ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (၁၄)ရက်မြောက်နေ့ကျင်းပ

နေပြည်တော်  ၃  ဇွန်   

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၄ ရက် မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ထွေး၏ တရားဝင်မှတ်ပုံတင်၍ လုပ်ငန်းလုပ်ကိုင်နေကြသော ပြည်တွင်း/ပြည်ပ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ မည်မျှရှိသည်နှင့် သတ်မှတ်ဝန်ဆောင်ခထက် ပိုမိုရယူနေသော အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများအား အရေးယူဆောင်ရွက်ထားမှုအခြေအနေနှင့် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသူ ရွှေ့ပြောင်းလုပ်သားများ နစ်နာဆုံးရှုံးမှု မရှိစေရန် ကြိုတင်ကာကွယ်ထားမှုများမည်သို့ ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း မေးခွန်းတို့နှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အဆိုပါ အကျိုးဆောင် လိုင်စင်ရ ကုမ္ပဏီများအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းသတ်မှတ် ချက်များ ဖောက်ဖျက်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ပါကြောင်း၊ လိုင်စင်ရအေဂျင်စီသည် ပြည်တွင်းအလုပ်အကိုင်ရှာဖွေခြင်းအတွက် အလုပ်ရှင်ထံမှ အလုပ်သမားရရှိရမည့် လစာ(၁)လစာထက်မပိုသော ဝန်ဆောင်ခ ကောက်ခံနိုင်သည်ဟု သတ်မှတ်ထားပါကြောင်း၊ ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင် အေဂျင်စီများမှ သတ်မှတ်ဝန်ဆောင်ခထက် ပိုမိုရယူခြင်းနှင့် သက်ဆိုင်သော တိုင်ကြားလာမှုများ မရှိသလောက်နည်းပါးပါကြောင်း၊ ရှိပါကလည်း ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများ အနက်မှ ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေနှင့် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာမှုမရှိသည့် အေဂျင်စီများကို ခံဝန်ကတိလက်မှတ် ရေးထိုးစေခြင်း၊ ကုမ္ပဏီလိုင်စင်ယာယီပိတ်သိမ်းခြင်း၊ တစ်ချို့ကိုလည်း ပြစ်မှုအပေါ်မူတည်၍ ကုမ္ပဏီလိုင်စင်ရာသက်ပန် ပိတ်သိမ်းခြင်းနှင့် တရားစွဲ အရေးယူခြင်းများဆောင်ရွက်ပါကြောင်း၊ လက်ရှိအနေဖြင့်  ကုမ္ပဏီလိုင်စင်ယာယီပိတ်သိမ်းထားသည့် အေဂျင်စီ (၂၂)ခု၊ ကုမ္ပဏီလိုင်စင်ရာသက်ပန်ပိတ်သိမ်း ထားသည့် အေဂျင်စီ (၁၂)ခု၊ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လုပ်ငန်း ဆက်လက်လုပ်ကိုင်လိုခြင်း မရှိသဖြင့် ဆန္ဒအလျောက် ရုပ်သိမ်းခဲ့သည့် အေဂျင်စီ(၄၀)နှင့် မန်နေဂျင်းဒါရိုက်တာနှင့် ဒါရိုက်တာများကို ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေဖြင့် အရေးယူထားသည့် အေဂျင်စီ(၆)ခု ရှိပါကြောင်း။

 

ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် ရွှေ့ပြောင်းလုပ်သားများ နစ်နာဆုံးရှုံးမှု မရှိစေရန်လည်း ဝန်ကြီးဌာနအနေဖြင့် နည်းလမ်းများ ရှာကြံ၍ ကြိုတင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နောင်အနာဂတ်ကာလတွင်လည်း ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှုများကို သိရှိနိုင်ရန်အတွက် နှစ်နိုင်ငံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ပုံမှန်တစ်လှည့်စီဆောင်ရွက်ပြီး မိမိတို့အလုပ်သမားများ နစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီ ကာကွယ်ပေးနိုင်ရန်အတွက် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။ 

