ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကျင်းပ

နေပြည်တော် ၃  မေ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေနံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေး ခန်းမ၌ကျင်းပရာ လွှတ်တော်ကိုယ်စားလှယ် ငါးဦးမေးမြန်းသည့် ကြယ်ပွင့်ပြ မေးခွန်းများအား ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြန်လည် ရှင်းလင်းဖြေကြားခြင်းနှင့် အဆို(၁)ခု တင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမန်းဝင်းခိုင်သန်းက အမျိုးသား လွှတ်တော်ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီတွင် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် သက်နိုင်အစား ဗိုလ်မှူးချုပ်ညွှန့်ဆွေအား အဖွဲ့ဝင်အဖြစ် အစားထိုးပြင်ဆင်ဖွဲ့စည်းခြင်းကို လွှတ်တော်သို့တင်ပြ၍ အတည်ပြုချက် ရယူသည်။

ထို့နောက် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၏ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း ကျေးရွာချင်းဆက်လမ်းဖြစ်သည့် ပိန္နဲချောင်း-ကြောင်စွယ်ဖြူ လမ်း(၁၉)မိုင်ထဲမှ ကွန်ကရစ်လမ်း(၂)မိုင်၊ ကျောက်ချောလမ်း(၂)မိုင်နှင့် မြေသားလမ်း(၂)မိုင် တို့ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်လင်းက ပိန္နဲချောင်း- ကြောင်စွယ်ဖြူလမ်း အရှည်(၁၉)မိုင်သည် ကွန်ကရစ်လမ်း(၂)မိုင်နှင့် မိုင်တိုင်အမှတ် (၂/ဝ)မှ (၄/ဝ)အထိ ကျောက်လမ်း(၂)မိုင် ပါဝင်ပြီး ကျန်လမ်းပိုင်းသည် ကျေးရွာချင်းဆက် မြေသားလမ်း ဖြစ်ပါကြောင်း၊ လမ်းအဆင့်မြှင့်တင်ပြီးပါက ကျေးရွာ(၃)ရွာ၊ အိမ်ခြေ (၂၃၂၃)အိမ်၊ လူဦးရေး ၄၆၀ဝ ကျော် တို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာမည် ဖြစ်ပါကြောင်း။

ပိန္နဲချောင်း- ကြောင်စွယ်ဖြူလမ်းအား ကျောက်တန်းကျေးရွာမှ စစ်အောင်ကျေးရွာအထိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း (၁)မိုင် (၅)ဖာလုံနှင့် သာဒါဆိပ်ကျေးရွာမှ ကသစ်တောကျေးရွာအထိ မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်း (၂)မိုင်တို့ကို ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင် တင်ပြထားပြီး ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ်၏ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ မြို့မ(၁၃)ရပ်ကွက် နန်းဖာလုံနှင့် သာယာကုန်းကျေးရွာသို့ ဆက်သွယ်ထားသော လမ်းမပေါ်ရှိ ချောင်းကူးတံတားအား အသစ်ပြန်လည် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက လွှတ်တော်ကိုယ်စားလှယ် မေးမြန်းသည့် ပြည်တော်သာသစ်သားချောင်း ကူးတံတား သည် တမူးခရိုင်၊ တမူးမြို့နယ်၊ မြို့မ (၁၃) ရပ်ကွက်မှ ချောင်းနက်ကြီး- အူစူး- သာယာကုန်း ဂဝံလမ်းအရှည် (၆)မိုင် (၄)ဖာလုံကျေးလက်လမ်းပေါ်တွင် တည် ရှိသည့် တံတားဖြစ်ပြီး တမူး - စေတီလမ်းမကြီးတို့နှင့် ဆက်သွယ်လျက်ရှိပါကြောင်း။

