ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန် အစည်းအဝေး ပထမနေ့ကျင်းပ

နေပြည်တော် ၂၁  ဇန်နဝါရီ

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန် အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

mdn

    

အစည်းအဝေးတွင် ကတိသစ္စာ မပြုရသေးသော တပ်မတော်သား အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်းများက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ရှေ့မှောက်၌ ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြသည်။

    

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် မိမိတို့၏ မဲဆန္ဒနယ်မြေ အသီးသီးတွင် မဲဆန္ဒရှင် ပြည်သူများ၏ အခက်အခဲများ၊ လိုလားချက်များ၊ တောင့်တချက်များ၊ နယ်မြေဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များစသည့် ပြည်သူများ၏အသံ၊ ပြည်သူများ၏ ဆန္ဒများကို နားထောင်ခဲ့ကြ၊ ကွင်းဆင်းလေ့လာခဲ့ကြပြီး ဖြစ်ကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း။

 

mdn

    

ထိုသို့ ပြည်သူများ၏ လိုလားချက်ဆန္ဒနှင့် အခက်အခဲများကို အကောင်အထည် ဖော်နိုင်ရေးအတွက် လွှတ်တော်အတွင်း မေးခွန်းမေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်း၊ ဥပဒေပြုခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ ကော်မတီများအလိုက် ဆောင်ရွက်ရမည့် ကော်မတီလုပ်ငန်းများနှင့် ဆက်စပ်၍ ဆောင်ရွက်သွားရန်လည်း လိုအပ်ပါကြောင်း။

    

ယင်းသို့ ဆောင်ရွက်ရာတွင် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားပြီး ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် ချမှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညိီ ဆောင်ရွက်ကြရမည်ဖြစ်သည့်အကြောင်း ပြောကြားရင်း ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့ ပြည့်စုံစွာဖြင့် မဲဆန္ဒရှင်ပြည်သူအများအကျိုး၊ နိုင်ငံ့အကျိုး သယ်ပိုးဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါကြောင်း ပြောကြားသည်။

    

ယင်းနောက် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးပြူးလွင် ၏ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့နယ်တွင် ကျေးရွာ (၉)ရွာ အသုံးပြုနိုင်မည့် ယောချောင်းတံတား (၁)စင်း ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း က ယောချောင်း ကူးတံတားသည် လမ်းအဆင့် သတ်မှတ်ချက်အရ Class (A) ဦးစားပေးအဆင့် (၁) လမ်း ပေါ်တွင် တည်ရှိသဖြင့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှု အပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

    

ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးစောစိန်ထွန်း ၏ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ချောင်းဘောင်ပေါ်ရှိ မြေသားလမ်း “ရွှေစိုးစံ ဆီဆိုင်ရှေ့မှ မြောင်းခွရေပေးမြောင်း မိုင်နာ (၁)အထိ (၄ ဒသမ ၃)မိုင်ရှည်သော လယ်ယာကုန်ထုတ် လမ်း” ကို မြေသားလမ်းမှ ကျောက်ချောလမ်းအဖြစ် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်လင်းက အဆိုပါ လမ်းကို မြေသားလမ်းမှ ကျောက်ချောလမ်းအဖြစ် ဖောက်လုပ်ခြင်းလုပ်ငန်းအား ကွင်းဆင်း တိုင်းတာတွက်ချက်၍ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထားသွားမည် ဖြစ်ပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

    

အလားတူ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးရဲမြင့်စိုး၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဝင်းမောင်နှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၄)မှ ဦးကျော်ကျော်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း တို့က ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

    

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူ အတည်ပြုကြောင်း ကြေညာသည်။

 

mdn

    

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အမျိုးသားလွှတ်တော်က အတည်ပြု ပြီးပေးပို့ထားသော စက်မှုဒီဇိုင်း မူပိုင်ခွင့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင် ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။

  

ယင်းနောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးသိန်းလွင် က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်လင်းသည်။

    

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အဆိုပါဥပဒေကြမ်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

    

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဇန်နဝါရီ ၂၂ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

အောင်ရဲသွင်