ရန်ကုန် ၁၂ ဧပြီ

 

မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ အများပြည်သူများ ပျော်ရွှင်အေးချမ်းစွာ ရေပက်ကစားနိုင်ရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆိုင်ကယ်စီးနင်းခြင်းကို တားမြစ်ကန့်သတ်ထားမည်ဖြစ်ပြီး ရပ်ကွက်/ကျေးရွာ အုပ်စုများအတွင်းရှိ ပြည်သူများအား သိရှိလိုက်နာစေရေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ယနေ့တွင် စည်းကမ်းချက်(၁၀)ချက် ပါဝင်သည့် ဒေသန္တရ အမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။

 

ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း ပါဝင်သော ဒလမြို့နယ်တွင် တရားဝင်ဆိုင်ကယ် စီးနင်းခွင့်ပြုထားသော်လည်း သင်္ကြန်ပွဲတော်ကာလအတွင်း ပြည်သူများ မော်တော်ဆိုင်ကယ်စီးနင်းခြင်းကြောင့် ယာဉ်မတော်တဆမှုများနှင့် အသက်အန္တရာယ်ရှိနိုင်သည့်အတွက် ဒေသခံပြည်သူများအား ဆိုင်ကယ်စီးနင်းခြင်းကို ကန့်သတ်တားမြစ်ခြင်းဖြစ်ကြောင်း စည်းကမ်းချက်များအား ဖောက်ဖျက်ပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့နောက် သင်္ကြန်ပွဲတော်ကာလအတွင်း ဒလမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအသီးသီးရှိ လမ်းဆုံ၊ လမ်းခွများနှင့် လမ်းမကြီးတစ်လျှောက်၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များကို လုံခြုံရေး တာဝန်ချထား၍ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် မြို့နယ်ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဒလမြို့နယ် မဟာသင်္ကြန်ပွဲတော် ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ်ကို ဗိုလ်ရန်ပြေရပ်ကွက် မှန်လုံကားဝင်းအတွင်း ကျင်းပသွားမည်ဖြစ်ပြီး မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများအလိုက် ဖျော်ဖြေရေး ယိမ်းအဖွဲ့များနှင့် ခေတ်ပေါ်သံစုံတီးဝိုင်းများ တီးခတ်၍ တေးသီချင်းများဖြင့် ဒေသခံပြည်သူများနှင့် ရေပက်ခံထွက်သူများအား ဖျော်ဖြေပေးသွားမည်ဖြစ်ရာ မည်သူမဆို ပျော်ရွှင်စေရန် စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

နိုင်လင်းကျော်(ဒလ)

 

mdn