ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ ကျင်းပ

နေပြည်တော် ၂၅ ဩဂုတ်

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလင်းတင်ဌေး၏ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ ဆယ်ပလာကျေးရွာရှိ ဆယ်ပလာ ကျန်းမာရေးဌာန (ခွဲ) ဝန်ထမ်းအိမ်ရာအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ၂၀၂၀ - ၂၀၂၁ခုနှစ်၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေ ရင်းဖြင့်ဆောင်ရွက်သော တည်ဆောက်ရေးလုပ်ငန်းများအတွက် စီမံကိန်းလုပ်ငန်း အဆင့်ဆင့် ဆောင်ရွက်ပြီးဖြစ်နေပါသဖြင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားပေးနိုင်ခြင်း မရှိပါသော်လည်း ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထား ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးရဲထွဋ်၏ ယနေ့အချိန်တွင် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းစသော ပုံနှိပ်မီဒီယာများ ဈေးကွက်တွင် အရှုံးပေါ်ကာ ဆက်လက်ထုတ်ဝေရန် မတတ်နိုင်တော့ဘဲ တစ်စောင်ပြီး တစ်စောင်ပိတ်သိမ်းရပ်စဲ နေကြရပါသဖြင့် ပုံနှိပ်မီဒီယာလောက ပြန်လည်ထူမတ်လာစေရန်အတွက် မည်သို့ ကူညီပံ့ပိုး ဆောင်ရွက်သွားမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ယနေ့အချိန်တွင် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း စသောပုံနှိပ် မီဒီယာများ ဈေးကွက်တွင် အရှုံးပေါ်ကာ ဆက်လက်ထုတ်ဝေနိုင်ရန် မတတ်နိုင်တော့ဘဲ တစ်စောင်ပြီး တစ်စောင်ပိတ်သိမ်း ရပ်စဲနေကြသည်ဆိုခြင်းမှာ မှန်ကန်ပါကြောင်း၊ သို့သော် ယင်းပြဿနာသည် မြန်မာနိုင်ငံပုံနှိပ် မီဒီယာ လောကတစ်ခုတည်းတွင် ကြုံတွေ့နေရခြင်း မဟုတ်ဘဲ နိုင်ငံတကာ ပုံနှိပ်မီဒီယာလောကတစ်ခုလုံးက ရင်ဆိုင်နေရသည့် ဘုံစိန်ခေါ်မှုကြီး တစ်ခုဖြစ်သည်ကို ဦးစွာတင်ပြလိုပါကြောင်း။

 

ယခုမြန်မာနိုင်ငံ၏ လက်ရှိပုံနှိပ်မီဒီယာများ အခြေအနေကို အနည်းငယ် ရှင်းလင်းတင်ပြခွင့်ပြုစေလိုပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေအရ ၂၀၂၀ ပြည့်နှစ် ဇူလိုင် လကုန်အထိ သတင်းစာ (၄၇)စောင်၊ ဂျာနယ် (၅၈၉)စောင်၊ မဂ္ဂဇင်း (၄၉၄) အုပ်၊ အထွေထွေထုတ်ဝေခြင်း လုပ်ငန်းရှင် (၁၇၅၃)ဦးတို့နှင့် အင်တာနက်အသုံးပြုပြီး သတင်းဖြန့်ချိရေးလုပ်ငန်း လုပ်ကိုင်သည့် အွန်လိုင်းသတင်းအေဂျင်စီလုပ်ငန်း (၃၀၉) ခုတို့ကို ခွင့်ပြုထားရှိခဲ့ပြီး ဖြစ်ပါကြောင်း။

 

