ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ ကျင်းပ

နေပြည်တော် ၂၂ မေ 
    

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
    

 

အစည်းအဝေးတွင် သိန္နီမဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်း၏ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ၏ မူဝါဒလုပ်ငန်းစဉ် ဆောင်ရွက်ရန် အချက်များမှ တပ်မြေသိမ်းဆည်းမှုများနှင့် စပ်လျဉ်း၍ မူဝါဒ (၃)ရပ်၊ စွန့်လွှတ်ခြင်းမရှိသည့် သိ်မ်းဆည်းမြေများနှင့် စပ်လျဉ်း၍ စိစစ်ရန် အချက်(၇)ချက်၊ သိမ်းဆည်းမြေများ၊ စွန့်လွှတ်မြေများဆိုင်ရာ လမ်းညွှန်ချက် (၈) ရပ်တို့နှင့်အညီ ပြန်လည်စိစစ်ပေးရန် အစီအစဉ်ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်က ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၊ ပိန်းဆာကျေးရွာအုပ်စုရှိ မြေဧရိယာ ၁၀၁ ဒသမ ၁၁ ဧကအား ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၉၁၂) စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်းအမည်ဖြင့် နှစ်ရှည်သီးပင်၊ ဥယျာဉ်ခြံသီးနှံ စိုက်ပျိုးမှုအတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စိီမံခန့်ခွဲရေးဗဟိုကော်မတီမှ ၁၉၉၇ ခုနှစ်မှ ၂၀၂၇ ခုနှစ်ထိ နှစ် ၃၀ လုပ်ကိုင်ခွင့် ခွင့်ပြုချထားပေးခဲ့သည်ကို သိရှိရပါကြောင်း၊ အဆိုပါမြေဧရိယာအနက် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း ဖွင့်လှစ်ထားသည့် မြေနေရာ ၄ ဒသမ ၈၀ ဧကအား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းပေးရန်အတွက် ပြန်လည်အပ်နှံခဲ့မှုအပေါ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီမှ အပ်နှံခွင့်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ ကျန်မြေဧရိယာ ၉၆ ဒသမ ၃၀ ဧကတွင် အမှတ်(၉၁၂) စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်းမှ ရာဘာသီးနှံစိုက်ပျိုးထားကြောင်း၊ မြေဧရိယာ ၇ ဧကခန့်တွင် အိမ်ထောင်စု ၈ စုမှ နေအိမ်များဆောက်လုပ်ထားကြောင်းနှင့် တောင်သူ ၂၀ ဦးမှ ရာသီသီးနှံများ စိုက်ပျိုးထားကြောင်း စိစစ်တွေ့ရှိပါကြောင်း၊ ကာယကံရှင်များမှ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီအပါအဝင် သက်ဆိုင်ရာကော်မတီအဆင့်ဆင့်သို့ တင်ပြထားခြင်း မရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း။

 


တင်ပြပါမြေနေရာနှင့် ပတ်သက်၍ ကာယကံရှင်မှ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ( သို့မဟုတ်) သက်ဆိုင်ရာ ရှမ်းပြည်နယ်လယ်ယာမြေနင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအဆင့်ဆင့်သို့ တင်ပြလာပါက ဗဟိုကော်မတီမှ ချမှတ်ထားသော မူဝါဒများနှင့်အညီ စိစစ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ သိမ်းဆည်းမြေနှင့် သက်ဆိုင်ခြင်းမရှိသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများဖြစ်ပါက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲ့ရေးဥပဒေ ပုဒ်မ ၁၇၊ ၁၈ နှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 


ထို့နောက် ထန်တလန် မဲဆန္ဒနယ်မှ ဒေါ်နီရွှေလျန်း၏ ထန်တလန်မြို့နယ်တွင် တရားဝင်ခွင့်ပြုချက်ပေးကာ လုပ်ကိုင်စေသော ယစ်မျိုးလိုင်စင်ချထားပေးခြင်းများအား အပြီးတိုင်ပိတ်သိမ်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးတင်မြင့်က ထန်တလန်မြို့တွင် ယခင် ၂၀ဝ၇-၂၀ဝ၈ ခုနှစ်မှ ၂၀၁၅-၂၀၁၆ ခုနှစ်အထိ ယစ်မျိုးဆိုင် ၃ ဆိုင်ကို ခွင့်ပြုထားခဲ့ပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အနေဖြင့် ယစ်မျိုးလိုင်စင်အသစ်များ ခွင့်ပြုချထားပေးခြင်း မရှိသော်လည်း ယစ်မျိုးလိုင်စင်ဟောင်းများအား ယစ်မျိုးလိုင်စင်စီ အမည်၊ တည်နေရာ၊ လိုင်စင်အမျိုးအစားပြောင်း ဆောင်ရွက်ပေးခြင်းတို့ကို တည်ဆဲယစ်မျိုးအက်ဥပဒေ၊ ယစ်မျိုး နည်းဥပဒေ ၁၇၊ ၁၈၊ ၁၉ တို့နှင့်အညီ မြို့နယ် ယစ်မျိုးအကြံပေးအဖွဲ့များ၏ အစည်းအဝေးဆုံးဖြတ်ချက်၊ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူးများ၏ သဘောထား ထောက်ခံချက်များဖြင့် နှစ်စဉ်ယစ်မျိုးအစီအစဉ် အားရေးဆွဲ၍ ချင်းပြည်နယ်အစိုးရ အဖွဲ့၏ အတည်ပြုချက်ရယူကာ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြ၍ ခွင့်ပြုချထားပေးခြင်းဖြစ်ပါကြောင်း။

