ကမ်းအမွေအဖြစ် ဆက်လက်ထိန်းသိမ်း ထားနိုင်ခဲ့သည်ဟု ဆိုရပေမည်။

 

ပင်းတယမြို့ရှိ အော်ယောရပ်ကွက်သည် ယခင်ကပင် ရေဖြူကျေးရွာမှ ပြုလုပ်သော အိုးအမျိုးမျိုးကို ဝယ်ယူအသုံးပြုခဲ့ကြသည်။ သို့သော်လည်း အိုးလုပ်ငန်းများကို အော်ယောရပ်ကွက်အထိ သယ်ဆောင်လုပ်ကိုင်ခဲ့ကြပေသည်။ လွန်ခဲ့သော နှစ်လေးဆယ်မှစတင်ပြီး ရေဖြူကျေးရွာတွင် အိုးလုပ်ငန်းများ ပျောက်ကွယ်သွားခဲ့သည်။ သို့သော် ရေဖြူကျေးရွာမှ ပြုလုပ်သောအိုးများကို အော်ယောရပ်ကွက်တွင် လက်ရှိအချိန်အထိ အသုံးပြုနေကြသည်ကို တွေ့မြင်နိုင်ပေသည်။ အော်ယောရပ်ကွက်သည် ရေဖြူကျေးရွာနှင့် လက်တွဲကာ အိုးများကို အသက်မွေးမှု လုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်ခဲ့ကြသော်လည်း ရေဖြူကျေးရွာတွင် အိုးလုပ်ငန်းများ ပျောက်ကွယ်သွားခဲ့ပေသည်။ သို့သော် ယနေ့အထိ ဆက်လက် ထိန်းသိမ်းထားနိုင်သည့် အော်ယောရပ်ကွက်မှ အိုးလုပ်ငန်းသည် ဓနုဒေသရှိ အော်ယောအိုးဟု နာမည်ရလေသည်။

 

mdn

 

လက်ရှိ အော်ယောအိုး

 

အော်ယောရပ်ကွက်သည် ပင်းတယမြို့အတွင်းရှိ ၁၂ ရပ်ကွက်တွင် တစ်ရပ်ကွက် အပါအဝင်ဖြစ်သည်။ အောင်ပန်းဘက်မှ ပင်းတယဘက်သို့ လာမည်ဆိုလျှင် မြို့အဝင် ပင့်ကူရုပ်ကြီးနှင့်အတူ ဦးစွာပထမတွေ့မြင်ရသည့် ဓနုမင်းသား ကုမ္မာဘယသည် နတ်သမီးခုနစ်ဖော် ဂူအတွင်းမှ အော်သံကိုကြားသဖြင့် အော်ကြားဟု ခေါ်တွင်ရာမှ အော်ယောဟု အမည်တွင်လေသည့် ရာဇဝင်များ တည်ရှိသည့် ရပ်ကွက်တစ်ခုဟု ဆိုနိုင်ပေသည်။

 

အော်ယောရပ်ကွက်တွင် စိုက်ပျိုးရေးလုပ်ကိုင်သူများရှိသကဲ့သို့ အခြားသော စီးပွားရေးဖြင့် အသက်မွေးဝမ်းကျောင်းပြုကာ လူအများစုပေါင်း နေထိုင်ကြသည်။ ထိုသို့သော အသက်မွေးဝမ်းကျောင်း ပြုရာတွင် အော်ယော ရပ်ကွက်တွင် ရှေးနှစ်ပေါင်းများစွာကတည်းက လုပ်ကိုင်ခဲ့ကြသော လုပ်ငန်းတစ်ခုဖြစ်သည့် အိုးလုပ်ငန်းသည်လည်း ရိုးရာအမွေတစ်ခုပင် ဖြစ်သည်။ အော်ယောရပ်ကွက်သည် ရှေးယခင်ကတည်းက အိုးလုပ်ငန်းများကို အိမ်တိုင်းလိုလိုပင် တွင်ကျယ်စွာ လုပ်ကိုင်ခဲ့ကြသည်။ ဓနုဒေသတစ်ခွင်နှင့် အခြားသော မြို့များသို့လည်း တင်ပို့ ရောင်းချနိုင်ခဲ့ကြသည်။ လက်ရှိအချိန်တွင် အော်ယော ရပ်ကွက်တွင် အိုးလုပ်ငန်းလုပ်ကိုင်သူ မိသားစု ငါးစုမျှသာ ရှိတော့သည်။