သို့သော် လက်ရှိအခြေအနေတွင် သတင်းစာ (၂၃)စောင်၊ ဂျာနယ်စောင်ရေ (၆၀)၊ မဂ္ဂဇင်း (၂၃)အုပ်တို့သာ ဈေးကွက်တွင် ရပ်တည်လျက်ရှိသည်ကို တွေ့ရသည့်အတွက် ပုံနှိပ်မီဒီယာများ ထိခိုက်ကျဆင်းလာ နေသည်မှာ သိသာထင်ရှားပါကြောင်း၊ အွန်လိုင်း သတင်းအေဂျင်စီလုပ်ငန်းများတွင် (၃၂၁)ခု အထိလည်ပတ် လုပ်ကိုင်လျက်ရှိသည်ကိုတွေ့ရပြီး အွန်လိုင်းသတင်းမီဒီယာများမှတစ်ဆင့် ပြည်သူအများ၏ သတင်းအချက်အလက် ရယူသုံးစွဲမှု တိုးတက်လာနေသည်ကိုလည်း တွေ့မြင်နိုင်ပါကြောင်း။

 

ယခုဆက်လက်ပြီး စက္ကူအသုံးပြု ပုံနှိပ်သတင်းစာလုပ်ငန်း ကျဆင်းလာရပုံကို အနည်းငယ် သုံးသပ်တင်ပြလိုပါကြောင်း၊ ပုံနှိပ်သတင်းစာများ ရပ်တည်ရေးအတွက် အဓိကဝင်ငွေကို သတင်းစာများ ရောင်းချခြင်းနှင့် သတင်းစာတွင် ဖော်ပြသည့် ကြော်ငြာများမှရရှိပါကြောင်း၊ ပြည်သူအများစုက သတင်းအချက်အလက် ရှာဖွေဖတ်ရှုခြင်းကို ပုံနှိပ်မီဒီယာများထက် ဘက်ပေါင်းစုံမှ သာလွန်ကောင်းမွန်သည့် အွန်လိုင်းမီဒီယာများပေါ်တွင် ပိုမိုပြုလုပ်လာကြသဖြင့် သတင်းစာရောင်းချရာတွင်ရရှိသည့် ဝင်ငွေများစွာ ကျဆင်းခဲ့ရပါကြောင်း။

 

စီးပွားရေးကြော်ငြာ အများစုမှာလည်း ကုန်ကျစရိတ်များစွာသက်သာပြီး စည်းကမ်းတင်းကျပ်မှု လျော့နည်းကာ သုံးစွဲသူ လျင်မြန်စွာ တိုးပွားလာနေသည့် အွန်လိုင်းမီဒီယာများသို့ ပြောင်းရွှေ့သွားကြသည့်အတွက် ကြော်ငြာများမှရရှိသည့် ဝင်ငွေသည်လည်းများစွာ ကျဆင်းလာရခြင်းဖြစ်ပါကြောင်း၊ အကျိုးဆက်အနေဖြင့် ကိုယ်စားလှယ်တော်ကြီး တင်ပြသွား သကဲ့သို့ ပုံနှိပ်သတင်းစာများ စီးပွားရေးအရ မရပ်တည်နိုင်ကြတော့ဘဲ တစ်စောင်ပြီးတစ်စောင် ပိတ်သိမ်းရပ်တန့် သွားခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေလျက်ရှိသည့် နိုင်ငံပိုင်သတင်းစာများသည်လည်း ယင်းစိန်ခေါ်မှုကြောင့် ဝင်ငွေများ စွာကျဆင်းခဲ့ရပါကြောင်း။

 

ကမ္ဘာတစ်ဝန်း ယခုကဲ့သို့ ပုံနှိပ်မီဒီယာများ ကျဆင်းသွားခဲ့ရသည့်အကြောင်းရင်းကို ဆန်းစစ်ကြည့်ပါက ဒီဂျစ်တယ်နည်းပညာ တစ်ဟုန်ထိုးတိုးတက်လာပြီး တယ်လီဖုန်း ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုကျယ်ပြန့်လာခြင်းကြောင့် ဖြစ်သည်ကို တွေ့ရှိနိုင်ပါကြောင်း၊ အနာဂတ်တွင် နည်းပညာများ ယခုထက်ပိုမိုတိုးတက် ကောင်းမွန်လာမည်ဖြစ်၍ ပုံနှိပ်မီဒီယာများအနေဖြင့် ယခုထက်ပိုမိုကြီးမားသည့် နစ်နာဆုံးရှုံးမှုများ မလွဲမသွေ ကြုံတွေ့လာကြရမည်ဖြစ်ပါကြောင်း။

