ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်

မြန်မာနိုင်ငံသည် နှစ်ပေါင်းထောင်ချီကာလကတည်းက တိုင်းရင်းသားညီအစ်ကိုမောင်နှမများ တစုတဝေးတည်း စုပေါင်းနေထိုင်လာသော ပြည်ထောင်စုနိုင်ငံဖြစ်သည်။ ရိုးသားဖြောင့်မတ်သော၊ စိတ်ထားဖြူစင်သော တိုင်းရင်းသားညီအစ်ကိုမောင်နှမများသည် မရှိအတူ၊ ရှိအတူ၊အေးအတူပူအမျှ အတူတကွစုပေါင်းလက်တွဲနေထိုင်ကြပြီး ပြည်ပရန်စွယ်အန္တရာယ်များကို အတူလက်တွဲကာကွယ်ကြသည့် သမိုင်းကြောင်းအစဉ်အလာ ရှိသည်။


ပြည်ထောင်စုသားတိုင်းရင်းသားများ မရှိအတူ၊ ရှိအတူ၊ အေးအတူပူအမျှဆိုကြသည့်အတိုင်း အခွင့်အရေးတူမျှ ရရှိခံစားနိုင်ရေးအတွက်လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလကတည်းက ရည်မှန်းချက်များထားရှိခဲ့ကြသည်။ သို့သော် တောင်ပေါ်၊ မြေပြန့် အလှမ်းကွာဝေးမှု၊ နယ်စပ်တောင်တန်းဒေသများတွင် မငြိမ်းချမ်းမှု၊ ခေတ်အဆက်ဆက် အားနည်းမှုများကြောင့် တန်းတူညီမျှသည့် အခွင့်အရေးများ တိုင်းရင်းသားပြည်သူများအပြည့်အဝ မရရှိကြသေးဟု ဆိုရမည်ဖြစ်သည်။


ထို့ကြောင့် တောင်ပေါ်၊ မြေပြန့်မခွဲခြားဘဲ ပြည်နယ်နှင့် တိုင်းဒေသကြီးများအားလုံး ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်နေသည်။ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ခံစားသင့်၊ ခံစားထိုက်သည့် အခွင့်အရေးများကို ဦးစားပေးပုံဖော်နေသည်။ အထူးသဖြင့်တိုင်းရင်းသားပြည်သူများအကြား နှစ်ပေါင်းများစွာခါးသီးစွာကြုံတွေ့ခဲ့ရသည့် မငြိမ်းချမ်းမှုများကို ပြေပျောက်စေရန် ကြိုးပမ်းအားထုတ်နေသည်။ အခက်အခဲများကို ကျော်လွှားလွန်မြောက်ပြီး ရလဒ်ကောင်းများရရှိနိုင်သည့် အဓိကရည်မှန်းချက်ပန်းတိုင်မှာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပန်းတိုင်ဖြစ်သည်။


နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ဇန်နဝါရီလ ၁၆ ရက်နေ့ကကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ်ခန်းမတွင် “မိမိတို့နိုင်ငံကို ‘ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်’အဖြစ် တည်ဆောက်မည်ဟု ခိုင်ခိုင်မာမာ သန္နိဋ္ဌာန်ချထားပါကြောင်း၊ ဒီမိုကရေစီနိုင်ငံတွင် နိုင်ငံသူနိုင်ငံသားအားလုံး သာတူညီမျှမှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု အခွင့်အရေးများရှိပါကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံဖြစ်သည့်အတွက် တိုင်းရင်းသားညီအစ်ကိုမောင်နှမများမပါဘဲ ပြည်ထောင်စုဟုပြော၍မရပါကြောင်း၊ ထို့ကြောင့်မိမိတို့နိုင်ငံကို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်မည်ဟု ပြောခြင်းဖြစ်ပါကြောင်း” ပြောကြားခဲ့သည်။


ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုသည် တိုင်းရင်းသားပြည်သူများလိုလားတောင့်တသော၊ မျှော်လင့်နေသော ပန်းတိုင်ဖြစ်သည်။ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်သည် တိုင်းရင်းသား ညီအစ်ကို မောင်နှမများစုစည်းနေထိုင်သော ဤတိုင်းပြည်နှင့် လျော်ကန်သင့်မြတ်သည့် ပန်းတိုင်ဖြစ်သည်။ ထိုနိုင်ငံတော်တွင် သာတူညီမျှမှု၊ တရားမျှတမှု၊တန်းတူညီမျှမှုအခွင့်အရေးများ ရရှိမည်ဖြစ်သည်။ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရန်အတွက် ယုံကြည်မှုတည်ဆောက်ရေး၊ ငြိမ်းချမ်းရေးတို့ကို မဖြစ်မနေတည်ဆောက်ရမည်ဖြစ်သည်။


ယခုအခါ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံတွင်ငြိမ်းချမ်းရေးအတွက် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား အဖွဲ့အစည်းများ အခြေခံမူများကို ညှိနှိုင်းဆွေးနွေးရယူနေသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တိုင်းရင်းသားများအားလုံး ပါဝင်ဆွေးနွေးအဖြေရှာခြင်းဖြင့် ပန်းတိုင်သို့တက်လှမ်းနိုင်ရေးဖြစ်သည်။ ဤသို့သောအချိန်အခါသမယတွင် ပြည်ထောင်စုသားအားလုံးမျှော်မှန်းထားသည့်၊ သန္နိဋ္ဌာန်ချထားသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော်ပန်းတိုင်နှင့် အလှမ်းဝေးစေမည့် အပြုအမူ၊ အပြောအဆို၊ လုပ်ဆောင်မှုများမပြုလုပ်မိဖို့ သတိမူကြရန် လိုအပ်ပေသည်။


သို့ဖြစ်ရာ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ စုပေါင်းလက်တွဲနေထိုင်ကြသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အဓိကပန်းတိုင်ဖြစ်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကြီး တည်ဆောက်ရေးအတွက် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကိုအလေးအနက်ထားပြီး ပန်းတိုင်သို့ ညီညီညွတ်ညွတ် တက်လှမ်းကြရန်တိုက်တွန်းပါသည်။ ။


ကြေးမုံ