နေပြည်တော် ၁၉ မတ်
ဒက္ခိဏသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ (၂၀၁၈-၂၀၁၉) ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် မြို့နယ်အတွင်းရှိကျေးရွာ ၁၀ ရွာ အနက်မှ ရွာမကျေးရွာအုပ်စု မြောက်ကျောင်းစုကျေးရွာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါ လမ်းသစ်ရှေ့၌ ကျင်းပသည်။
ရှေးဦးစွာ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်း က မြို့နယ်အတွင်းရှိ ကျေးရွာများအား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းကော်မတီအဖွဲ့ဝင် ဦးဟန်တင်ဦးက စီမံကိန်းလုပ်ငန်းများကို ကျေးရွာနေ ပြည်သူများ ကိုယ်တိုင်ကိုယ်ကျ ပါဝင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အခြေအနေများကို ရှင်းလင်းပြောကြား သည်။
ယင်းနောက် ကျေးရွာတွင်းကွန်ကရစ်လမ်းသစ်အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်း၊ နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးဝင်းနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကြည်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ယနေ့ဖွင့်လှစ်သည့် ကျေးရွာတွင်းကွန်ကရစ်လမ်းမှာ အရှည်(၆၈၂)ပေ၊ အကျယ်(၁၄)ပေ၊ ထု(၆)လက္မ ရှိပြီး ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ရန်ပုံငွေ ကျပ်သိန်း(၁၀ဝ)နှင့် ကျေးရွာနေပြည်သူလူထု၏ စုပေါင်းလုပ်အားဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဝင်း