 

ယခုနှစ်အစောပိုင်းတွင် ကမ္ဘာအနှံ့ပြန့်ပွားလာခဲ့သည့် COVID – 19 ကူးစက်ကပ်ရောဂါ ဟန့်တားကာကွယ်ရေးအတွက် လူများသွားလာနေထိုင်မှုကို ကန့်သတ်မှုများ ရှိလာခဲ့ခြင်းက နိုင်ငံတကာတွင် ပုံနှိပ်မီဒီယာများ၏ ကျဆင်းမှု ပိုမိုလျင်မြန်စေခဲ့သည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ အခြားတစ်ဖက်တွင် ဒီဂျစ်တယ်နည်းပညာအခြေခံသည့် Online Media (ခေါ်) New Media (မီဒီယာအသစ်) များ၏အခန်းကဏ္ဍသည်  တစ်နေ့တစ်ခြား ပိုမိုကျယ်ပြန့်လာနေပြီး ရှေ့ဆက်၍လည်း ပိုမိုအရေးပါလာမည်ဖြစ်ပါကြောင်း၊ ထင်ရှားသည့် သာဓကအဖြစ်တစ်ခု တင်ပြရပါက မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံး New Media Platform တစ်ခုဖြစ်သည့် Facebook ဟုခေါ်သည့် Social Media အသုံးပြုသူ အရေအတွက်သည် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလကုန်တွင် (၂၂)သန်းကျော်ရှိခဲ့ရာမှ နောက်(၆)လအကြာ ဇူလိုင်လကုန်တွင် (၂၈)သန်းကျော်အထိ တစ်ဟုန်ထိုးတိုးတက်လာခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ တစ်နည်းပြောရပါက နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်အထိ Facebook Social Media ကိုသုံးစွဲလျက်ရှိသည်ကို နိုင်ငံတကာသုတေသနအစီရင် ခံစာများအရ သိရှိရပါကြောင်း။

 

နိုင်ငံတကာတွင် ပုံနှိပ်မီဒီယာအများအပြားသည် မီဒီယာအသစ်သို့ကူးပြောင်းသွားခဲ့ကြပြီး ဖြစ်ပါကြောင်း၊ အချို့လည်း ပုံနှိပ်မီဒီယာနှင့် မီဒီယာအသစ်ကိုပူးတွဲ လုပ်ကိုင်လျက်ရှိပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံအတွင်း အွန်လိုင်းမီဒီယာအဖြစ် စတင်ထူထောင်ပြီး အောင်မြင်စွာ လည်ပတ်နေကြသည့် မီဒီယာအချို့ တွေ့မြင်လာ ရသကဲ့သို့ ယခုအချိန်အထိ ကြံ့ကြံ့ခံရပ်တည်နေကြသည့် ပုံနှိပ်မီဒီယာအချို့ကလည်း မီဒီယာအသစ်အဖြစ် ကူးပြောင်းရန် ကြိုးပမ်းအားထုတ်နေကြသည်ကို တွေ့ရသည့်အတွက် ဝမ်းသာအားရ ဖြစ်ရပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံပိုင် ပုံနှိပ်မီဒီယာများလည်း မီဒီယာအသစ်ကို ပူးတွဲဆောင်ရွက်လျက်ရှိပါကြောင်း။

 