 

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးအေးမင်းဟန်၏ မြန်မာနိုင်ငံသားအားလုံး နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်)နှင့် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၁၀)ရရှိရန် ရည်မှန်းချက်ဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးရန်နှင့် မြို့နယ်ပြောင်းရွှေ့ပြီး အိမ်ထောင်စုစာရင်း ပြုလုပ်လိုသူများ(ပုံစံ-၁၀) မပါရှိပါက ပြောင်းရွှေ့လာသည့် မြို့နယ်သို့ ပြန်လည်စေလွှတ်ခြင်းမပြုဘဲ ဌာနချင်းချိတ်ဆက် လုပ်ဆောင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ အဆင်ပြေချောမွေ့စေရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးသည့် လုပ်ငန်းကို ၂၀၁၆ခုနှစ်မှစ၍ ဖြေလျော့ပေးသည့် နည်းလမ်းများဖြင့် ဆောင်ရွက်ပါကြောင်း၊ နှစ်စဉ် ကျောင်းဖွင့်ရာသီများတွင် အခြေခံပညာကျောင်းများသို့ သွားရောက်၍ ဆောင်ရွက်ပါကြောင်း၊ ထို့ပြင် စက်ရုံ၊ အလုပ်ရုံများနှင့် ရပ်ကွက်ကျေးရွာများတွင်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြားများကို သစ္စာစီမံချက်ဖြင့် သွားရောက်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

 

ထို့ပြင် မူလဒေသမှ ပြောင်းရွှေ့ပုံစံ(၁၀)ထုတ်ယူခြင်းမရှိဘဲ ရောက်ရှိလာသည့် ပြည်သူများကိုလည်း ဖြေလျော့မှုအနေဖြင့် လိပ်စာပြောင်းရွှေ့ပုံစံ(၁၀) မပါရှိစေကာမူ ကာယကံရှင်အား မူလနေထိုင်ရာအရပ်သို့ ပြန်လည်စေလွှတ်ခြင်း မပြုပါကြောင်း၊ သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး အချင်းချင်းချိတ်ဆက်၍ သတ်မှတ်ချက်နှင့်အညီ စိစစ် မှန်ကန်သည်ဆိုပါက လက်ရှိဒေသတွင်ပင် အိမ်ထောင်စု လူဦးရေစာရင်းများကို ထုတ်ပေးလျက်ရှိပါကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီတွင်လည်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကော်မရှင်ရုံးများနှင့် ညှိနှိုင်း၍ ပုံစံ(၁၀) ထုတ်ပေးနိုင်ရန်နှင့် အမျိုးသားမှတ်ပုံတင် ထုတ်ပေးနိုင်ရန်အတွက်လည်း အထူးစီမံချက်တစ်ရပ် ချမှတ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ပုံစံ(၁၀)ကို သက်ဆိုင်ရာ မြို့ နယ်များသို့ သွားရောက်ယူရန် မလိုဘဲ မြို့နယ်ရုံး အချင်းချင်းချိတ်ဆက်၍ ဆောင်ရွက်ပေးရန်နှင့် ၁၈နှစ်ပြည့်သူများကိုလည်း ဖြေလျော့၍ အထူးစီမံချက် တစ်ရပ်အနေဖြင့် ပုံစံ (၁၀)နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင် ၏ ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်အတွင်း လင်ကွီကျေးရွာနှင့် ကြာညိုပြင်ကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)တို့တွင် RC တစ်ထပ်ကျောင်းဆောင် တစ်ဆောင်စီကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ကျောက်တော်မြို့နယ် အတွင်းရှိ လင်ကွီကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် ကြာညိုပြင် ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)တို့တွင် တိုးချဲ့ အဆောင်(၁)ဆောင်စီ အား ထည့်သွင်းလျာထားပြီး ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေ ခွင့်ပြုချက် ရရှိပါက ဆောက်လုပ်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