 

မြန်မာတို့၏ ရိုးရာအစဉ်အလာအရ ကျင်းပကြသော ပွဲလမ်းသဘင်များကို လိုက်၍လည်း ရောင်းအား မူတည်ပေသည်။ မြန်မာ့နှစ်သစ်ကူး အချိန်အခါများတွင် တာအိုးများ လှူဒါန်းကြသဖြင့် ရေအိုးနှင့် ရေချမ်းအိုးများမှာ တန်ခူးလတွင် အရောင်းကောင်းဆုံးဖြစ်ပြီး ဝါဆို၊ ဝါခေါင်၊ တော်သလင်း၊ သီတင်းကျွတ်နှင့် တန်ဆောင်မုန်းလများတွင် မီးထွန်းပွဲများ ကျင်းပကြသဖြင့် ဆီမီးခွက်များ၊ အမွှေးတိုင်ခွက်များ၊ ရေချမ်းအိုးများ၊ ဆွမ်းတော်အုပ်များ အရောင်းသွက်လှပေသည်။

 

တပေါင်းလတွင် ကျင်းပသော သဲပုံစေတီပွဲများတွင်လည်း ထိုသို့သော ဆီမီးခွက်များ၊ အမွှေးတိုင်ခွက်များ၊ ရေချမ်းအိုးများ၊ ဆွမ်းတော်အုပ်များ အရောင်း သွက်လှပေသည်။

 

ပွဲလမ်းသဘင်များတွင် ရောင်းချသည့် မြေဖြင့်ပြုလုပ်ထားသည့် ထမင်းအိုး၊ ဟင်းအိုး၊ လက်ဖက်ရည်အိုး၊ လက်ဖက်ရည်ပန်းကန်၊ ရေချမ်းအိုး၊ ရေအိုး၊ လင်ပန်း၊ ငရုတ်ဆုံ၊ ရေတကောင်းအိုး စသည့်အိုးပုတ်များကို ဝယ်ကြ ပြန်သည်။ အချို့သောဒေသများ၌ သီတင်းကျွတ်လတွင် နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်အား ဆွမ်း၊ ခဲဖွယ်များကို သပိတ်များဖြင့်ထည့်ကာ ပူဇော်ကပ်လှူခြင်းမျိုး မဟုတ်ဘဲ မြေအိုးမြေခွက်များတွင်ထည့်ကာ ကပ်လှူကြသည်။ ထိုသို့ ကပ်လှူထားသည့် ဆွမ်း၊ ခဲဖွယ်နှင့် အောက်ခံအိုး၊ ခွက်များကို မိမိတို့၏ စိုက်ပျိုးရေးပြုလုပ်သော မြေယာတွင် မြှုပ်နှံလေ့ရှိကြသဖြင့် အချို့သော အရပ်ဒေသများက သီတင်းကျွတ်လများတွင် အိုးများကို ထောင်ပြည့်အိုး၊ ရာပြည့်အိုး စသည်ဖြင့် မှာယူကြသည်များလည်းရှိသည်။

 

အော်ယောအိုး ပြုလုပ်ပုံအဆင့်ဆင့်

 

