ရန်ကုန် ၁၃ ဧပြီ
မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ် ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်စောမောင်နှင့် တာဝန်ရှိသူများက သင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး မြို့နယ်အတွင်းရှိ ယိမ်းအဖွဲ့များမှ ရိုးရာအကများဖြင့် ဖျော်ဖြေခဲ့ကြသည်။
နံနက်ပိုင်းက စတင်ပြီး ဒလမြို့နယ် ဗိုလ်ရန်ပြေရပ်ကွက် မှန်လုံကားဝင်းအတွင်းရှိ ဗဟိုမဏ္ဍပ်အတွင်း ခေတ်ပေါ်သံစုံတီးဝိုင်းများ တီးခတ်၍ တေးသီချင်းများဖြင့် ဖျော်ဖြေရေးအစီးအစဉ်များ စီစဉ်ကျင်းပခဲ့ရာ ဒေသခံပြည်သူများ ပျော်ရွှင်စွာ ရေပက်ခံကစားခဲ့ကြပြီး မှုခင်းများမဖြစ်ပွားစေရေး မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဝင်များက ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ- နိုင်လင်းကျော်(ဒလ)


