နေပြည်တော် ၁၉ ဧပြီ
Doing Business ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် ပတ်သက်သည့် တွေ့ဆုံ ဆွေးနွေးပွဲအား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် Ease of Doing Business Ranking တိုးတက်ရေးလုပ်ငန်းအဖွဲ့၊ အဖွဲ့ခေါင်းဆောင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် လွယ်ကူ အဆင်ပြေချောမွေ့ရေးအတွက် ကမ္ဘာ့ဘဏ်မှ နှစ်စဉ်ထုတ်ပြန်သည့် Ease of Doing Business အဆင့်သတ်မှတ်ချက်များတွင် မြန်မာနိုင်ငံမှ အဆင့်တိုးတက်ရရှိရေး အတွက် အားလုံးပူးပေါင်းဆောင်ရွက်နေကြခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၉ အတွက် မြန်မာနိုင်ငံ၏ အဆင့်မှာ ၁၇၁ ဖြစ်သဖြင့် ၂၀၂၀ အတွက် ကြိုတင်စိစစ်သည့် ကာလဖြစ်သော ယခု ဧပြီလအတွင်း ပြုပြင်ပြောင်းလဲမှုများကိုလည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခု ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး ၂၀၂၀ ခုနှစ်တွင် အဆင့် တိုးတက်ကောင်းမွန်ရေးအတွက် ဆက်စပ်သည့် ဌာနဆိုင်ရာအားလုံးမှ ပူပေါင်း ဆောင်ရွက်လျက် ရှိကြပါကြောင်း၊ ကမ္ဘာ့ဘဏ်အုပ်စုမှလည်းကောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှလည်းကောင်း ပူးပေါင်းကူညီဆောင်ရွက်ပေးကြကြောင်း၊ ကမ္ဘာ့ဘဏ် အဖွဲ့ချုပ်နှင့်လည်း တိုက်ရိုက်ချိတ်ဆက်ပြီး ရှင်းလင်းခဲ့ကြပြီးဖြစ်ပါကြောင်း၊ ပါဝင်သည့်လုပ်ငန်းစဉ် ၁၀ မျိုးတွင် အဆင့်များအားလုံး တိုးတက်ရေးအတွက် ပြုပြင်ရေးများကို ဆောင်ရွက်ထားကြသကဲ့သို့ ပြည်သူများအားလုံး သိရှိစေရန်လည်း Ease of Doing Business Website တစ်ခုကိုလည်း မကြာမီ ထုတ်လွှင့်တော့မည် ဖြစ်ကြောင်း စသဖြင့် ပြောကြားသည်။
ဆက်လက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် အညွှန်းကိန်းလုပ်ငန်းစဉ် ၁၀ မျိုးမှ တာဝန်ရှိသူများက အဆင့်တိုးတက်ရေး လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးကြသည်။
အဆိုပါအစည်းအဝေးသို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အထွေထွေ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုး၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းတို့နှင့် အခြားဆက်စပ်ဌာနဆိုင်ရာများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ကမ္ဘာ့ဘဏ်အုပ်စု၊ International Financial Corporation မှ ကိုယ်စားလှယ် ဒေါ်မင်းမင်းသန်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ အလုပ်အမှု ဆောင်အဖွဲ့ဝင် Zeyar & Associates Co. Ltd, မှ အမှုဆောင်အရာရှိချုပ် ဦးဇေယျသူရမွန်နှင့် ပုဂ္ဂလိကကဏ္ဍမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