အလားတူ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးစိုးသိန်း၏ မြန်မာနိုင်ငံအတွင်း ခိုးဝင်ခိုးသွင်းပြုလုပ်နေသော ဘင်္ဂလီလူမျိုးများကို တည်ဆဲဥပဒေအရ အရေးယူပြီးနောက် နေရပ်ပြန်ပို့ခြင်း အစီအစဉ်အား သိရှိလိုခြင်း မေးခွန်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးရဲထွဋ် ၏ အလုပ်သမားပြဿ နာများကို ဖြေရှင်းနိုင်ရေးအတွက် အလုပ်ရုံ၊ စက်ရုံအားလုံးတွင် အလုပ်သမားသမဂ္ဂများ တရားဝင်ဖွဲ့စည်းစေပြီး ပေါ်ပေါက်လာသော ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် အလုပ်ရှင်၊ အလုပ်သမားသမဂ္ဂနှင့် အလုပ်သမားဌာန ကိုယ်စားလှယ်တို့ပါဝင်သော စီမံခန့်ခွဲမှုကော်မတီများ ဖွဲ့စည်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးရဲမြင့်စိုး ၏ မြန်မာနိုင်ငံတွင် အစားအစာ ဘေးကင်းလုံ ခြုံရေးနှင့် အာဟာရပြည့်ဝစွာရရှိရေးနှင့် ပတ်သတ်၍ လွန်စွာအားနည်း နေသေး သည်ဖြစ်ပါ၍ အစာအဟာရ သိပ္ပံနည်းပညာ Food Technology နှင့်ပတ်သက် သောကျောင်းများ၊ ဒီပလိုမာ၊ ကောလိပ်၊ တက္ကသိုလ်များ တိုးချဲ့ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က လည်းကောင်း ပြန်လည် ရှင်းလင်းဖြေကြားကြသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် က အတည်ပြုပြီး ပေးပို့ထားသော မြန်မာ့ဆက် သွယ်ရေးကော်ပိုရေးရှင်း ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၆)မှ ဦးဝင်းမောင် က အခန်း(၁) အပိုဒ်(၃) ပြည်သူ့လွှတ်တော်၏ အတည်ပြုချက် အပိုဒ်ခွဲ(ည)တွင် လုပ်ငန်းလိုင်စင် ဆိုသည်မှာ ဆက်သွယ်ရေးဥပဒေအရ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းအတွက် ထုတ်ပေးသောလိုင်စင် ကိုဆိုသည် ကို မိမိအနေဖြင့် ပြင်ဆင်လိုသည်မှာ လုပ်ငန်းလိုင် စင်ဆိုသည်မှာ ဆက်သွယ်ရေးဥပဒေအရ ထုတ်ပေးသော ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ကိုခေါ်သည်ဟု ပြင်ဆင်လိုပါကြောင်း၊ အခန်း(၁) အပိုဒ်(၃) အပိုဒ်ခွဲ(ဌ) တွင် အုပ်ချုပ် ရေးအဖွဲ့ဆိုသည်မှာ ဥပဒေအရဖွဲ့စည်းထားသော ကော်ပိုရေးရှင်း၏ အုပ်ချုပ်ရေးအဖွဲ့ ဟုဆိုပါကြောင်း၊ မိမိအနေဖြင့် အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အတိုင်း ထားရှိ လိုပါကြောင်း ဆွေးနွေးသည်။

 

ယင်း ပြင်ဆင်ချက် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄)မှ ဦးသန်းစိုး(ခ)သန်းစိုး (ဘောဂဗေဒ) နှင့် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀) မှ ဦးစိုးသိန်း(ခ) ဦးမောင်စိုး တို့က ဆက်လက် ဆွေးနွေးကြသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါ်နွယ်နွယ်အောင် က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော အခြေခံပညာရေး ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ယင်းဥပဒေကြမ်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော ၂၀၁၇ ခုနှစ်၊ မြေသိမ်းဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့ လာခြင်းနှင့် စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့် က ဆွေးနွေးသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို ဇွန် ၅ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်၊ လူမော်