ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး  စတုတ္ထနေ့ ကျင်းပ

နေပြည်တော် ၈ မေ 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ယနေ့အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက ကျန်းမာရေးကဏ္ဍနှင့် ပညာရေးကဏ္ဍတို့နှင့် သက်ဆိုင်သည့် မေးခွန်းများကို မေးမြန်းကြရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ရှင်းလင်းဖြေကြားသည်။

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဒေါ်သီရိရတနာ၏ “နိုင်ငံတစ်ဝန်း အသစ်ထပ်မံဆောက်လုပ်မည့် ဆေးရုံနှင့်စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အဦများအပါအဝင် နိုင်ငံပိုင်အဆောက်အဦများတွင် မသန်စွမ်းသူများ လွယ်ကူအဆင်ပြေစွာ အသုံးပြုနိုင်ရန်အတွက် လျှောက်လမ်းပါဝင်သော အထောက်အကူပြု ပုံစံမျိုး ထည့်သွင်းဆောက်လုပ်ပေးရန်” အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက နိုင်ငံတစ်ဝန်းရှိ ဆေးရုံအဆောက်အဦများအား စီမံကိန်းအစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ဆေးရုံတွင် မသန်စွမ်းလူနာများအတွက် Trolley Way လျှောက်လမ်းများ၊ အိမ်သာခန်းများ ပါဝင်ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ဆေးရုံတွင် မသန်စွမ်းလူနာများအတွက် ဆင်ခြေလျှောများ ပြုလုပ်ပေးခြင်း(Ramp)၊ လက်ကိုင်တန်းများပြု လုပ်ပေးခြင်း (Handrail) များ ပါဝင်သော အထောက်အကူပြု ပုံစံများအား (၂၀၁၉-၂၀၂၀)ခု ဘဏ္ဍာရေးနှစ် ကာလအတွင်း ဆေးရုံအဆောက်အဦများတွင် ပိုမိုတိုးတက် ဖြည့်ဆည်းဆောင်ရွက် နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။

အခြေခံပညာဦးစီးဌာနအနေဖြင့် ဘဏ္ဍာရေးနှစ်အလိုက် ပြည်ထောင်စုရန်ပုံငွေ ခွဲဝေရရှိမှုအပေါ်မူတည်၍ အန္တရာယ်ရှိကျောင်းဆောင်များ ဖျက်သိမ်း၍ အသစ်ဆောက်လုပ်ခြင်း၊ ကျောင်းသားဦးရေအရ ကျောင်းဆောင်မလုံလောက်၍ တိုးချဲ့အသစ် ဆောက်လုပ်ခြင်း၊ ဥပဓိရုပ်မကောင်းသော ကျောင်းဆောင်များအစား အသစ်ဆောက်လုပ်ခြင်း၊ သိပ္ပံဆောင်များ၊ စာကြည့်တိုက်များ၊ ဟောခန်းများ ဆောက်လုပ်ပေးခြင်း စသည့်လုပ်ငန်းများကိုသာ ဦးစားပေးအလိုက် ခွဲဝေလျာထား ဆောင်ရွက်နိုင်ပါကြောင်းနှင့် မသန်စွမ်းသူများအတွက် လွယ်ကူအဆင်ပြေစွာ အသုံးပြုနိုင်သော လျှောက်လမ်းပါဝင်ပြီး အဆောက်အဦပုံစံမျိုးဖြင့် ကျောင်းဆောင်များ ဆောက်လုပ်ပေးနိုင်ခြင်း မရှိသေးပါကြောင်း။

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သည့် ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာ သင်တန်းကျောင်း၊ ကိုရီးယားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည့် နည်းပညာ၊ သက်မွေးပညာဆိုင်ရာ ဆရာအတတ်သင်ကျောင်း TTTI (ဗဟန်း)တို့ကို ထပ်မံတိုးချဲ့ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိပြီး အဆိုပါကျောင်းများ၏ တည်ဆောက်ရေးစီမံကိန်းများတွင် မသန်စွမ်းသူများလွယ်ကူ အဆင်ပြေစွာ အသုံးပြုနိုင်ရန်အတွက် လျှောက်လမ်းများ ထည့်သွင်းဆောက်လုပ်ပေးရန် စီစဉ်ထားပါကြောင်းနှင့် (၂၀၂၀-၂၀၂၁)ခု ဘဏ္ဍာရေးနှစ်မှစတင်၍ အကောင်အထည် ဖော်ဆောင်ရွက်မည့် အဆောက်အဦများ၏ ဒီဇိုင်းရေးဆွဲရာတွင် Wheel Chair အသုံးပြုရသည့် မသန်စွမ်းသူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ထည့်သွင်းစဉ်းစားရေးဆွဲ၍ တည်ဆောက်သွားမည် ဖြစ်ပါကြောင်း။

နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များအားလုံး အနေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ Design များ အပ်နှံလာသည့်အခါ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး၍ လုပ်ငန်းရှင်မှ လိုအပ်သောအချက်အလက်များ အတိုင်းပုံစံရေးဆွဲလျက် ရှိပါကြောင်း၊ လုပ်ငန်းအဆင်ပြေစွာ အသုံးပြုနိုင်ရန်အတွက် လိုအပ်သော Ramp များ ထည့်သွင်းရေးဆွဲပေးရန်တင်ပြလျှင် ထည့်သွင်းရေးဆွဲပေးလျက် ရှိပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ တင်ဒါခေါ်ယူစဉ် ဆောက်လုပ်ရေးပုံစံ၌ မသန်စွမ်းသူများအတွက် လျှောက်လမ်းတစ်ပါတည်း ထည့်သွင်း၍ လည်းကောင်း၊ တင်ဒါခေါ်ယူစဉ်မပါဝင်ခဲ့ပါက လုပ်ငန်းများအပ်နှံမှု မပြုလုပ်စဉ် လိုအပ်သည်များ ညှိနှိုင်း၍လည်းကောင်း ဆောက်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလှဦး၏ “စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ လေးမြေကျေးရွာအုပ်စု၊ လေးမြေကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာန(ခွဲ) ဖွင့်လှစ်ပေးရန်”အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လေးမြေကျေးလက် ကျန်းမာရေးဌာနခွဲ၏ မြေဧရိယာအကျယ်အဝန်းမှာ အလျား (၁၂၁)ပေ၊ အနံ(၈၀)ပေ ကျယ်ဝန်းပြီး ဌာနပိုင်မြေဖြစ်ရန် လျှောက်ထားဆဲဖြစ်ပါကြောင်း၊ လေးမြေကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲအဖြစ် အသစ်ဖွင့်လှစ်ရန်လိုအပ်သည်ကို တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးမှ တင်ပြလာပါကြောင်း။

သို့ဖြစ်ပါ၍ လေးမြေကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ခွင့်ရရှိရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်စွဲပါ စာအမှတ်၊ ၁၄ မခ(ဃ) ၂၀၁၉/၃၃၆၂ ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြထားပြီး ဖြစ်ပါကြောင်းနှင့် ခွင့်ပြုချက်ရရှိပါက ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်တင်ပြ ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့အတူ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမျိုးထပ်(ခ) ဆလိုင်းမျိုးထိုက်၏ “ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဝက်မကျေးရွာအုပ်စု၊ ဝက်မကျေးရွာ ကျေးလက် ကျန်းမာရေးဌာန(ခွဲ)အား ကျေးလက်ကျန်းမာရေးဌာနအဖြစ် အဆင့်တိုးမြှင့်ပေးရန်” အစီအစဉ် ရှိ/မရှိ မေးခွန်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးသိမ်းဆွေ၏ “ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့နယ် အမာမြို့နယ်ခွဲ နောက်မီးကျေးရွာတွင် တိုက်နယ်ဆေးရုံတစ်ခု ချထားပေးရန်” အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်း၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ တွင်းကြီးကျေးရွာအုပ်စုရှိ ကျေးလက်ကျန်းမာရေးဌာန(ခွဲ)အား ကျေးလက်ကျန်းမာရေးဌာနအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ရှင်းလင်းပြောကြားသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက “မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း(၂၀၁၉)”အား ဥပဒေကြမ်း ကော်မတီက အဆိုပြုထားသည့်အတိုင်း အတည်ပြုနိုင်ရန် တင်ပြထားသည့်အတွက် လည်းကောင်း၊ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် မရှိသည့်အတွက်လည်းကောင်း ယင်းဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ သဘောထားရယူ၍ အတည်ပြုသည်။