ကိုယ်စားလှယ်တော်ကြီး၏ မေးခွန်းနှင့်ပတ်သက်၍ ဖြေကြားရမည်ဆိုပါက အရှိန်အဟုန်ဖြင့် ကျဆင်းလာနေသည့် ပုံနှိပ်မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်စေရန် ကြိုးစားခြင်းထက် တစ်ဟုန်ထိုး တိုးတက်လာနေသည့် မီဒီယာသစ်အသွင်ဖြင့် ဆက်လက်ရှင်သန် နိုင်အောင်စနစ်တကျ ကြိုးစားဆောင်ရွက်ခြင်းသည် မြန်မာ့မီဒီယာလောကကို ဆက်လက်ရှင်သန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့ကျသော တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု အကြံပြုလိုပါကြောင်း။

 

ယင်းသို့ဆောင်ရွက်ရာတွင် ပုံနှိပ်လုပ်ငန်းနှင့် မီဒီယာလုပ်ငန်းကို ခွဲခြားစဉ်းစားရန် လိုအပ်ပါကြောင်း၊ ပုံနှိပ်လုပ်ငန်းဆိုသည်မှာ မီဒီယာလုပ်ငန်းလုပ်ကိုင်သည့် Platform တစ်ခုသာဖြစ်ပါကြောင်း၊ ဒီဂျစ်တယ်နည်းပညာတိုးတက် ပြောင်းလဲလာသည့်အတွက် အသစ်ဖြစ်ပေါ်လာသည့် Platform အသစ်ဖြစ်သော Online  သို့ မီဒီယာလုပ်ငန်းက ကူး ပြောင်းသွားခြင်းသာ ဖြစ်ပါကြောင်း၊ ကျဆင်းခဲ့သည်မှာ မီဒီယာလုပ်ငန်းမဟုတ်ပါကြောင်း၊ ကျဆင်းခဲ့သည်မှာ ပုံနှိပ်လုပ်ငန်းသာ ဖြစ်ပါကြောင်း၊ သို့သော်မြန်မာပြည်တွင်းမှ အွန်လိုင်းမီဒီယာလုပ်ကိုင်သူများသည် ထိုက်သင့်သည့် အကျိုးအမြတ်မရရှိနိုင်သေးသည်ကို တွေ့ရပါကြောင်း၊ ယင်းကို Facebook, Youtube, Google စသည့် Platform ပိုင်ရှင်များနှင့် ပြည်တွင်းမှ Telecom Operator လေးဦး စသည်တို့ကို ညှိနှိုင်းဆွေးနွေးပြီး ထိုက်သင့်သည့် အမြတ်ဝေစုရရှိရေး ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း။

 

လွှတ်တော်ကိုယ်စားလှယ် တင်ပြသွားခဲ့သည့် အစိုးရမီဒီယာများ မရှိအပ်ဘူးဆိုသည့်ကိစ္စကို အနည်းငယ် ရှင်းလင်းခွင့်ပြုစေလိုပါကြောင်း၊ မိမိတို့နိုင်ငံတွင် ဒီမိုကရေစီနှင့် သတင်းမီဒီယာလွတ်လပ်ခွင့်သည် များစွာနုနေသေးပါကြောင်း၊ မိမိတို့သည် မူလက ဒီမိုကရေစီနှင့် မီဒီယာလွတ်လပ်ခွင့် ခိုင်မာခဲ့သော်လည်း ၁၉၆၂ ခုနှစ် ကစပြီး ဒီမိုကရေစီနှင့် သတင်းမီဒီယာလွတ်လပ်ခွင့် (၂) ခုစလုံးသည် ဆိတ်သုဉ်းခဲ့ပါကြောင်း၊ မိမိတို့ ယခု တစ်ကြော့ပြန် ဒီမိုကရေစီအနေဖြင့် (၁၀)နှစ်ခန့်သာရှိပါကြောင်း၊ မီဒီယာလုပ်ငန်းသည်လည်း (၇)နှစ်သားခန့်သာ ရှိပါကြောင်း။

 