အော်ယောအိုးများသည် မြေနှစ်မျိုးကို ရောစပ်လုပ်ကိုင်ရသည်။ မြေနှစ်မျိုးမှာ မြေဖြူ (အဝါရောင် အနည်းငယ်သန်းသည့်မြေ)နှင့် မြေနီကို ရောစပ်အသုံးပြုရသည်။ ထိုသို့သော မြေနီများကို အော်ယောရပ်ကွက် တောင်ဘက်တွင်ရှိသော အိုးလုပ်၍ရသောမြေများရှိသဖြင့် အိုးတွင်းကုန်းဟု ခေါ်တွင်ကြသည့် တောင်ကုန်းမှ သွားရောက်တူးယူကြရသည်။ မြေနီတွင် သဲအနည်းငယ်ပါသည်။ သို့သော် အိုးလုပ်ရန်အတွက် ထိုမြေကို ထုချေရသည်။ ထုချေလိုက်သည့်အတွက် ပါလာသောသဲများကို ဖယ်ထုတ်ရသည်။ သဲများပါလျှင် အိုးရိုက်သည့်အခါ ကွဲထွက်လာတတ်သောကြောင့် ဖြစ်သည်။ မြေနီကို ထုချေပြီး လုံးဝအမှုန့် ဖြစ်သွားမှ ဆန်ခါဖြင့်ချရသည်။ ထိုသို့ ဆန်ခါဖြင့်ချရာတွင် ထွက်လာသော အမှုန့်များကိုသာ အသုံးပြုရပြီး အကြမ်းများကို အိုးဖုတ်ရာတွင် နောက်ဆုံးအဆင့်ဖြစ်သည့် မြေချဉ်သုတ်လိမ်းရာတွင် အသုံးပြုသည်။

 

မြေဖြူများကို ပင်းတယမြို့ မြောက်ဘက်အထွက်ရှိ မြောက်ကျောင်းကြီး ချောင်းထဲတွင် တူးယူရသည်။ မြေဖြူများသည် မထုချေရသေးသော်လည်း သဲများ ပါ၊ မပါ သိရှိနိုင်သည်။ မြေဖြူများသည် မြေကြီးအတွင်းဘက်တွင် တည်ရှိသဖြင့် သဲများပါရန် အလွန်ခဲယဉ်းပေသည်။ မြေဖြူများကို မြေနီကဲ့သို့ အမှုန့်ဖြစ်သည်အထိ ထုချေရန်မလိုပေ။ သဲများသန့်စင်ပြီး အတုံးငယ်ကလေးများ ဖြစ်လာလျှင် အမှုန့်ဖြစ်အောင် ပြုလုပ်ထားသော မြေနီမှုန့်ဖြင့် သမအောင် မွှေနှောက်ကာ ရေဖြင့်နှပ်ထားရသည်။

 

ရေဖြင့်နှပ်ထားပြီး နူးနပ်ပြီဟု ထင်ရသည့်အချိန်တွင် ထိုသို့လုပ်ထားသော မြေများကို ပျော့ပျောင်းလာသည်အထိ ခြေထောက်ဖြင့် သမအောင် နှင်းနယ်ပေးရသည်။ မြေများ စေးလာသည့်အချိန်တွင် ပျဉ်ပြားတစ်ခုပေါ်တွင် ထိုမြေများကို ဖုအုံပြီး မိုးကာစဖြင့် အုပ်ထားကာ မိမိတို့လိုအပ်သော အိုးကိုပြုလုပ်နိုင်ပြီ ဖြစ်သည်။ ထိုသို့ပြုလုပ်ရာတွင် သစ်သားချောင်းတစ်ခုကိုချွန်ပြီး မြေတွင်မြှုပ်ထားသည့် အောက်ခံတိုင်တစ်ခုရှိသည်။ အချွန်ကိုမြေပေါ်တွင် ဖော်၍မြှုပ်ရသည်။ ထိုသို့အချွန်တွင် စွပ်ရန်အတွက် လက်ကိုင်နှစ်ဖက်ပါသော သစ်သားတုံးကို မိုးပြဲဒယ်အိုး၏ ဖင်ကဲ့သို့ ပြုလုပ်ကာ အပေါ်တွင် ညီညာနေစေရသည်။ ထိုသစ်သားတုံးအောက်တွင် အပေါက်တစ်ခု ပါရှိရမည်ဖြစ်ပြီး ထိုအပေါက်တွင် မြေတွင်မြှုပ်ထားသော အချွန်ကိုထည့်ကာ အလွယ်တကူ လှည့်နိုင်ရန်အတွက် အမဲဆီကို သုတ်လိမ်းထားရသည်။ ထိုသို့ပြုလုပ်ထားသော သစ်သားတုံးသည် လက်ဖြင့်လှည့်သည့်အခါ ဝှေ့နေသဖြင့် အိုးလုပ်ရာတွင် အလွယ်တကူပုံဖော်နိုင်သည်။ ထိုသို့သစ်သားဖြင့် ပြုလုပ်ထားသည့်အိုးလုပ်သည့် အရာကို အိုးလုပ်စက်ဟု ဒေသခံများက ခေါ်ဆိုကြသည်။