ယင်းနောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေပါ ပြဋ္ဌာန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတော်၏လိုအပ်ချက်အရ အသစ်ဖွဲ့စည်းခဲ့သည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်လျက်ရှိပါသဖြင့် ယင်းအခြေအနေနှင့် ကိုက်ညီမှုရှိစေရန်  ဥပဒေကို ပြင်ဆင်ထားခြင်းဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်သည့်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၁၉)မူကြမ်းအား အတည်ပြုရန် အဆိုတင်သွင်းရာ တနင်္သာရီ မဲဆန္ဒနယ်အမှတ်(၇)မှ အမျိုးသားလွှတ်တော်ကိုုယ်စားလှယ် ဦးဇော်ဟိန်းက ထောက်ခံဆွေးနွေးသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းအား လွှတ်တော်၏ သဘောထားရယူပြီး အတည်ပြုကြောင်း ကြေညာသည်။ 

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမောင်မောင်အုန်း၏ “မြန်မာ့ပင်လယ် ဆိပ်ကမ်းတစ်ခုဖြစ်သော ရခိုင်ပြည်နယ်၊ မဒေးကျွန်း ရေနက်ဆိပ်ကမ်းမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရေနံစိမ်းများကို ပိုက်လိုင်းမှတစ်ဆင့် သယ်ယူရန်အတွက် တန်ချိန်သုံးသိန်းခန့်အရွယ်ရှိ ဧရာမဆီတင်သင်္ဘောကြီးများ ယင်းဆိပ်ကမ်းသို့ ဝင်ရောက်လျက်ရှိရာ၊ ကြီးမားသည့် မတော်တဆထိခိုက်မှု အန္တရာယ်များ အချိန်မရွေး ဖြစ်ပေါ်စေနိုင်ပြီး၊ ပမာဏများပြားသော ဆီယိုဖိတ်မှုများ (Heavy Oil Pollution) ဖြစ်ပေါ်နိုင်စေရာ ပင်လယ်ကမ်းရိုးတန်းနှင့် ဆက်စပ်လျက်ရှိသည့် ပြည်နယ်၊ တိုင်းဒေသကြီးများ၏ သဘာဝသယံဇာတနှင့် အကျိုးစီးပွားများကို ကာကွယ်ပေးနိုင်ရန်အတွက် ပြည်ထောင်စုအစိုးရမှ အချိန်မီနှင့် အမြန်ဆုံး အန္တရာယ် ကာကွယ်တားဆီးရေးကိစ္စများကို ကြိုတင်စီမံခြင်းနှင့် ပြည့်စုံလုံလောက်သော ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များကိုလည်း အချိန်နှင့်တစ်ပြေးညီ စီမံရေးဆွဲပေးရန်” ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို တင်သွင်းသည်။

ဦးမောင်မောင်အုန်းက အဆိုတင်သွင်းရာတွင် ရေနံယိုစိမ့်မှုဖြစ်စဉ်ကြောင့် သင်္ဘောပိုင်ရှင်နှင့် ယင်း၏အာမခံကုမ္ပဏီများသည် လျော်ကြေးပေးလျော်ရာတွင် နိုင်ငံတကာလုပ်ထုံးလုပ်နည်းများအရ ရေနံယိုဖိတ်ခံရသည့်နိုင်ငံ၏ ဥပဒေအတိုင်းသာ ပေးလျော်ပါကြောင်း၊ လက်ရှိမိမိတို့ နိုင်ငံအနေနှင့် ရေနံယိုဖိတ်မှု နှင့်ပတ်သက်သည့် ဥပဒေလုံးဝမရှိသည့် အခြေအနေဖြစ်သဖြင့် ရေနံများယိုဖိတ်မှု ဖြစ်ပွားခဲ့ပါက ပြစ်မှုပြစ်ဒဏ်များ မချမှတ်နိုင်သည့်အပြင် လျော်ကြေးငွေကိုလည်း လုံးဝရရှိနိ်ုင်မည် မဟုတ်ပါကြောင်း၊ သာမန်အားဖြင့် သင်္ဘောများသည် ဆီယိုဖိတ်မှုအတွက် လျော်ကြေးပေးနိုင်ရန် အမေရိကန်ဒေါ်လာ တစ်ဘီလျံကို မဖြစ်မနေ အာမခံထားရှိကြရပါကြောင်း။