တစ်ချိန်တည်းတွင် မိမိတို့၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကာလတွင် စိန်ခေါ်မှု များပြားပါကြောင်း၊ ထို့ကြောင့် နိုင်ငံပိုင်မီဒီယာသည် တစ်စုံတစ်ရာသော အတိုင်းအတာဖြင့် တည်ရှိသင့်ပါကြောင်း၊ မြန်မာနိုင်ငံအကြောင်း ကမ္ဘာကိုတင်ပြသည့် Myanmar Nerrative ကို လတ်တလောတွင် ပုဂ္ဂလိက မီဒီယာများအနေဖြင့်လည်း ဆောင်ရွက်နိုင် စွမ်းမရှိသေးပါကြောင်း၊ သို့သော် ပုဂ္ဂလိကမီဒီယာကို ပြုစုပျိုးထောင်ရန် လိုအပ်ပါကြောင်း၊ ပုဂ္ဂလိကမီဒီယာ ခိုင်မာရင့်သန်လာသည့်တစ်နေ့တွင် နိုင်ငံပိုင်မီဒီယာသည် တဖြည်းဖြည်း နောက်ဆုတ်သွား မည်ဖြစ်ပါကြောင်း၊ သို့သော် လွှတ်တော်ကိုယ်စားလှယ်က ပြောသွားပါကြောင်း၊ တချို့နိုင်ငံများတွင် နိုင်ငံပိုင်မီဒီယာမရှိဘူးဆိုခြင်းမှာ သေချာသုံးသပ်ကြည့်ပါက အပြည့်အဝမမှန်ကန်ဟု ယူဆပါကြောင်း၊ နိုင်ငံပိုင်မီဒီယာသည် ပုံစံတစ်စုံတစ်ရာဖြင့် ရှိကြပါကြောင်း၊ ဒီမိုကရေစီ နိုင်ငံကြီးများတွင်လည်း ရှိကြပါကြောင်း၊ သို့သော်  ပုံစံတစ်စုံတစ်ရာဖြင့် ရှိကြပါကြောင်း၊ အသွင်အမျိုးမျိုးဖြင့် ရှိကြပါကြောင်း၊ အနည်းဆုံး Public Service Media ဟုခေါ်သည့် နိုင်ငံတော်က ဘဏ္ဍာငွေ ကြေးထောက်ပံ့ပေးပါကြောင်း၊ သို့သော် မီဒီယာ၏ မူဝါဒကို ဝင်ရောက်စွက်ဖက်ခြင်း မရှိပါကြောင်း၊ ယင်းကို ဗဟုသုတအဖြစ် တင်ပြလိုပါကြောင်း၊ နိုင်ငံပိုင်မီဒီယာသည်လည်း အသွင်ကူးပြောင်းရေးကာလတွင် တစ်စုံတစ်ရာအထိ ရပ်တည်ရန် လိုအပ်သည်ကို တင်ပြ လိုပါကြောင်း။

 

ယခုကဲ့သို့ အသွင်ကူးပြောင်းဆောင်ရွက်ရာတွင် ကြုံတွေ့လာရမည့် ပြဿနာအခက်အခဲ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် အခြားသက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဆက်စပ်လုပ်ငန်းရှင်များ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ ပညာရှင်များ စသည်တို့ဖြင့် ချိတ်ဆက်လျက် လိုအပ်သည်များကို ပူးပေါင်းညှိနှိုင်း ကူညီဆောင်ရွက်ပေးနိုင်ရန် အဆင့်သင့်ရှိပါကြောင်း ဖြေကြားသည်။

 

