ဒုဌဝတီမြစ်သို့ အ‌ပူရှောင်ရန် လာရောက် ရေဆော့ကစားသည့် ဒေသခံရာနှင့်ချီရှိနေ


ရန်ကုန် မေ ၄
မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ တောင်ကိုင်းကျေးရွာအနီး ဒုဌဝတီမြစ်သို့ အ‌ပူရှောင်သည့်အနေဖြင့် လာရောက်၍ ရေဆော့ကစားသည့် ဒေသခံ ရာနှင့်ချီများပြားလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဒေသခံများထံကသိရသည်။

အဆိုပါ နေရာမှာ တောင်ကိုင်းကျေးရွာအနီး ဒုဌဝတီမြစ်ကမ်းတွင် တည်ရှိခြင်း ဖြစ်ကာမန္တလေးမြို့မှသွားရောက်မည်ဆိုပါက ၄၅ မိနစ်ခန့်ကြာမြင့်ပြီး စနေ၊ တနဂ်နွေရုံးပိတ်ရက်နှင့် အများပြည်သူရုံးပိတ်ရက် အချို့တွင် ရေလာရောက်ဆော့ကစားသူဦးမှာ (၃၀၀) မှ (၄၀၀) အစရှိသဖြင့် ရှိနေကာ၊ မန္တလေးမြို့အပြင် အနီးအနားပတ်ဝန်းကျင်ဒေသများမှ အပူရှောင်ရန်ရန်လာရောက်သူများပြားသည့် နေရာတစ်ခုလည်းဖြစ်ကြောင်းသိရသည်။
"ဒုဌဝတီမြစ်မှာ အပူရှောင်ရင်း မြစ်ထဲရေချိုးတဲ့သူတွေ တော်တော်များများရှိတယ်။ ရုံးပိတ်ရက်တွေဆို ပိုများတယ်။ အခုက နွေရာသီပူလွန်းတော့ အပူရှောင်ရင်းနဲ့ ရေသွားကစားကြတာပေါ့။ ကျွန်တော်တို့ မေလ ၁ ရက်နေ့ သွားခဲ့တဲ့နေ့ကဆိုရင် ရေလာကစားသူတွေ ၂၀၀၊ ၃၀၀ မကဘူး၊ များတယ်။ ကျန်တဲ့ရက်တွေလည်းရှိတာပေါ့နော်။ အများစုကတော့ မန်းလေးနဲ့ အနီးတဝိုက်ကလူတွေ လာတာများတယ်။ မန္တလေးမှာ အပူရှောင်တဲ့အနေနဲ့ ဒေသတွင်းအခြားကမ်းခြေတွေကိုလည်း သွားရောက်အပန်းဖြေကြတာတွေရှိပါတယ်" ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်‌ရေးအဖွဲ့- မန္တလေးတိုင်းဒေသကြီးကော်မတီက တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒုဌဝတီမြစ်ချောင်းတစ်လျှောက် မြစ်ရေမှာအေးစိမ့်နေပြီး တောင်ကျချောင်းဖြစ်၍ ရေတိမ်သည့်နေရာများရှိသကဲ့သို့ ရေနက်သည့်နေရာ‌များလည်းရှိ၍ ကလေးငယ်များ ခေါ်ဆောင်သွားပါက မိဘများအနေဖြင့်ဂရုစိုက်ရန်လိုအပ်ကြောင်းလည်း ၄င်းကဆိုသည်။ အဆိုပါမြစ်အနီး၌ အစားအသောက်ရောင်းချနေသည့် စားသောက်ဆိုင်များရှိပြီး မြစ်ကြောင်းတစ်လျှောက် စက်လှေစင်းလုံး၍ စီးမှုများလည်းရှိကြောင်းသိရသည်။
"မြစ်ကိုသွားမယ်ဆိုရင်‌တော့ ဝင်ကြေးကတော့မရှိဘူး။ ကားရပ်နားခတွေ‌ပေးရတယ်လို့တော့ သိရတယ်။ ပြီးတော့အဲဒီမှာဆိုင်တွေရှိတယ်" ဟု ဒေသခံတစ်ဦးကဆိုသည်။

ယခုနှစ်နွေရာသီ၌ အပူချိန်မြင့်မားမှုကြောင့် အေးချမ်း‌သည့်နေရာဒေသများသို့ သွားရောက်၍ အပူရှောင်မှုများလည်းရှိသလို ယခုနောက်ပိုင်းသစ်ပင်စိုက်ပျိုးရန် စိတ်ဝင်စားမှုရှိလာပြီး သစ်ပင်စိုက်ပျိုးရန် ပြင်ဆင်လှုပ်ရှားမှုများကိုလည်း မြင်တွေ့လာရသည်။
MT