 


ထန်တလန်မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချခွင့်ပြုထားသော ယစ်မျိုးဆိုင် ၃ ဆိုင်အား တည်ဆဲဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချမှုရှိ စေရေး၊ ယစ်မျိုးလိုင်စင်တွင်ပါရှိသည့် စည်းကမ်းချက်များ လိုက်နာမှှုရှိိစေရေးအတွက် မြို့နယ် ယင်းမျိုးအကြံပေးအဖွဲ့မှ အခါအားလျော်စွာ စိစစ်ကြပ်မတ် လျက်ရှိပြီး တရားမဝင် ယစ်မျိုးရောင်းချမှုများ မရှိစေရေးကိုလည်း ယစ်မျိုး စိစစ်ကြပ်မတ်ရေးအဖွဲ့တို့နှင့် ပူးပေါင်းပြီး ရှောင်တခင်စစ်ဆေး၍ တရားမဝင် ယစ်မျိုးလုပ်ငန်းများအား ဖမ်းဆီးအရေး ယူဆောင်ရွက်ခဲ့ပါကြောင်း၊ တရားမဝင်ရောင်းချသူများအား ချင်းဝိသေသတိုင်း အက်ဥပဒေပုဒ်မ ၃၇၊ ၃၈ ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းကို သိရှိရပါကြောင်း။

 


လိုင်စင်ရယစ်မျိုးဆိုင်များအနေဖြင့်  အရက်များသယ်ဆောင်ရာတွင်လည်း ခရိုင် ကော်လိပ်တော်အရာရှိ၏ အရက်သယ်ဆောင်ခွင့်ပြုချက် လက်မှတ်ဖြင့် သယ်ဆောင်မှု ရှိ၊ မရှိ၊ ခွင့်ပြုချက်အတိုင်း သယ်ဆောင်မှု ရှိ၊ မရှိတို့ကို စနစ်တကျ အဖွဲ့ဖြင့် စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊  မြို့မိ၊ မြို့ဖများနှင့် ဘာသာရေးအသင်းအဖွဲ့များ၏ မေတ္တာရပ်ခံချက်အရ ဘာသာရေးနှင့် သက်ဆိုင်သည့် ပွဲလမ်းသဘင်ရှိသည့် နေ့ရက်များ၊ ချင်းအမျိုးသားနေ့နှင့် အခြားနေ့ကြီးရက်ကြီးများ၊ အပတ်စဉ် တနင်္ဂနွေနေ့များတွင် ယစ်မျိုးရောင်းချမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက် လျက်ရှိပါကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားသည်။

 


ဆက်လက်၍ ဒိုက်ဦး မဲဆန္ဒနယ်မှ ဦးဘုန်းမြင့်အောင်၏ ဒိုက်ဦးမြို့နယ်တွင် ပြည်ထဲရေးအမည်မပေါက်သေးသော ကျေးရွာများအား ပြည်ထဲရေး အမည်ပေါက် ကျေးရွာအဖြစ် အမြန်ဆုံးဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းနှင့် လှည်းကူးမဲဆန္ဒနယ်မှ ဦးသိန်းတန်၏ လည်းကူးမြို့နယ်၊ ကျွန်းကုန်းကျေးရွာရှိ လယ်မြေ ၆၀၇ ဒသမ ၇၅ ဧကကို နိုင်ငံတော်ပိုင်မြေအဖြစ် သတ်မှတ်လိုက်ကြောင်း အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့သည်မှာ (၂)နှစ်ခွဲကျော် ကြာမြင့်သည့်တိုင် ဆက်လက်စီမံခန့်ခွဲမှု မရှိသဖြင့် မည်သို့ဆောင်ရွက်မည်ကို သိလိုခြင်း မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးတင်မြင့်က ရှင်းလင်းဖြေကြားသည်။

 


