ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး ၁၄ရက် မြောက်နေ့ ကျင်းပ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြ မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ အစီရင်ခံစာ ၁ ခု ဖတ်ကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ချင်းဒေါက်ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းတွင် လိုအပ်လျက်ရှိသော (၁၂၀ x ၃၀) ပေ RC နှစ်ထပ် ကျောင်းဆောင်သစ်ကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပလက်ဝမြို့နယ်၊ ချင်းဒေါက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် လက်ရှိကျောင်းသားဦးရေနှင့် စာသင်ဆောင်အခြေအနေအရ တိုးချဲ့ကျောင်းဆောင်သစ် တစ်ဆောင် ဆောက်လုပ်ပေးရန် လိုအပ်သောရန်ပုံငွေကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လျာထားပြီး ဘဏ္ဍာငွေခွဲဝေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဇုန်လှယ်ထန်း၏ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ သီးကျိရ်ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)ကို အခြေခံပညာ အလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ သီးကျိရ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် အလယ်တန်းအဆင့်သင် ကျောင်းသား ကျောင်းသူ (၄၆) ဦးသာ ရှိသော်လည်း အနီးဆုံး အလယ်တန်းအဆင့်သင် ကျောင်းဖြစ်သော တီအိုချောင်း အခြေခံပညာအထက်တန်းကျောင်း (ခွဲ)နှင့် ၁၃ မိုင်ခန့် ကွာဝေးနေသည်ကို တွေ့ရှိရပါကြောင်း။

 

ထို့ကြောင့် ကျောင်းသား ကျောင်းသူများ ပညာသင်ကြားမှု အခွင့်အလမ်းပိုမို တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၉ - ၂၀၂၀ ကျောင်းအဆင့်တိုးမြှင့်ခြင်းများ ဆောင်ရွက်သည့်အချိန်တွင် အခြေခံပညာအလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့် ပေးနိုင်ရန် စိစစ်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးတင်အောင်ထွန်း၏ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ မုန်းဇလဲကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ အန္တရာယ်ရှိ ကျောင်းဆောင်အတွက် (၆၀ x ၃၀) ပေ သွပ်မိုး အုတ်ညှပ်တစ်ထပ်အသစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အန္တရာယ်ဆောင်ဖြစ်နေသည့် ကျောင်းဆောင်အစား ကျောင်းဆောင်အသစ် တစ်ဆောင် ဆောက်လုပ်ရန်အတွက် လိုအပ်သော ရန်ပုံငွေကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လျာထားပြီး ဘဏ္ဍာငွေ ခွဲဝေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ ၏ ရခိုင်ပြည်နယ်၊ တောင်ကုတ် ဒီဂရီကောလိပ်ကို တက္ကသိုလ်အဆင့်သို့ တိုးမြှင့်သင်ကြားခွင့်ကို ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်တွင် လိုအပ်သည်များအား အပြီးသတ် ဆောင်ရွက်ပေးပြီး ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က တောင်ကုတ်ဒီဂရီကောလိပ်တွင် သင်ကြားရေးဘာသာရပ် ၁၂ ခုအတွက် ခွင့်ပြု ဆရာ၊ ဆရာမ ၃၁၅ ဦး အနက် ၁၁၈ ဦးခန့်ထား၍ စီမံခန့်ခွဲရေး ဝန်ထမ်း ၉၀ ခန့်ထားပြီး ဖြစ်ပါကြောင်း၊ တက္ကသိုလ်အဆင့် တိုးမြှင့်မည် ဆိုပါက ဘွဲ့ ကြိုတန်း၊ ဂုဏ်ထူးတန်းနှင့် မဟာအရည်အချင်းစစ်သင်တန်းများအပြင်  ဒီပလိုမာ သင်တန်း၊ M.Phil နှင့် မဟာဘွဲ့ သင်တန်းများပါ သင်ကြားပို့ချမည် ဖြစ်ပါကြောင်း။

 

တိုးမြှင့်လာမည့် ကျောင်းသားဦးရေနှင့် သင်တန်းများအတွက် ဆရာ၊ ဆရာမ အင်အား၊ ဝန်ထမ်းအင်အားများ ထပ်မံဖြည့်ဆည်းပေးရန် လိုအပ်ချက်များ ရှိပါကြောင်း၊ အဆိုပါ လိုအပ်ချက်များကို ဘဏ္ဍာရေးနှစ်အလိုက် ဖြည့်ဆည်း ဆောင်ရွက်နိုင်ရန်အတွက် ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း ကျောင်းသား၊ ဆရာ၊ သုတေသန ဆောင်ရွက်မှုအခြေအနေ၊ နေ့သင်တန်း၊ အဝေးသင်သင်တန်း၊ ဘွဲ့ကြိုဂုဏ်ထူးတန်း၊ သုတေသနဆိုင်ရာများ၊ ဆရာ၊ ဆရာမ လုံလောက်မှု အခြေအနေ၊ စာသင်ခန်း လုံလောက်မှု အခြေအနေ၊ သင်ထောက်ကူ ပစ္စည်းအခြေအနေ၊ စာကြည့်တိုက်အခြေအနေ၊ ကျောင်းသား ကျောင်းသူ အိပ်ဆောင်အခြေအနေ လိုအပ်ချက်များကို အဆင့်အလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဖြေကြားသည်။

 

အလားတူ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့် (ခ) ဦးလှမြင့်သန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမျိုးထပ် (ခ) ဆလိုင်းမျိုးထိုက်နှင့် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးရှန်အောရ် တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါ်လှဌေး (ခ) ဒေါ်အုန်းကြည် က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည် ဖတ်ကြားရှင်းလင်းသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဆိုပါ ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားသည့်အတိုင်း အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူသည်။

 

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ထွေးက အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့ သဘော ကွဲလွဲသည့်အချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် အဆိုတင်သွင်းသည်။

 

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော် နှစ်ရပ် သဘောကွဲလွဲသည့် အချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်းအဝေး ၁၅ ရက်မြောက် နေ့ကို ဒီဇင်ဘာ ၁၇ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်