ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ ကျင်းပ

ဟားခါး ၂၉ မတ်

 

ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို မတ်လ ၂၈ ရက် နံနက် ၁ဝ နာရီက ဟားခါးမြို့ ချင်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၂၂)ဦး တက်ရောက်ကြသည်။ 

 

အစည်းအဝေးတွင် ချင်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်း၏ ဒုတိယဥက္ကဋ္ဌ တာဝန်ရပ်နားခွင့် တင်ပြခြင်းကို အတည်ပြုကြောင်း ကြေညာသည်။

 

0

 

ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၅)ဦးက တုံးမဝ-ဘဲဒုံလမ်းတွင် ဖောက်လုပ်ရန် ကျန်ရှိသော (၂)မိုင်အား မည်သည့်ဘဏ္ဍာရေးနှစ်တွင် အပြီးသတ်ဖောက်လုပ်ပေးရန် အစီအစဉ်ရှိသည်ကို သိရှိလိုသောမေးခွန်း၊ ပလက်ဝမြို့ အ.ထ.က(၂)ကျောင်းတွင် အလျားပေ(၁၂၀) × အနံပေ(၃၀)ရှိသော RC နှစ်ထပ်ဆောင် အဆောက်အဦသစ်အား မည်သည့်အချိန် ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးရံပုံငွေ အဖြစ် လျာထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုသောမေးခွန်း၊ မတူပီမြို့နယ် စည်ပင်နယ်နိမိတ်အတွင်း ကားဝေါ့ရှော့များကို မြို့ပြင်သို့ပြောင်းရွှေ့ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုသောမေးခွန်း၊ မတူပီမြို့နယ် မာဒူးကျေးရွာရှိ မာဒူးကျေးလက်ကျန်းမာရေးဌာနကို (၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံအဆင့်သို့ ၂၀၁၉-၂၀၂ဝ ခုနှစ်၊ ဘတ်ဂျက်တွင် အချိန်မီတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုသောမေးခွန်း၊ ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ တွီးထန်ကျေးရွာအား မြို့အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ၊ ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ တွီးထန်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာန၏ စံကိုက် အဆောက်အဦ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ဆွောင်ဆန်းကျေးရွာအုပ်စု၊ ဝါလ်ဘွာလ်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာန(ခွဲ) စံကိုက်အဆောက်အဦ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ တလန်ရွာ(က) ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်လျက်ရှိသော ဘောလုံးကွင်းအတွက် လိုအပ်သော ကျပ်သိန်း ၃၀ဝ အား ပံ့ပိုးရန် အစီအစဉ်ရှိ/မရှိ၊ မတူပီမြို့နယ်၊ ပညာရေးဦးစီးဌာန၊ အထက(ခွဲ)ဖနိုင်ကျေးရွာ(၂)ထပ်ကျောင်းဆောင် တင်ဒါရရှိသောကုမ္ပဏီနှင့်ပတ်သက်၍ မည်ကဲ့သို့ ဆုံးဖြတ်ပြီး အပ်နှင်းထားသည်ကို သိရှိလိုကြောင်း မေးမြန်းသောမေးခွန်း၊ မတူပီမြို့ပေါ် (၄)ရပ်ကွက်တွင် မိုးတွင်းကာလမြေပြိုမှုများအပေါ် ပြည်နယ်အစိုးရအနေဖြင့် စောလျင်စွာ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ စသည့်မေးခွန်းများ မေးမြန်းကြရာ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများက ဖြေကြားကြသည်။

 

ထို့နောက် ထန်တလန်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်  ဒေါက်တာမှုထန်းက ချင်းပြည်နယ်၏ မြေနိမ့်ပိုင်း ဒေသများပေ(၃၅၀ဝ)အောက် မြေလွတ်မြေလပ်များတွင် ပုဂ္ဂလိကကျွန်းပင်စိုက်ခင်းများ ပေါ်ထွန်းလာစေရေးအတွက် ချင်းပြည်နယ်အစိုးရမှ ကျွန်းပင်စိုက်ပျိုးရေးအား စီမံကိန်းချမှတ်ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိနှင့် မရှိသေးပါက စီမံကိန်းတစ်ရပ်အဖြစ် ချမှတ်ဆောင်ရွက်ရန် တိုက်တွန်းကြောင်း အဆိုတင်သွင်းရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒိက်ထန်းကလည်းကောင်း၊ ပလက်ဝမြို့နယ်မှပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးပြေမင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကုန်းမြင့်လယ်ယာ ဖော်ထုတ်ခြင်းအတွက် ဧက(၅၀) လျှော့ချပေးရန် အဆိုတင်သွင်းရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များမှ ထောက်ခံကြသဖြင့် လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်သည်။

 

ယင်းနောက် တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (ကြည်း-၄၃၃၆၇) ဗိုလ်ကြီးဖြိုးဖြိုးအစား (ကြည်း-၅၆၀၇၁) ဗိုလ်ကြီးဉာဏ်လင်းဖြိုးအား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီအဖွဲ့ဝင်အဖြစ် အစားထိုးခန့်အပ် တာဝန်ပေးအပ်ကြောင်း လွှတ်တော်ကဆုံးဖြတ်ပြီးနောက် ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝီကောက ၂၀၁၉-၂၀၂ဝ ခု ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်၏ ဘဏ္ဍာငွေ အရအသုံးခန့်မှန်းခြေ ငွေစာရင်းကိုလည်းကောင်း၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးလာလ်တင်မန်းက ချင်းပြည်နယ် ဘဏ္ဍာရန်ပုံငွေ၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံးစာရင်း စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ အကျဉ်းကိုလည်းကောင်း တင်သွင်းကြကာ  အစည်းအဝေးကို မွန်းလွဲ ၂ နာရီခွဲတွင် ရပ်နားသည်။

 

ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို နိုဝင်ဘာ ၂၉ ရက်(ယနေ့)တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)

 

2