ရခိုင်ပြည်နယ်တွင် လက်ရှိ၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ တူးဖော်နေမှုများနှင့် မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းတစ်ခုနှင့် ရေနံပိုက်လိုင်းတစ်ခု စုစုပေါင်းပိုက်လိုင်းနှစ်ခု တည်ဆောက်သွယ် တန်းထားရှိပါကြောင်း၊ မဒဲကျွန်းမှစတင်ကာ တရုတ်နိုင်ငံသို့ တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ပေါင်း(၂၂) သန်းသယ်ယူနေသည့် ရေနံစိမ်းကုန်ချဆိပ်ကမ်းနှင့် ဆက်စပ်နေပါကြောင်း၊ တရုတ်ရေနံကော်ပိုရေးရှင်း အရှေ့တောင်အာရှ ပိုက်လိုင်းကုမ္ပဏီ (CNPC-SEAP) သည် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE)နှင့် အကျိုးတူပူးပေါင်းပြီး ဟောင်ကောင်အခြေစိုက် ဖက်စပ်ကုမ္ပဏီ (SEAGP) အရှေ့တောင်အာရှ သဘာဝဓါတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီကိုထူထောင်၍ ရေနံစိမ်းပိုက်လိုင်းကို တာဝန်ယူဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း။                  
                
ဖော်ပြပါစီမံကိန်းအရ တန်ချိန်နှစ်သိန်းမှ သုံးသိန်း တင်ဆောင်နိုင်သည့် အလွန်ကြီးမားသော ရေနံစိမ်းတင်သင်္ဘောကြီးများ တစ်နှစ်လျှင် စီးရေ(၇၀)ကျော်ခန့်၊ တစ်နည်းအားဖြင့် တစ်လလျှင် ခြောက်စီး၊ ခုနှစ်စီးခန့် အဆိုပါ မဒဲကျွန်းရေနက်ဆိပ်ကမ်းကို ရေနံစိမ်းကုန်ချရန်အတွက် ဆိုက်ကပ်ရမည်ဖြစ်ပါကြောင်း၊ မြန်မာ့ရေပိုင်နက်အတွင်းသို့ သင်္ဘောများဝင်လာစဉ်ဖြစ်စေ၊ ဆိပ်ကမ်း ဝင်/ထွက်စဉ်တွင်ဖြစ်စေ၊ ကမ်းနားကပ်ထားပြီး ကုန်ချနေစဉ်ဖြစ်စေ၊ လူကြောင့်သော် လည်းကောင်း၊  စက်ပစ္စည်းကြောင့်သော် လည်းကောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့်သော် လည်းကောင်း ရေနံနှင့်ရေနံထွက်ပစ္စည်းများ ယိုဖိတ်ကာပင်လယ်တွင်းသို့ ကျရောက်မှုများ အချိန်မရွေး ဖြစ်ပေါ်လာနိုင်ပါကြောင်း။

ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ရွှေသောင်ယံ မီးလင်းချိုင်ဒေသတွင် မကြာမီပေါ်ထွန်းလာမည့် သဘာဝဓါတ်ငွေ့သုံး လျှပ်စစ်မီးစက်အတွက်လည်း ဆွစ်ဇာလန်နိုင်ငံအခြေပြု Clearlake Shipping Co., မှ LNG Carrie ဓါတ်ငွေ့ အရည်တင် သင်္ဘောများလည်း ဝင်ထွက်သွားလာတော့မည် ဖြစ်ပါကြောင်း။ 

အန္တရာယ်ဖြစ်နိုင်ခြေ  ပိုမိုများလာလျက်ရှိပါကြောင်း၊ ပင်လယ်တွင်း ဆီယိုဖိ်တ်မှုဖြစ်ခဲ့သော် အဆိုပါဒေသရှိ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးခြင်း၊ လူမှုဝန်းကျင်ထိခိုက်နစ်နာခြင်း၊ လူနှင့်သတ္တဝါများ ကျန်းမာသန်စွမ်းရေး ထိခိုက်ခြင်းနှင့် ရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်း စသည်များ ဆက်တိုက်ဖြစ်ပေါ်တွေ့ကြုံနိုင်ပါကြောင်း၊ သက်ဆိုင်ရာဒေသရှိ ကုန်း၊ ရေ၊ လေထဲတွင် နေထိုင်ကျက်စားသည့် ငှက်များ၊ ဖျံများ၊ ငါးများ၊ ဝေလငါးများ စသည့် ရေသတ္တဝါမျိုးစုံနှင့် မျိုးစိတ်များ၊ သဘာဝအလှ အပသန္တာကျောက်တန်းများနှင့် ဂေဟစနစ်များ ပျက်သုဉ်းကြရပါကြောင်း။

