ဒီးမော့ဆို  ၁  ဧပြီ    


ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများတွင် အထောက်အကူ ပြုနိုင်စေရန်အတွက် ပန်းရံ/ လက်သမား သင်တန်း(၁၁/၂၀၁၉) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ဒေါဘူးကူးကျေးရွာအုပ်စု ဒေါလျားလီကျေးရွာ ခန်းမဆောင်၌ကျင်းပရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို က တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးက "ပန်းရံ၊ လက်သမား အတတ်ပညာသည် မိမိတို့၏ အသက်မွေးဝမ်း ကျောင်းလုပ်ငန်း တစ်ခုအဖြစ် လုပ်ကိုင်ဆောင်ရွက်နိုင်သည့်အတွက် ကျေးရွာနေပြည်သူများ တတ်သင့် တတ်ထိုက်သော ပညာတစ်ခုဖြစ်ပြီး သင်တန်းတက်ရောက်မည့် ကျေးရွာပြည်သူ လူထုများကလည်း သင်တန်းမှပို့ချပေးသည့် အကြောင်းအရာများကို ကြိုးစားသင်ယူလေ့လာကြရန် လိုအပ်ကြောင်း" ပြောကြားသည်။ 

ဆက်လက်၍ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်သူအောင် က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးက တက်ရောက်လာကြသော ဒေသခံ ပြည်သူများအား မိမိကျေးရွာဖွံ့ဖြိုး တိုးတက်ရေးအတွက် တင်ပြလိုသည့် အကြောင်းအရာများကို တင်ပြဆွေးနွေးစေခဲ့ကြောင်း သိရသည်။ 


အဆိုပါ သင်တန်းသို့ ဒေါဘူးကူးကျေးရွာအုပ်စု အတွင်းရှိ ဒေါသဲ၊ စည်းလင်း၊ ဒေါပေါ်ကလဲ၊ ဒေါလျားလီ၊ ဒေါပီတနှင့် ကြာဖူးတောကျေးရွာတို့မှ ဒေသခံပြည်သူလူထု ၂၅ ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းနည်းပြဆရာ ဦးတော်နီ ဦးဆောင်၍ ပန်းရံ/ လက်သမားနှင့် ဆိုင်သော စာတွေ့လက်တွေ့များကို ဧပြီ ၁ ရက်မှ ၁၅ ရက်ထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


အခမ်းအနားသို့ ပြည်နယ်ဝန်ကြီး ဦးဘော့စ်ကို၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစဲရယ်သိန်းအောင်၊ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ဒေါဘူးကူးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူလူထုများ တက်ရောက်ကြသည်။
    

ရီရယ်(ဒီးမော့ဆို)