လင်းညွန့်၊ ဓာတ်ပုံ- ပေါ်ဦး
Digital Yangon Application မိတ်ဆက် ပွဲအခမ်းအနားကို ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် မတ် ၂၅ ရက် ညနေ ၃ နာရီက ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှ ဒေါ်ကြည်ပြာတို့က အမှာစကားပြောကြား ကြသည်။
ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးက အမှာစကားပြောကြားရာတွင် “ကျွန်မတို့ ရန်ကုန်တိုင်းဒေသကြီးအနေနဲ့ e-government စနစ်ကို ဆောင်ရွက်နေတဲ့ ကိစ္စများစွာရှိပါတယ်။ များမကြာခင်မှာဘဲ အခုလို ရန်ကုန်တိုင်းဒေသကြီး မှာ ဆောင်ရွက်တဲ့ e-government မှာ ဘာတွေ ပြောင်းလဲထားပြီးပြီလဲ၊ ဘာတွေလုပ်ထားလဲ ဆိုတာကို ကဏ္ဍအလိုက် သတင်းစာရှင်းလင်း ပွဲတွေလုပ်ပြီး ရှင်းပြပေးသွားပါ့မယ်”ဟု ပြောသည်။
ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီမှ ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုချက်ဖြင့် စတင်ဆောင်ရွက်သည့် Digital Yangon Application ကို မြို့လယ် ဧရိယာတစ်ခုဖြစ်သည့် ကျောက်တံတားမြို့နယ်တွင် ရှေ့ပြေးအစီအစဉ်အဖြစ် စတင်အကောင် အထည်ဖော်ခြင်းဖြစ်သည်။
အဆိုပါစနစ်တွင် ပထမအဆင့်အနေဖြင့် အစိုးရမှ ပြည်သူများအား အသိပေးချင်သော သတင်းစကားများ၊ ကြော်ငြာချက်များ၊ ပြည်သူများ သိစေချင်သော ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို အစိုးရဘက်မှ ပြည်သူများအား အသိပေး၍ရပြီး ပြည်သူများမှ အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများအား သိစေချင်သော အကြောင်းအရာများ၊ သတင်းပေးပို့မှုများကို Digi- tal Yangon Application မှ အလွယ် တကူ အကြောင်းကြားနိုင်ပြီး သက်ဆိုင်ရာ ဌာနများ၏ တုံ့ပြန်မှုကိုလည်း ပြည်သူများဘက်မှ စောင့်ကြည့်နိုင်ကြောင်း သိရသည်။
တိုင်းဒေသကြီး အစိုးရအနေဖြင့်လည်း ပြည်သူများ၏ သတင်းပေးပို့မှုများ၊ အကြောင်းကြားချက်များကို တွေ့ရှိနေရသည့်အတွက် သက်ဆိုင်ရာဌာနများအနေဖြင့် ဖြေရှင်းမှု မရှိပါက လိုအပ်ချက်နှင့် အကူအညီပေးမှုများကို ပြုလုပ်နိုင်သည့်အတွက် အုပ်ချုပ်ရေးကဏ္ဍတွင် ထိရောက်မှု ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။ “ကျောက်တံတားမြို့နယ်မှာ ဒီနေ့ကစပြီး ပြည်သူတွေက စပြီးသတင်းပို့နိုင်တယ်။ အဲဒီ သတင်းပို့တာတွေကို သက်ဆိုင်ရာဌာနတွေက စပြီး အက်ရှင်ယူဆောင်ရွက်တာတွေ စလုပ်ပါမယ်။ ဒါလေးဟာ အဆင်ပြေချောမွေ့သွားမယ်ဆိုလို့ ရှိရင် ကျန်တဲ့မြို့နယ်တွေကိုလည်း တိုးချဲ့ ပြီး ဆောင်ရွက်သွားဖို့ ကျွန်တော်တို့ စီစဉ်ထားပါတယ်” ဟု ဒီဂျစ်တယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီအဖွဲ့ဝင် ဦးမြမိုးအောင်ကပြောသည်။ ပထမအဆင့်အနေဖြင့် မိမိမိုဘိုင်းဖုန်းကို အင်တာနက်ဖွင့်ကာ Play Store မှ Digital Yangon အမည်ဖြင့် App အား Install ပြုလုပ်ရမည်ဖြစ်သည်။ Digital Yangon App တွင် မိမိ၏ဖုန်းနံပါတ်အား ထည့်သွင်းရမည်ဖြစ်သည်။ ဆက်လက်၍ SMS Code အား Verified ပြုလုပ်ရန် ထည့်သွင်းပြီး အသုံးပြုသူ၏ အချက်အလက်များကို ဆက်လက် ထည့်သွင်းရမည်ဖြစ်သည်။ ထို့နောက် Digital Connect App အား စတင်အသုံးပြုနိုင်ပြီဖြစ်သည်။
“ ပြည်သူ့ဘက်က သတင်းပို့ချင်တယ်ဆိုရင် လောလောဆယ် ကျွန်တော်တို့ ချန်နယ်ငါးခု ဖွင့်ထားပေးတယ်။ အဲဒီအကြောင်းအရာ ငါးခုကို အကြောင်းကြားလို့ရတယ်။ အဲဒီသက်ဆိုင်တဲ့ အကြောင်းအရာကို ဖွင့်လိုက်မယ်။ ဖွင့်ပြီး ဓာတ်ပုံလေးရိုက်မယ်။ ပြင်ပေးပါဆိုပြီး အဲဒါလေး ပို့လိုက်တာနဲ့ ရန်ကုန်တိုင်းအစိုးရဆီလည်း ရောက်သွားပြီ၊ လွှတ်တော်ကိုယ်စားလှယ်ဆီလည်း ရောက်သွားမယ်၊ သက်ဆိုင်ရာဌာနဆီလည်း ရောက်သွားမယ်။ သက်ဆိုင်ရာဌာနကလည်း အကြောင်းပြန်မယ်။ သွားပြင်နေပါတယ် (သို့) ပြင်ပြီးသွားပါပြီ။ အဲဒါကိုလည်း မြင်နေရမယ်။ ပြည်သူက အဲဒီလိုမျိုးလေး အသုံးပြုလို့ရပါမယ်”ဟု ကော်မတီအဖွဲ့ဝင် ဦးမြမိုးအောင်က ဆက်လက်ပြောသည်။
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်တွင် ကနဦးစီမံချက်အဖြစ် မတ် ၂၅ ရက်နေ့တွင် စတင်အသုံးပြုနိုင်ပြီဖြစ်သော Digital Yangon App ၏ ချန်နယ်ငါးခုတွင် လမ်း၊ ပလက်ဖောင်း၊ ရေမြောင်းများ ပျက်စီးနေခြင်းနှင့် ပတ်သက်၍အကြောင်းကြားရန်၊ လျှပ်စစ်မီးအန္တရာယ် ဖြစ်ရပ်များနှင့်ပတ်သက်၍ အကြောင်းကြားရန်၊ စည်ပင်သာယာနယ်နိမိတ်အတွင်း အမှိုက်နှင့် သန်ရှင်းရေးကိစ္စရပ်များနှင့် ပတ်သက်၍ အကြောင်းကြားရန်၊ ယာဉ်အိုယာဉ်ဟောင်းများ ရပ်နားထားခြင်းနှင့် ပတ်သက်၍အကြောင်းကြားရန်၊ ရေပိုက်ပေါက်ခြင်းများနှင့် ပတ်သက်၍ အကြောင်းကြားရန်တို့ ပါဝင်သည်။
မြန်မာ့အလင်း


