ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (၁၂)ရက်မြောက်နေ့ကျင်းပ

နေပြည်တော် ၂၈ မေ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန်၏ ချင်းပြည်နယ်၊ မတူပီမြို့နယ်ရှိ အိုက္ကား-လုံသာရ်ကျေးရွာချင်းဆက် ကားလမ်း (၁၂)မိုင်အား လာမည့်ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က အဆိုပါ ကားလမ်း (၁၂)မိုင်အား ဆောင်ရွက်ပေးနိုင်ရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းတောင်းခံသူ၊ ကျေးရွာလယ်ယာမြေ စီမံခန့်ခွဲရေးကော်မတီ၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီနှင့် မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးတို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ လမ်းအူကြောင်းရှာဖွေခြင်း၊ အကွာအဝေးမိုင် တိုင်းတာခြင်းများကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်စေပြီး တင်ပြချက်အပေါ် မူတည်၍ ဒေသအတွက် အမှန်တကယ်လိုအပ်ပြီး အကျိုးဖြစ်ထွန်းကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ခံတင်ပြလာပါက နီးစပ်ရာ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေဝင်ဆံ့မှုအပေါ် မူတည်ပြီး ဦးစားပေးလုပ်ငန်းစဉ်အလိုက် လျာထားဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးရှန်အောရ်၏ ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ဟားခါးမြို့နယ်အတွင်းရှိ သီလာခ့် (Tilak) ကျေးရွာနှင့် ချောန်ကျွမ်း (Chawncum) ကျေးရွာတို့ကြားရှိ ကျေးရွာချင်းဆက်ကားလမ်းကို လမ်းတာချဲ့ထွင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က လွှတ်တော်ကိုယ်စားလှယ်၏ မေးမြန်းချက်ပါ လမ်းလုပ်ငန်းသည် ယခင်ကဆောင်ရွက်ခဲ့သော စီမံကိန်းလုပ်ငန်း အဆက်များတွင် ပါဝင်ခြင်းမရှိသည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းလမ်းသည် မိုင်မည်မျှရှည်လျားပြီး ဒေသအတွက် မည်မျှအကျိုးရှိ၍ ထိုဒေသမှ အခြားမည်သည့် ဒေသများကို ဆက်သွယ်သွားလာနိုင်သည် စသည့် အချက်အလက်များကို ပထမဦးစွာ ဆန်းစစ်လေ့လာဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

ထိုသို့ ဆန်းစစ်လေ့လာဆောင်ရွက်ပြီး စီမံကိန်းတွင် တိကျစွာ ထည့်သွင်းလျာထားနိ်ုင်ရေးအတွက် လုပ်ငန်းတင်ပြတောင်းခံသူ၊ ကျေးရွာလယ်ယာမြေစီမံခန့်ခွဲ ရေးကော်မတီ၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီနှင့် ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးတို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ ဒေသအတွက်အကျိုးပြုမှု၊ လမ်းတာချဲ့မည့် လမ်းအူကြောင်း၊ မိုင်အကွာအဝေးတို့ကို ကွင်းဆင်းစစ်ဆေးပြီး ကျေးရွာ၊ မြို့နယ်၊ ခရိုင်နှင့် ချင်းပြည်နယ်အစိုးရအဖွဲ့တို့၏ သဘောထားဖြင့် ထောက်ခံပြီး စိစစ်တင်ပြလာပါက ပြည်ထောင်စု သို့မဟုတ် ပြည်နယ် နယ်စပ်ဒေသဖွံ့ဖြိုးရေး (၅)နှစ် စီမံကိန်းတွင် ရန်ပုံငွေ ဝင်ဆံ့မှုအပေါ် မူတည်၍ လုပ်ငန်းဦးစားပေးအစီအစဉ်အရ အပိုင်းလိုက် လျာထားဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါ်လှဌေး (ခ) ဒေါ်အုန်းကြည်၏ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ အိမ်ရှေ့တောင်ကျေးရွာအနီး ပန်းလောင်မြစ်ကူး သံကူကွန်ကရစ် တံတားတစ်စင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးရန်အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က မြစ်သားမြို့နယ်၊ အိမ်ရှေ့တောင်ကျေးရွာအနီးရှိ ပန်းလောင်မြစ်ကူးတံတားသည် လမ်းအဆင့်သတ်မှတ်ချက် Class (B) ဦးစားပေး အဆင့်(၃)တွင် ပါဝင်သော လမ်းပေါ်တွင် တည်ရှိပါသဖြင့် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ် နောက်ပိုင်းကာလများတွင် ပြည်ထောင်စုဘဏ္ဍာငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