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမြမင်းဆွေ၏ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးများတွင် ဦးစီးအရာရှိ ရာထူးအဆင့်ရှိ ဝန်ထမ်းများနှင့် ခရိုင်ရုံးများတွင် လက်ထောက်ညွှန်ကြားရေးမှူး ရာထူးအဆင့်ရှိ ပုဂ္ဂိုလ်များ တာဝန်ပေးအပ်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကို ၂၀၂၀ ပြည့် နှစ် ဩဂုတ် ၃၁ ရက်နေ့အထိ တိုင်းဒေသကြီး/ ပြည်နယ်ရုံး(၁၇)ရုံး၊ ခရိုင်ရုံး (၇၄)ရုံး၊ မြို့နယ်ရုံး (၂၅၆)ရုံးနှင့် မြို့ရုံး(၈၇)ရုံး စုစုပေါင်း (၄၃၄)ရုံးတို့ဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး ခရိုင်အဆင့် ဌာနအကြီးအကဲတာဝန်ကို ဦးစီးအရာရှိ ရာထူးဖြင့်လည်းကောင်း၊ မြို့နယ်အဆင့်ဌာနအကြီး အကဲတာဝန်ကို ဒုတိယဦးစီးမှူး ရာထူးဖြင့်လည်းကောင်း ခန့်အပ်တာဝန်ပေးလျက်ရှိပါကြောင်း။

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်ရှိသည့် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊မြို့နယ်နှင့် မြို့ရုံးများသည် ပြန်ကြားရေးဝန်ကြီးဌာနက ချမှတ်ပေးသည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ အောက်ခြေတွင် အဓိကတာဝန်ယူရသူများဖြစ် သည့်အပြင် ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းအဆင့်ဆင့်က ပေးအပ်သည့် စီးပွားရေး၊ လူမှုရေး၊ စီမံခန့်ခွဲရေးကဏ္ဍများတွင်လည်း အခြားဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြပါကြောင်း၊ ယင်းဦးစီးဌာနအနေဖြင့် တိုးတက်ပြောင်းလဲလာသည့် အခြေအနေများနှင့်အညီ လုပ်ငန်းတာဝန်များကို အဆင့်နှင့် လျော်ညီသည့် တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ပိုင်နိုင်စွာ ဆောင်ရွက်နိုင်စေရေးအတွက် ခရိုင်အဆင့် ဌာနအကြီးအကဲတာဝန်ကို လက်ထောက်ညွှန်ကြားရေးမှူး ရာထူးအဆင့်ဖြင့်လည်းကောင်း၊ မြို့နယ်အဆင့် ဌာနအကြီးအကဲတာဝန်ကို ဦးစီးအရာရှိရာထူးဖြင့် လည်းကောင်း ပြောင်းလဲပြင်ဆင်ဖွဲ့စည်းနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနသို့ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၆ ရက်တွင် အဆိုပြုညှိနှိုင်းခဲ့ပါကြောင်း။

 