 

အိုးများကို မိမိလိုသလိုပြုလုပ်ပြီးနောက် နေလှန်းရသည်။ အချို့သောအိုးများမှာ နေလှန်းပြီးသည်နှင့် အဆင့်ဆင့် ပြန်ကိုင်ရသည်များလည်း ရှိသည်။ အချို့သော အိုးများမှာ အနည်းငယ် ခြောက်သွေ့လာမှ ရိုက်ရသည်များလည်း ရှိသည်။ အိုးရိုက်ရာတွင်လည်း အတွင်းဘက်တွင် ချောမွတ်နေသော သစ်သားတုံးတစ်ခုကိုခံပြီး မိမိတို့လိုအပ်သော ပန်းခက်နှင့် အလှအပများကို ဖန်တီးကြရသည်။ ထို့နောက် အိုးများကို နေပူတွင် ခြောက်သည်အထိ ပြန်လှန်းရသည်။ အိုးများခြောက်လာလျှင် အိုးစိမ်းအဆင့် ပြီးဆုံးပြီဖြစ်သဖြင့် မီးဖုတ်ရတော့မည်။

 

mdn

 

မီးဖုတ်ရာတွင်လည်း တွင်းများဖြင့် ဖုတ်ခြင်းမျိုး မဟုတ်။ မြေကြီး၏ အပေါ်ယံအလွှာတွင်သာ ဖုတ်ခြင်းဖြစ်သည်။ ဦးစွာ မြေကြီးပေါ်တွင် မိမိဖုတ်မည့် အိုးအရေ အတွက်ပေါ်မူတည်၍ ခြောက်သွေ့သော ထင်းများကို ခပ်စိပ်စိပ် ဖြန့်ခင်းရသည်။ ဖြန့်ခင်းထားသော ထင်းများပေါ်တွင် အိုးများကို စနစ်တကျစီရသည်။ စီထားသော အိုးများ၏ ပတ်ပတ်လည်တွင် ထင်းများကို ဝန်းရံကာထောင်ထားရသည်။ ထို့နောက် ကောက်ရိုးများကို အုံလိုက်ရသည်။ ကောက်ရိုးများမရှိလျှင် ဝါးရွက်ခြောက်များကိုလည်း အသုံးပြုနိုင်သည်။ ကောက်ရိုးများကို အုံလိုက်ပြီးနောက် မြေချဉ်များကို အရည်ဖျော်ကာ ထိုကောက်ရိုးများတွင် သုတ်လိမ်းပေးရသည်။ ထိုသို့ သုတ်လိမ်းပေးခြင်းသည် အထဲတွင် လောင်ကျွမ်းနေသောမီးများ အပြင်သို့ မပျံ့လွင့်စေရန်အတွက်ဖြစ်သည်။ ထိုသို့မြေချဉ်များကိုသုတ်လိမ်း ပြီးသည်နှင့် မီးညှိရန်အတွက် ချိန်ထားသောနေရာမှ မီးများ စတင်လောင်ကျွမ်းစေပြီး မီးများတောက်လောင်ပြီးသည်နှင့် ထိုနေရာကိုလည်း မြေချဉ်ဖြင့် ပိတ်လိုက်ရမည်ဖြစ်သည်။ ထို့နောက် အိုးပျက်များဖြင့်လည်း ဖုတ်ထားသော မီးဖိုပေါ်တွင် စုအုံထားနိုင်သည်။ အတွင်းမှမီးများကို အိုးပျက်များက အပြင်သို့ မပျံ့လွင့်စေရန် ထိန်းသိမ်းပေးထားခြင်းကြောင့် ဖြစ်သည်။ မီးများ တဖြည်းဖြည်းဖြင့် လောင်ကျွမ်းနိုင်မှသာ ဖုတ်ထားသော အိုးများကျက်မည်ဖြစ်သည်။ အိုးများ ကျက်မှသာ တာရှည်ခံသော အိုးရမည်ဖြစ်သည်။ အိုးဖုတ်ရာတွင် အနည်းဆုံး ဆယ့်နှစ်နာရီခန့်ကို ရဲရဲနီသော မီးဖြင့် ဖုတ်ပြီးသည်နှင့် အိုးဖုတ်ခြင်းပြီးဆုံးသည်။ အိုးဖုတ်ရာမှ ထွက်ရှိလာသောပြာနှင့် မြေကျက်များကို သန့်စင်ပြီး မိမိတို့ စိုက်ပျိုးမြေများ ပြုပြင်ရာတွင်လည်း အသုံးပြုနိုင်သည်။