အဆိုပါ တံတားသည် လမ်းအဆင့် သတ်မှတ်ချက်အရ Class (A) ဦးစားပေး အဆင့်(၁)လမ်းပေါ်တွင် တည်ရှိသဖြင့် ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတွင် တင်ပြပြီး ရန်ပုံငွေ ရရှိမှုအပေါ် မူတည်၍ ကွန်ကရစ်တံတားအဖြစ် အသစ်ပြန်လည်တည် ဆောက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလင်းတင်ဌေး၏ မွန်ပြည်နယ်၊ မော်လမြိုင် ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကမာကေး-ကွင်းကလိန်-ဆယ်ပလာလမ်း ပိုင်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကတ္တရာလမ်းခင်းပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ဒုတိယဝန်ကြီး က ကမာကေး - ကွင်းကလိန် - ဆယ်ပလာလမ်းသည် လမ်းအဆင့်သတ်မှတ်ချက်အရ Class (A) ဦးစားပေးအဆင့် (၁)တွင် ပါဝင် သဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင် ဆက်လက် ထည့်သွင်းလျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ ကတ္တရာလမ်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးမင်းဦးနှင့် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးမင်းဆွေနိုင်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါက်တာတင်တင်ဝင်းက ကျေးလက်နေ အမျိုးသမီးများ၏ လူနေဘဝမြှင့်တင်ရန် စီးပွားရေးတွင် တစ်နိုင် တစ်ပိုင်ပါဝင်ရန် နေရပ်စွန့်ခွာ၍ ရေမြေခြား အလုပ်သွားလုပ်ခြင်းကို လျှော့ချနိုင်ရန်နှင့် အမျိုးသမီးများအတွက် ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးရန် အိမ်တွင်းစီးပွားရေး လုပ်ငန်းများဖော်ဆောင်ဖို့ အသိပေးခြင်း၊ နည်းပညာပေးခြင်း၊ ရင်းနှီးရန်ပုံငွေကြေး ရှာဖွေခြင်း၊ ကုန်ကြမ်းကို ဒေသထွက်အဖြစ် ဖော်ထုတ်ပေးခြင်း၊ ဈေးကွက်ဖော်ဆောင်aပးခြင်း၊ ဈေးကွက်တည်တံ့အောင် ဆောင်ရွက်ပေးခြင်း၊ သက်ဆိုင်ရာဌာနများ စုပေါင်း၍ ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းရာတွင် မြန်မာနိုင်ငံလူဦးရေ၏ ၇၀ရာခိုင်နှုန်းသည် ကျေးလက်တွင် နေထိုင်ပါကြောင်း၊ ကျေးလက်နေ အမျိုးသမီးဦးရေသည် မြို့ပြထက်ပိုပါကြောင်း၊ အဆိုတင်သွင်းရသည့် ရည်ရွယ်ချက်အနေဖြင့် ကျေးလက်နေ အမျိုးသမီးများ စွမ်းဆောင် ရည်မြှင့်တင်ရန်၊ မိမိကိုယ်ကို ယုံကြည်မှုရှိရန်၊ တစ်ဖက်နိုင်ငံနှင့် မြို့ပေါ်သို့ အလုပ်သွားရောက် မလုပ်ကိုင်ဘဲ အိုးမကွာအိမ်မကွာ သင့်တင့်မျှတသော ဝင်ငွေရရှိနိုင်ရန်နှင့် နိုင်ငံ့စီးပွားရေးတွင် ပို့ကုန်မြှင့်တင်ရာတွင် ပါဝင်ရန် ဖြစ်ပါကြောင်း၊

ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်မှာ မဲဆန္ဒရှင် ပြည်သူများ၏ ဘဝများကို ထူးခြားပြောင်းလဲသွားစေမည့် လုပ်ငန်းများ လုပ်ဆောင်ရန် ပါဝင်ပါကြောင်း၊ ယခုအဆိုမှာ မဲဆန္ဒရှင် ကျေးလက်အမျိုးသမီးများ၏ ဘဝကို ပြောင်းလဲသွားစေလိုသော ဆန္ဒဖြင့် တင်သွင်းခြင်း ဖြစ်ပါကြောင်း၊  အဆိုသည် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ရေးဆွဲသော မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဖွံ့ဖြိုးတိုးတက်ရန် စီမံချက် (၂၀၁၈- ၂၀၃၀)တွင် ငြိမ်းချမ်းရေး၊ စီးပွားဖွံ့ဖြိုးရေး၊ လူထုဗဟိုပြု ဒီမိုကရေစီ နိုင်ငံဖြစ်ရေးဟူသော ဦးတည်ချက်ကို အထောက်အပံ့ပြုနိုင်မည် ဖြစ်ပါကြောင်း။

ယခုအချိန်သည် ကျေးလက်ကိုစွန့်ခွာ၍ တစ်ရပ်တစ်ကျေးသို့ သွားရောက် အလုပ် လုပ်နေသောကြောင့် ကျေးလက်တွင် လယ်ယာလုပ်သားများ ရှားပါးချိန်လည်း ဖြစ်ပါကြောင်း၊ အမျိုးသမီးများအတွက်လည်း ကျေးလက်တွင် အဆင်မပြေသောကြောင့် မြြို့့ပသို့ သွားရောက်၍ တစ်ဖက်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ရာတွင် လူကုန်ကူးခံရခြင်း၊ မြို့ပြတွင် ကျူးကျော်များ များပြားလာခြင်း၊ လိင်အကြမ်းဖက်မှုများ ကြုံနေရခြင်းကြောင့် အမျိုးသမီးများဘဝ လုံခြုံမှုမရှိတော့ပါကြောင်း၊ ယခုအတိုင်း ဆက်လက်၍ ကျေးလက်ကို ပစ်ထားမည်ဆိုပါက ကျေးလက်များ ဆိတ်သုဉ်းသွားနိုင်ပါကြောင်း။

ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးအဖွဲ့များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ၊ ကျွမ်းကျင်ပညာရှင်များ၊ SME ချေးငွေပေးနိုင်သော ဌာနများမှ ဟန်ချက်ညီညီစုပေါင်းလုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့အစည်း၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း၊ ပြည်တွင်း၊ ပြည်ပအစိုးရ မဟုတ်သော အဖွဲ့အစည်း၊ အရပ်ဘက်လူမှုအဖွဲ့အစည်း၊ လူထုအခြေပြုအဖွဲ့အစည်း နှင့် ပုဂ္ဂလိကများထံမှ ဘဏ္ဍာရေးနည်းပညာအကူအညီများကို အစိုးရအဖွဲ့၏ သဘောတူညီမှုဖြင့် ဥပဒေနှင့်အညီ ရယူနိုင်ရန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းသည် ကျေးလက် ဥပဒေ အခန်း(၃) အပိုဒ်(၅) ဃ နှင့် ညီပါသဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် အခြားသက်ဆိုင်ရာ အစိုးရဌာနအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များက ဦးဆောင်၍ ဆောင်ရွက်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆိုကို တင်သွင်းအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်နွယ်နွယ်အောင်က ကျေးလက်နေ အမျိုးသမီးများ၏ လူနေမှုဘဝ မြှင့်တင်ရန်အတွက် ပစ္စည်းကိရိယာများ၊ နည်းပညာများ၊ ငွေကြေးအရင်းအနှီးပံ့ပိုးမှုများကို နိုင်ငံတော်မှ မူဝါဒများ ချမှတ်ပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် လိုအပ်နေပြီ ဖြစ်သည့်အတွက် အဆိုကို လွှတ်တော်က လက်ခံဆွေးနွေးသင့်ပါကြောင်း ထောက်ခံပြောကြားသည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုကို လက်ခံဆွေးနွေးရန် သင့်၊မသင့် လွှတ်တော်၏အဆုံးအဖြတ်ရယူရာ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄)မှ ဦးအောင်ကြည်ညွန့်က အဆိုသည် ဆွေးနွေး၍ အောင်မြင်သွားပါကလည်း အစိုးရအနေဖြင့် လက်တွေ့အကောင် အထည်ဖော် ဆောင်ရွက်ရန် အင်မတန် ခက်ခဲမည် ဖြစ်သည့်အတွက် အဆိုကို လွှတ်တော်က အလေးအနက်ထား၍ စဉ်းစား သုံးသပ်သင့်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုကို လက်ခံဆွေးနွေးရန် သဘောမတူသည့် လွှတ်တော်ကိုယ်စားလှယ် ရှိသည့်အတွက် ၂၀၁၅ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၊ နည်းဥပဒေခွဲ(တ)၊ နည်းဥပဒေခွဲငယ် (၃)အရ မတ်တတ်ရပ်၍ ဆန္ဒပြုသည့် နည်းလမ်းဖြင့် လွှတ်တော်၏ ဆန္ဒရယူမည် ဖြစ်ကြောင်းနှင့် ဆန္ဒရယူရာတွင်လည်း အဆိုကို လက်ခံဆွေးနွေးရန် သဘောတူသည့် လွှတ်တော်ကိုယ်စားလှယ်များသည် မိမိတို့နေရာများတွင် မတ်တပ်ရပ်ပြရန် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့ပြင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက မတ်တပ်ရပ်ပြသည့် လွှတ်တော်ကိုယ်စားလှယ်သည် ၄၀ ဦးနှင့်အထက် ဖြစ်ပါက လက်ခံဆွေးနွေးရန် သဘောတူသည် ဟုလည်းကောင်း၊ ၄၀ ဦးမပြည့်လျှင် လက်ခံဆွေးနွေးရန် သဘောမတူဟုလည်းကောင်း လွှတ်တော်သို့ ကြေညာမည် ဖြစ်ကြောင်း ပြောကြားပြီး လွှတ်တော်၏ အဆုံးအဖြတ်ရ ယူရာ မတ်တပ်ရပ်ပြသည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေသည် ၁၁၀ ဦး ရှိပြီး ၄၀ ဦးထက် ကျော် လွန်သည့်အတွက် အဆိုကို လက်ခံဆွေးနွေးရန် သဘောတူကြောင်း ကြေညာသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

mdn

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို မေ ၈ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်