ယခုအခါ နိုင်ငံ့ဝန်ထမ်းဖွဲ့စည်းပုံ တိုးချဲ့ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၃၀ ရက်တွင် အမိန့်ကြော် ငြာစာအမှတ် (၆၈/၂၀၂၀) ဖြင့် လိုက်နာဆောင်ရွက်ရမည့်ကိစ္စများအား ထုတ်ပြန်ပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဖွဲ့စည်းပုံ တိုးချဲ့ပြင်ဆင်ရန် ကိစ္စများကို ယင်းအမိန့်ကြော်ငြာစာနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးရဲထွဋ်က ဆက်စပ်မေးခွန်းအဖြစ် ဒီဂျစ်တယ်မီဒီယာသို့ ပုံနှိပ်မီဒီယာများ မပြောင်းလဲနိုင်မီ ကာလတွင် နိုင်ငံတော်အနေဖြင့် မည်သို့ကူညီပံ့ပိုးပေးနိုင်မည်ကို သိရှိလိုခြင်း မေးခွန်းအပေါ် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက မိမိတင်ပြခဲ့သည့်အတိုင်း ဒီဂျစ်တယ်မီဒီယာကို ယခုအခါတွင် မြန်မာမီဒီယာ အများစု အရှိန်အဟုန်ဖြင့် ပြောင်းလဲလျက်ရှိပါကြောင်း၊ တချို့ မီဒီယာအသစ်များသည် ပုံနှိပ်မှ မစတင်တော့ဘဲ အွန်လိုင်းမီဒီယာအဖြစ် စတင်လည်ပတ်နေသည်ကို တွေ့ရှိရပါကြောင်း၊ ပုံနှိပ်မီဒီယာတချို့ကျန်ရှိနေသည်မှာ ပုံနှိပ်ခြင်းနှင့် မီဒီယာလုပ်ငန်းတွဲ၍ လည်ပတ်နေခြင်းဖြစ်ပါကြောင်း၊ ယင်းပုံနှိပ်လုပ်ငန်းကို ကူညီရန်အတွက် မိမိတို့ ဆောင်ရွက်နေသည့် ကိစ္စရပ်များရှိပါကြောင်း၊ ဥပမာအနေဖြင့် Covid Relief နှင့်ပတ်သက်သည့် အထူးချေးငွေများပေးသည့်ကိစ္စနှင့် အခွန်အကောက်များ လျော့ပေးသည့်ကိစ္စများ ရှိပါကြောင်း၊ ယင်းကိစ္စရပ်များကို လွှတ်တော်ကိုယ်စားလှယ်အနေဖြင့် သက်ဆိုင်ရာ လုပ်ငန်းရှင်များနှင့် ညှိနှိုင်းတိုင်ပင်ပြီး မိမိတို့ ပြန်ကြားရေးဝန်ကြီးဌာနသို့ အကြောင်းကြားလာမည်ဆိုပါက လိုအပ်သလိုချိတ်ဆက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

 

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ကျော်ဝင်း၏ မောင်တော မြို့နယ်၊ (ဒု) ချီးရားတန်း ကျေးရွာအုပ်စုအတွင်း ဗောဓိကုန်း လျှိုပိတ်ဆည်ငယ် တည်ဆောက်ရာ၌ ဗောဓိကုန်းကျေးရွာနှင့် ကံသာယာကျေးရွာတို့မှ သိမ်းဆည်းရာတွင် ပါဝင်သော လယ်ယာမြေနှင့် အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းအား လုပ်ထုံးလုပ်နည်းနှင့်အညီ လျော်ကြေး၊ နှစ်ရှည်ပင်အတွက် နစ်နာကြေး မြေပြန်လည်အစားထိုး ဖြေရှင်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဗောဓိကုန်း လျှိုပိတ်ဆည် ရေဝပ်ဧရိယာအတွင်း ပါဝင်သွားသော လယ်မြေဧက ၁၆ ဒသမ ၅ ဧက အတွက် မိမိတို့ဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့် နစ်နာကြေး၊ လျော်ကြေးပေးနိုင်ရေးကို ခရိုင်၊ ပြည်နယ်လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့သို့ တင်ပြပြီး ထိုမှတစ်ဆင့် ဗဟိုလယ်ယာမြေစီမံ ခန့်ခွဲမှု အဖွဲ့သို့ဆက် လက်တင်ပြ စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အနေဖြင့်လည်း ရေဝပ်ဧရိယာအတွင်း ပါဝင်သွားသည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော ဧရိယာ ၄ ဒသမ ၅ ဧကအတွက် လက်ရှိတည်ထောင် ဆောင်ရွက်လျက်ရှိသည့် ဧရိယာနှင့် တစ်ဆက်တစ်စပ်တည်း ခွင့်ပြုနိုင်မည့် မြေဧရိယာရှိပါက အစားထိုးခွင့်ပြုနိုင်ရေး စိစစ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလှဦး၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်ရှိ “အမြင့် မြို့ဟောင်းသည် ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှုနယ်မြေတစ်ခုဖြစ်ပြီး ရှေးဟောင်းယဉ်ကျေးမှု ပစ္စည်းအမျိုးမျိုးတို့အား နေရာအတည်တကျ ဂုဏ်ယူပြသထားရှိနိုင်ရန် အမြင့်မြို့ဟောင်းယဉ်ကျေးမှုပြတိုက် အဆောက်အဦတစ်လုံး ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် အမြင့်မြို့ဟောင်း၏ အထိမ်းအမှတ်မင်းလက်ဝါး၏ ရုပ်ထုပုံတော် စိုက်ထူပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