 

အိုးလုပ်ငန်းများ ဆက်လက်ထိန်းသိမ်းထား

 

အော်ယောရပ်ကွက်ရှိ အိုးလုပ်ငန်းများသည် ဓနုဒေသရှိ လုပ်ငန်းတစ်ခုဖြစ်သကဲ့သို့ ပြည်တွင်းသာမက ပြည်ပရှိ နိုင်ငံခြားသားများလည်း အလွန်စိတ်ဝင်စားသည့် လုပ်ငန်းတစ်ခုဖြစ်သည်။ အိုးလုပ်ငန်းများကို ရှေးယခင် ကတည်းက ပြုလုပ်ခဲ့ကြသော်လည်း လက်ရှိတွင် မိသားစု အနည်းငယ်သာ ပြုလုပ်ကြတော့သည့်အတွက် ဓနုဒေသအတွင်းရှိ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်ကြသည့် ဟိုတယ်၊ မိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များက ယခင်ကထက် ပိုမိုသတိပြုမိလာကြသည်။ ထို့ကြောင့် ပျောက်ကွယ်လုနီးပါးဖြစ်သော အိုးလုပ်ငန်း အခြေအနေမှာ ပြန်လည်၍ အားအင်ပြည့်ဖြိုးလာခဲ့ရသည်။ ယခု နောက်ပိုင်း စိုက်ပျိုးရေး လုပ်ငန်းများတွင် စိုက်ပျိုးသီးနှံများ ဈေးကွက်မရရှိမှုနှင့် ရာသီဥတု ပြောင်းလဲလာခြင်းကြောင့် အော်ယာရပ်ကွက်ရှိ အလုပ်သမားများအနေဖြင့် အိုးလုပ်ငန်းများဘက်သို့ ပြန်လည်ဦးတည်လာခဲ့ကြသည်။

 

လက်ရှိတွင်လည်း အိုးလုပ်ငန်းတွင် ဖောက်သည် များစွာရှိသကဲ့သို့ အိုးလုပ်ငန်းများကိုလည်း တိုးချဲ့ လုပ်ကိုင်လာကြသည်။ အိုးလုပ်ငန်းလုပ်ကိုင်သူများ ကလည်း မိမိတို့ဘိုးဘွားအမွေ၏ လုပ်ငန်းတစ်ရပ်ဖြစ်သောကြောင့် အလုပ်သမားများမှာ လုပ်ငန်းတစ်ခုကို တန်ဖိုးဖြတ်သလို ဖြစ်မည်ကို စိုးရိမ်ကြသောကြောင့် နေ့စားဖြင့် အလုပ်မလုပ်ကြဘဲ ကုန်ကြမ်းထုတ်သူများနှင့် အလုပ်သမားများသည် ထွက်လာသော ကုန်ချောများ၏ အရေအတွက်ကို တစ်ယောက်တစ်ဝက်ယူသည့် စနစ်ဖြင့်သာ အိုးလုပ်ငန်းကို ဆက်လက် လုပ်ကိုင်နေကြခြင်းဖြစ်သည်။ အိုးလုပ်ခြင်းကို စနစ်တကျသင်ကြားခြင်းမျိုး မဟုတ်ပေ။ အလုပ်လုပ်ရင်း ပညာသင်ရင်းဖြင့် နောင်လာနောက်သားများကို လက်ဆင့်ကမ်းအမွေအဖြစ် ပေးနေကြခြင်းသာ ဖြစ်သည်။

