ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်းအဝေး ၁၆ ရက် မြောက်နေ့ကျင်းပ

နေပြည်တော်  ၁၉  ဒီဇင်ဘာ

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်းအဝေး ၁၆ ရက် မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်း အဝေးခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြ မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ အစီရင်ခံစာနှစ်ခု ဖတ်ကြားခြင်းနှင့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို ဆွေးနွေး၍ အတည်ပြုချက် ရယူခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန်၏ ချင်းပြည်နယ်၏ အထင်ကရ နေရာတစ်ခုဖြစ်သော ဘုံတလာရေတံခွန်သို့သွားသော လမ်း ၈ မိုင်ပေါ်တွင် လိုအပ်သော မြေထိန်းနံရံ ပေ (၃၀၀)နှင့် ရေပြွန် ၁၂ စင်း အပါအဝင် မြေပြိုမှုများအား ဖယ်ရှားပေးပြီး ကတ္တရာလမ်းခင်းရန် ကျန်ရှိသော ၂ မိုင် ၅ ဖာလုံအား ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်း ခင်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက မတူပီမြို့နယ်၊ စောင်ထီးယား-ဘုံတလာလမ်းအား အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် မိုင်တိုင် ၅ အထိ စုစုပေါင်း ၅ မိုင်ကို အကျယ် ၁၂ပေမှ ၂၄ ပေ လမ်းတာချဲ့ခြင်း၊ မိုင်တိုင် ၅မှ ၈ အထိ ၃မိုင်ကို မူလပျှမ်းမျှအကျယ် ၆ ပေမှ အကျယ် ၂၄ပေ လမ်းတာချဲ့ခြင်း၊ ရေပြွန် ၁၂ စင်း တည်ဆောက်ခြင်းနှင့် မြေထိန်းနံရံ ပေ ၄၀၀ လေးခု တည်ဆောက်ခြင်း လုပ်ငန်းများကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေတွင် တင်ပြတောင်းခံ၍ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

မိုင်တိုင် ၅ မှ ၈ အထိ ၃ မိုင်အား ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းနှင့် Gabion Wall ပေ ၈၀၀ လေးခု တည်ဆောက်ခြင်း၊ ကျောက်စီရေမြောင်း ပေ ၂၀၀၀ နှစ်ခုတည် ဆောက် ခြင်းတို့အတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာထားသွားမည်ဖြစ်ပြီး ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးဝင်းမြင့်၏ ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်တွင် စတင်ခဲ့သည့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းအရ အကောင်အထည်ဖော်ခဲ့သော သူငယ်တန်း၊ ပထမတန်းများအတွက် သင်ပြမှု၊ သင်ယူမှု၊ ကလေးသူငယ်များ၏ အမူအကျင့် ပြောင်းလဲမှု (Behavior Changes) လေ့လာသုံးသပ် အကဲဖြတ်မှုအပေါ် သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက မြန်မာ့ပညာရေးစနစ်သစ် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန် သင်ရိုးညွှန်းတမ်းသည် အရေးကြီးသကဲ့သို့ သင်ကြားသူ ဆရာ၊ ဆရာမများ၏ သင်ကြားမှုများသည်လည်း အလွန်အရေးကြီးပါကြောင်း၊ သင်ရိုးသစ်ကို မူလတန်းသင် ဆရာ၊ ဆရာမများအား လေ့ကျင့်သင်ကြားပေးနိုင်ရေးအတွက် ဗဟိုအဆင့် နည်းပြသင်တန်း၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် နည်းပြသင်တန်းနှင့် မြို့နယ်အဆင့် သင်တန်းများ ဖွင့်လှစ်ခဲ့ပါကြောင်း။

 

သင်ရိုးသစ်သင်တန်းများ ပို့ချသည့်အချိန်တွင် စစ်ဆေးအကဲဖြတ်ခြင်းကို သင်ခန်းစာပါ အကြောင်းအရာများနှင့် ချိတ်ဆက်၍ ပို့ချပေးခဲ့သော်လည်း ယခုအခါ ကြီးကြပ်အကဲဖြတ်ရေး အဖွဲ့များ၊ ဆန်းစစ်လေ့လာသူများနှင့် အတန်းတွင်းဝင်ရောက် သင်ကြားပေးနေသော ဆရာ၊ ဆရာမများအား သင်ပြမှု၊ သင်ယူမှု ကလေးသူငယ်များ၏ အမူအကျင့်ပြောင်းလဲမှုများ (Behavior Changes)ကို လေ့လာသုံးသပ်ရန် ပိုမိုလိုအပ်လာပြီ ဖြစ်သောကြောင့် အခြေခံပညာဦးစီးဌာန၊ ပညာရေး သုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ (JICA) တို့ ပူးပေါင်းပြီး မူလတန်းအောက်ဆင့် စာသင်ခန်းတွင်း စစ်ဆေးအကဲဖြတ်ခြင်း ဆွေးနွေးပွဲ ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်နှင့် မြို့နယ်အဆင့်တို့ကို ဆွေးနွေးပို့ချပေးရန် စီစဉ်ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း။