 

ထို့ပြင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်ကျော်ဇံ၏ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ လက်ဝဲဒက်ပုဇွန်ချောင်း ကျေးရွာအုပ်စု၊ သစ်တောကျေးရွာအား ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောမြေအဖြစ်မှ ပယ်ဖျက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန အမည်ပေါက် ကျေးရွာအဖြစ် ပြင်ဆင်ဖွဲ့စည်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စေတောင်ကျေးရွာအုပ်စု၊ ငလှမ်းပြင် ကျေးရွာအုပ်စု၊ စံဂိုး တောင်ကျေးရွာအုပ်စု၊ နွားရုံတောင် ကျေးရွာတို့အား မူလအမည်မှန်ဖြစ်သည့် စည်တောင်ကျေးရွာအုပ်စု၊ ငွေတောင်ကျေးရွာအုပ်စု၊ စံဂိုးတောင်ကျေးရွာအုပ်စု၊ အောင်ဇေယျ ကျေးရွာအဖြစ် ပြောင်းလဲပြင်ဆင်သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးတင်ဝေ၏ တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်မြို့၊ မြိတ်တောင် ကျေးရွာ၊ အင်းလေးမြိုင်ရပ်ကွက်၊ စက်မှုဇုန် အတွင်းရှိ ငါးအမှုန့်ကြိတ်စက်ရုံများအား အပြီးအပိုင်ပိတ်သိမ်းရန် အစီအစဉ် ရှိ/မရှိ နှင့် နှစ်စဉ် နိုင်ငံတော်သို့ အခွန်မည်မျှ ထမ်းဆောင်နေရသည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က လည်းကောင်း ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ခြင်းမပြုဘဲ သဘောတူကြောင်း ဆုံးဖြတ်ချက်ပေးပို့လာခြင်းကို အသိပေးတင်ပြသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာကော်မတီ၏ ၂၀၁၈ ခုနှစ် မတ် ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၃၀ ရက်အထိ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ အစီရင်ခံစာကို မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဆန်းက ဆွေးနွေးသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာကော်မတီ အတွင်းရေးမှူး ဦးစိုးဝင်းက လွှတ်တော်ကိုယ်စားလှယ်၏ ဆွေးနွေးချက်နှင့် စပ်လျဉ်း၍ ပြန်လည် ရှင်းလင်းဆွေးနွေးပြီး ကော်မတီ၏ အစီရင်ခံစာကို သဘောတူလက်ခံရန် အဆိုတင်သွင်းသည်။

 

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုကို အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူမရှိသည့်အတွက် ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ အစီရင်ခံစာကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီ၏ ၂၀၁၈ ခုနှစ် မတ် ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၃ ရက်အထိ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှ ဒေါ်ထုမေက ဆွေးနွေးသည်။

 

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေးက လွှတ်တော်ကိုယ်စားလှယ်၏ ဆွေးနွေးချက်နှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ကော်မတီ၏ အစီရင်ခံစာကို သဘောတူလက်ခံရန် အဆိုတင်သွင်း သည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အဆိုကို အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူမရှိသည့်အတွက် ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိမ်းဆွေက ကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးထိ တင်သွင်းမေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို အမျိုး သားလွှတ်တော်သို့ ဖတ်ကြားတင်သွင်းသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အဆိုပါ ကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော် မတီဝင် ဦးထိန်ဝင်းက ကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့် အစီရင်ခံစာ (၁/၂၀၂၀) ကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြားတင်သွင်းသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အဆိုပါကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို ဩဂုတ် ၂၇ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်