အလားတူ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဘွဲခိန်း၏ ချင်းပြည်နယ်၊ ထန်တလန်မြို့၊ တလွန်ရမ်း(ခ)စာကျက်ကျေးရွာမှ ဝေါင်သူးကျေးရွာ၊ ဇဲဖိုင်(က)ကျေးရွာမှ စာကျက်ကျေးရွာ၊ ဇဲဖိုင်(ခ)ကျေးရွာမှ ငါလန်ကျေးရွာ၊ ဟရီဖီး(ခ)ကျေးရွာမှ ဇာဘုန်ကျေးရွာ၊ အိုင်ဘူရ်း ကျေးရွာမှ လုံကျွဲသဲကျေးရွာ၊ ဟရီဖီး(ခ)ကျေးရွာမှ ဝမ်ကွားကျေးရွာကြား ကျေးရွာချင်း ဆက်လမ်းများအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တိုးချဲ့ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးဝှေ့တင်း၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ တွီကင်းအလောင်း ကျေးရွာမှ အိုရင်ဝကျေးရွာ၊ တလစာဝကျေးရွာ၊ ယီးလာဝကျေးရွာ၊ ဦးရှိန်ဝကျေးရွာ၊ ဒုံးလက်ဝကျေးရွာ၊ ဒလက်မေချောင်းဝအထိ ကျေးရွာချင်းဆက် ကုန်ထုတ်လမ်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ်၏ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့သစ်တွင် ညောင်လေးပင်လမ်းခွဲမှ ကတိုက်ကလေး-တောကြီး မြေနီလမ်းအား ကွန်ကရစ်လမ်းအဖြစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လမ်းခင်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

ထို့ပြင် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဆီဟူးဒွေ့၏ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာအုပ်စု၊ ကျေးရွာချင်းဆက်လမ်းရှိ နန့်သဘက်ချောင်းနှင့် နမ္မတီးချောင်းဆုံရာချောင်းတွင် တည်ဆောက်ထားသော ယာယီချောင်းကူးတံတားအစား ရာသီမရွေးသွားလာနိုင်သော သံကူကွန်ကရစ်တံတား တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးအောင်သိန်း၏ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့ နယ်တောင်ဘက်ရှိ ကန္တလီကျေးရွာသို့ ဖြတ်ကူးရသော ဘော်ဘင်ချောင်းကူး ကြိုးတံတားအား (၁၀)တန်ဝန်ခံ ခိုင်ခန့်သည့် သံကူကွန်ကရစ်တံတားအဖြစ် အသစ်ပြောင်းလဲ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမြမင်းဆွေ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များမှ တာဝန်ယူဆောင်ရွက်နေသော တည်ဆောက်ရေးလုပ်ငန်းများ ဘတ်ဂျက်နှစ်စပြီး ၅ လ/ ၆လကြာသည့်တိုင် မည်သည့်အတွက်ကြောင့် စတင်နိုင်ခြင်းမရှိသည်ကို သိရှိလိုခြင်း မေးခွန်းတို့နှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးအောင်သိန်းက ပြည်ထောင်စုတရားစီရင်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဆိုပါ ဥပဒေကြမ်းအား တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

ဆက်လက်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်က အဆိုပါဥပဒေကြမ်းအား အတည်ပြုရန် အဆိုတင်သွင်းရာ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆)မှ ဒေါက်တာဦးကြွယ်ကြွယ်က ထောက်ခံသည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူမရှိသည့်အတွက် ပြည်ထောင်စုတရား စီရင်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းသည် ပြင်ဆင်ထားသည့်အတိုင်း အတည်ဖြစ်ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို မေ ၃၀ ရက်တွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်၊ လူမော်