 

အဆိုပါ ဆွေးနွေးပွဲများတွင် မေးခွန်းဖြင့် စစ်ဆေးအကဲဖြတ်ခြင်း၊ လုပ်ဆောင်မှုဖြင့် စစ်ဆေးအကဲဖြတ်ခြင်း၊ လုပ်ဆောင်မှုမှတ်တမ်းများကို စုစည်း၍ စစ်ဆေးအကဲဖြတ်ခြင်း၊ မိမိကိုယ်ကို ဆန်းစစ်အကဲဖြတ်ခြင်းနှင့် စာသင်ခန်း အဆင့်အကဲဖြတ်ခြင်းတို့ကို ဆွေးနွေးပို့ချခြင်းဖြင့် ဆန်းစစ်ခြင်း အမျိုးမျိုး ကျွမ်းကျင်မှုရှိစေရန် လေ့ကျင့်ဆောင်ရွက်ပေးပြီး ဖြစ်ပါကြောင်း။

 

ဆန်းစစ်ရရှိသော သုံးသပ်ချက်များကို သက်ဆိုင်ရာ ပညာရေးရုံးအဆင့်ဆင့်မှ စုစည်းတင်ပြချက်အရ အကြောင်း အမျိုးမျိုးကြောင့် သင်တန်းမတက်ရသေးသော ဆရာ၊ ဆရာမများအား ပို့ချပေးရန် စီစဉ်ခဲ့ခြင်းနှင့် စစ်ဆေးသောအဖွဲ့ဝင်များ၊ ကြီးကြပ်သော အဖွဲ့ဝင်များနှင့် မူလတန်း အောက်ဆင့်သင်ဆရာ၊ ဆရာမများအား လေ့လာဆန်းစစ်မှု သင်တန်းများပေး၍ ဆောင်ရွက်မည် ဖြစ်သောကြောင့် လာမည့်စာသင် နှစ်များတွင်လည်း ကလေးများ၏ အမူအကျင့်ပြောင်းလဲခြင်းနှင့် သင်ကြားသင်ယူမှုများကို အဆင့်ဆင့်လေ့လာသုံးသပ်၍ ဖြည့်ဆည်းမှုများ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

အလားတူ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်နွယ်နွယ်အောင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးရဲထွဋ်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂)မှ ဦးခင်ဝင်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါ်သန်းသန်းအေးနှင့် မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ် တို၏ မေးခွန်းများနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းတို့က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာမျိုးအောင်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဆိုပါ ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဗိုလ်မှူးချုပ် တင့်လွင်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော စားသုံးသူကာကွယ်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုပါ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမ ပုံမှန်အစည်းအဝေးမှ နဝမ ပုံမှန်အစည်းအဝေးအထိ တင်သွင်းမေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁)မှ ဦးလှဆန်းက ဆွေးနွေးရာတွင် ကော်မတီ၏ လုံ့လစိုက် ဆောင်ရွက်မှုများကြောင့် မိမိတို့ ကိုယ်စားလှယ်များသာမက ပြည်သူများပါ နိုင်ငံ့အတွက် အရေးပါသော  အကြောင်းအရာများကို သိရှိခွင့် ကြုံခဲ့ရပါကြောင်း၊ ကော်မတီ၏ အစီရင်ခံစာဆောင် ရွက်ချက်တွင် မိမိ၏မဲဆန္ဒနယ်နှင့် သက်ဆိုင်သည့် ကြယ်ပွင့်ပြနှင့် ကြယ်ပွင့်မပြ မေးခွန်းများ၊ ဌာနဆိုင်ရာများ ဆောင်ရွက်ရန် ကျန်ရှိနေသည်များကိုလည်း အားလုံးပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်သကဲ့သို့ ကော်မတီမှလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၏ လမ်းညွှန်မှု ခံယူ၍ ကြယ်ပွင့်ပြနှင့် ကြယ်ပွင့်မပြမေးခွန်း၊ တင်သွင်းသည့် အဆိုများအတွက် ဆက်လက်ကွင်းဆင်း စစ်ဆေးပေးပါရန် တိုက်တွန်းအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိမ်းဆွေက အဆိုပါ အစီရင်ခံစာကို သဘောတူ လက်ခံရန် အဆိုတင်သွင်းသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုပါ အစီရင်ခံစာကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်းအဝေး ၁၇ ရက် မြောက်နေ့ကို ဒီဇင်ဘာ ၂၀ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်