ဒီပလိုမာစာရင်းကိုင် (ဒုတိယပိုင်း) အမှတ်စဉ် - ၄၂ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် မတ် ၁

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်နှင့် ရန်ကုန်တို့တွင် မြန်မာနိုင်ငံစာရင်းကောင်စီမှ ကြီးမှူးဖွင့်လှစ်သည့် ဒီပလိုမာစာရင်းကိုင် (ဒုတိယပိုင်း) အမှတ်စဉ်- ၄၂ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဉက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဉက္ကဋ္ဌ(၁) ဒေါ်နိုင်သက်ဦး၊ အမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများ တက်ရောက်ကြပြီး မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း၊ မြန်မာနိုင်ငံစာရင်းကောင်စီနှင့် ကိုယ်ပိုင်စာရင်း ကိုင်သင်တန်းကျောင်းတို့မှ တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများက Online ဖြင့် တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ်က စာရင်းပညာရပ်သည် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသည့် ပညာရပ်တစ်ခုဖြစ်ကြောင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးအနေဖြင့် ယခုကဲ့သို့ စာရင်းပညာရပ်ဆိုင်ရာ ဒီပလိုမာစာရင်း ကိုင်သင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်၍ အရေအတွက်သာမက အရည်အချင်းပြည့်ဝသည့် စာရင်းကျွမ်းကျင်သူများ မွေးထုတ်ပေးခြင်းဖြင့် စာရင်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်‌စေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဒီပလိုမာစာရင်းကိုင်သင်တန်းသည် စာရင်းပညာရှင်ဖြစ်လာစေမည့် ပထမခြေလှမ်းဖြစ်သဖြင့် စာရင်း ပညာရပ်ဆိုင်ရာ အခြေခံလိုအပ်ချက်များကို ကျွမ်းကျင်တတ်မြောက်အောင် အလေးထားလေ့လာ မှတ်သားသင်ယူကြရန် လိုအပ်ကြောင်း၊ သင်တန်းစည်းကမ်းများကို လေးစားလိုက်နာခြင်း၊ တိုးတက် ပြောင်းလဲနေသည့် စာရင်းပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးခြင်းတို့ဖြင့် နိုင်ငံနှင့် ဌာန၊ အဖွဲ့အစည်းများက အားထားရသည့် စာရင်းပညာရှင်များဖြစ်လာစေ‌ရေး  ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော် သင်တန်းကျောင်းတာဝန်ခံက သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်း ပြောကြားသည်။

 

ယခုဖွင့်လှစ်လိုက်သည့် သင်တန်းသို့ နေပြည်တော်သင်တန်းကျောင်းတွင် သင်တန်းသား(၄၂)ဦးနှင့် ရန်ကုန်သင်တန်းကျောင်းတွင် သင်တန်းသား (၂၆)ဦး စုစုပေါင်း သင်တန်းသား(၆၈)ဦးတို့ကို ဘာသာရပ် ၆ ခုဖြင့် (၁၀)လကြာ တစ်ပြိုင်တည်း ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)