အကယ်၍ ဆီယိုဖိတ်မှုဖြစ်လာလျှင် ဆီလွှာပြင်ကြီးသည် ဒီရေအတက်အကျ၊ ပင်လယ်ရေစီးကြောင်း၊ တိုက်ခတ်သည့် လေတို့နှင့်အတူ ပျံ့နှံ့မျောပါနိုင်ပြီး မြန်မာ့ကမ်းရိုးတမ်းနှင့် အနီးဆုံးရှိနေသည့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့တွင်ပါ ယိုဖိတ်သည့်ရေနံစိမ်းများ ပျံ့နှံ့ရောက်ရှိသွားနိုင်ကာ အာရှဒေသတွင်း ပြဿနာများကို ဆက်တိုက်ရှင်းလင်းရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ အကျိုးစီးပွားကို ပြီးပြည့်စုံအောင် ကာကွယ်ပေးနိ်ုင်သည့် ဥပဒေများပြဋ္ဌာန်းထားရှိရန် အရေးတကြီး လိုအပ်နေပြီဖြစ်ပါကြောင်း။


မိမိတို့နိုင်ငံသည် ၁၉၅၁ ခုနှစ်မှစတင်ပြီး အပြည်ပြည်ဆိုင်ရာရေကြောင်း အဖွဲ့ချုပ် (IMO) အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ကာ ကမ္ဘာပင်လယ်ရေကြောင်းလောကတွင် ဦးဆောင်မှု အစဉ်အလာကောင်းများ ရှိခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံ အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး နောက်ပိုင်းတွင် IMO အဖွဲ့ဝင်ဖြစ်ခဲ့ကြသော နိုင်ငံများသည် ယင်းတို့၏နိုင်ငံကို အကာအကွယ်ပေးသည့် ဥပဒေများကို ပြည့်စုံစွာပြဋ္ဌာန်းထားပြီး ဖြစ်သော်လည်း မိမိတို့တွင် နိုင်ငံတော်နှင့် နိုင်ငံသားများကို အကာအကွယ်ပေးသည့် ပင်လယ်ရေကြောင်း ဘက်ဆိုင်ရာ ဥပဒေများ ပြဋ္ဌာန်းထားရှိမှု အလွန်နည်းပါလျက် ရှိပါကြောင်း။

ပင်လယ်ရေကြောင်းဆိုင်ရာ ညစ်ညမ်းမှုအတွက် ပထမဦးဆုံး ကာကွယ်တားဆီးခြင်းဆိုင်ရာ ဥပဒေများရှိရန်လိုအပ်ပါကြောင်း၊ Annex (I)ကို IMO နှင့် သဘောတူလက်မှတ်ထိုးထားသော်လည်း မိမိတို့နိုင်ငံတွင် ဆီလျှံခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်း ထားခြင်းမရှိသေးပါကြောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ နိုင်ငံတော်နှင့် နိ်ုင်ငံသားများ အကျိုးစီးပွားအတွက် အမြန်ဆုံးအကောင်းအထည်ဖော် သင့်ပါကြောင်း၊ မိမိတို့၏ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ထိရောက်စွာ အကာအကွယ်ပေးနိုင်သည့် နိုင်ငံတကာလုပ်ထုံးလုပ်နည်းများအတိုင်း ဆီလျှံခြင်းဆိုင်ရာ ဥပဒေ၊ ဆီလျှံခြင်းအတွက် အရေးပေါ်တုံ့ပြန်သည့် အစီအမံများနှင့် ဆီလျှံခြင်းအတွက် ကာကွယ်တားဆီးရေး ဆောင်ရွက်မည့်အဖွဲ့များ မြေပြင်နှင့် ရေပြင်တွင် အသင့်ရှိနေကြရတော့မည် ဖြစ်ပါကြောင်း ဆွေးနွေးသည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ယင်းအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူ၍ လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်းနှင့် ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာပြီး အစည်းအဝေးကို ရပ်နားလိုက်သည်။ 

မော်စီ၊ လူမော်