 

mdn

 

ဈေးကွက်များနှင့် ချိတ်ဆက်ဆောင်ရွက်

 

အော်ယောရပ်ကွက်မှ ထွက်ရှိလာသော အိုးအမျိုးမျိုးမှာ ဓနုဒေသအတွင်းရှိ ဟိုတယ်၊ မိုတယ်များနှင့် ခရီးသွား လုပ်ငန်းအချို့၏ အားကိုးအားထားရာ ဖြစ်သကဲ့သို့ ခရီးသွားလုပ်ငန်းများဖြင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ဈေးရောင်းပွဲများ၊ ကုန်စည်ပြပွဲများတွင်လည်း သွားရောက်ပြသကာ ချိတ်ဆက်ဆောင်ရွက်မှုများကို တွင်ကျယ်စွာ လုပ်ကိုင်လာကြသည်။ ပြည်တွင်း ပြည်ပခရီးသွားများက စိတ်ဝင်တစား ရှိကြသည်နှင့်အမျှ အိုးလုပ်ငန်း၏ အနာဂတ်ရေရှည် တည်တံ့ရေးကို မျှော်ကိုးနေကြသည့် အိုးလုပ်ငန်းရှင်များလည်း ရှိကြသည်။ လက်ရှိအချိန် အိုးများကို ဒီဇိုင်းအမျိုးမျိုး၊ အရောင်အသွေး စုံလင်စွာဖြင့် ပြုလုပ်လာကြကာ ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်လျက်ရှိသည်။

 

ဓနုတိုင်းရင်းသားများ၏ အသက်မွေးဝမ်းကျောင်းမှုအတွက် လုပ်ငန်းများစွာထဲမှ အိုးလုပ်ငန်းသည် အခြားသော နေရာဒေသရှိ အိုးလုပ်ငန်းများနှင့် ထုတ်ကုန်များ တူချင်မှတူလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ တိုင်းရင်းသားတိုင်း၏ ရိုးရာဓလေ့ဖြစ်သည့် လုပ်ငန်းအရပ်ရပ်သည် သမာအာဇီဝကျသည့် အလုပ်အကိုင်များ ဖြစ်သည်နှင့်အညီ ချစ်စရာဓလေ့ များဖြစ်ကြသည်။ ထို့ကြောင့် ဓနုဒေသရှိ အိုးလုပ်ငန်းသည်လည်း ဓနုတိုင်းရင်းသားတို့၏ လုပ်ငန်းတစ်ခုဖြစ်သကဲ့သို့ ဓနုဒေသတစ်ခွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက် တစ်လမ်းက အထောက်အကူပြုနေသော လုပ်ငန်းတစ်ခုပင်ဖြစ်သည်။ ထိုသို့သော လုပ်ငန်းများကို တန်ဖိုးထား ထိန်းသိမ်းကြရမည်မှာလည်း တိုင်းရင်းသားတိုင်း၏ တာဝန်တစ်ရပ်ပင်ဖြစ်သည်။ အခြားသော တိုင်းရင်းသား လူမျိုးများကလည်း မိမိတို့၏ရိုးရာ အမွေဖြစ်သည့် လုပ်ငန်းများနှင့်အတူ မိမိတို့၏ ယဉ်ကျေးမှု အမွေအနှစ်များကို လက်ဆင့်ကမ်း အမွေတစ်ခုအဖြစ် ထိန်းသိမ်းထားသင့်ပေသည်။ ။

 

ကြေးမုံ