ထို့နေက် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မဲဆန္ဒနယ်မှ ဦးနေကျော်၏ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ ဒေသခံများ အဓိကအသုံးပြုနေသော ကနောင်မင်းသားကြီးလမ်း၊ ဦးမြူလမ်း၊ အင်းဝလမ်း၊ မင်းရဲကျော်စွာလမ်းတို့မှာ ဆိုးရွားစွာ ပျက်စီးနေပါသဖြင့် ပြန်လည်ပြုပြင်ပေးရန် အစီအစဉ်ရှိ၊မရှိ မေးခွန်း၊ လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦး၏ လှိုင်မြို့နယ်ရှိ ဈေးများကို မြို့နယ်၏ လိုအပ်ချက်များ ထည့်သွင်း၍ BOT,PPP စနစ်များဖြင့် အဆင့်မြှင့်တင်တည်ဆောက်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း) မဲဆန္ဒနယ်မှ ဦးအေးနိုင်၏ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း ပြေးဆွဲလျက်ရှိသော ခရီးသည်တင် မော်တော်ယာဉ်များအတွက် မော်တော်ယာဉ်ရပ်နားစခန်းများ အမြန်ဆုံး တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးညီထွန်းက ရှင်းလင်းဖြေကြားသည်။

 


ထို့နောက် ဥပဒေကြမ်း ကော်မတီဝင် ဦးပါထန်းက အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်း ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များအနက်  သဘောတူသင့်သည့် အချက် ၅၈ ချက်နှင့် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီမှ  ပြင်ဆင်ချက် ၅၅ ချက်တို့နှင့်စပ်လျဉ်း၍ အဆိုတင်သွင်းသည်။

 


ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုပါအချက်များနှင့် စပ်လျဉ်း၍   ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ သဘောထားရယူပြီး လွှတ်တော်၏ အတည်ပြုချက်ရယူသည်။ 
    

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်း ဥပဒေကြမ်းတစ်ရပ်လုံးကို ပြင်ဆင်ထားသည် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက်  အတည်ပြုကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
    

 

ဆက်လက်၍ ဆိပ်ကမ်းမဲဆန္ဒနယ်မှ ဦးတင်မောင်ဝင်းက မြန်မာနိုင်ငံတွင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနအနေဖြင့် ၂၀၃၀ ခုနှစ်တွင် လျှပ်စစ်စွမ်းအား ၁၀ဝရာခိုင်နှုန်း ပြည့်ဝစွာရရှိရေး ဆောင်ရွက်နေရာ ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ထားရှိမှုကို တိကျခိုင်မာသော မူဝါဒလမ်းညွှန်မှုများဖြင့် ဆောင်ရွက်ရန် တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာတွင် စွမ်းအင်နှင့် လျှပ်စစ်ကဏ္ဍသည် နိုင်ငံတိုင်းတွင် အရေးကြီးသောကဏ္ဍဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ထိုကဏ္ဍကို မှန်ကန်ကောင်းမွန်သော စီမံခန့်ခွဲခြင်းပြုလုပ်နိုင်ပါက နိုင်ငံဖွံ့ဖြိုးမှုသည်လည်း လိုက်ပါလာမည် မလွဲပါကြောင်း။

 


ယခုအချိန်တွင် ကျောက်မီးသွေးဖြင့် လျှပ်စစ်ထုတ်လုပ်မှုကို ဦးစားပေးဆောင်ရွက်သင့်ပါကြောင်း၊ အားသာချက်များအနေဖြင့် ကျောက်မီးသွေးသည် ကမ္ဘာတွင် နှစ်ပေါင်းရာကျော်အထိ လုံလောက်စွာရှိခြင်း၊ ဈေးနှုန်းအတက်အကျဖြစ်မှု နည်းပါးခြင်း၊ လိုအပ်သော  Calorific Value  အလိုက် လိုအပ်သလောက်ဝယ်ယူနိုင်ခြင်း၊ ပတ်ဝန်းကျင်ထိခိုက်မှုများကို နည်းပညာမြင့်မားလာ၍ ထိန်းချုပ်လာနိုင်ခြင်း၊ ကျောက်မီးသွေး ရောင်းချသည့်နိုင်ငံများမှာ ကမ္ဘာတွင် ပြန့်ကျဲနေသည့်အတွက် နိုင်ငံရေးလက်နက်အဖြစ် သုံးနိုင်မှုနည်းပါးခြင်းတို့ ဖြစ်ပါကြောင်း၊ ထို့ကြောင့် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနသည် ခိုင်မာသည့် မူဝါဒချမှတ်လုပ်ဆောင်ရန် အကြံပြုလိုပါကြောင်း ရှင်းလင်းတင်ပြသည်။

 


ဆက်လက်၍ ပန်းပဲတန်းမဲဆန္ဒနယ်မှ ဦးနေဖူးဗဆွေက အဆိုအား လက်ခံဆွေးနွေးနိုင်ရန် ထောက်ခံတင်ပြသည်။     

 


ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယင်းအဆိုနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ရယူရာ  လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။    

 


ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
    

 

ယင်းနောက် ရွှေပြည်သာ မဲဆန္ဒနယ်မှ ဦးဉာဏ်လင်းတင်သွင်းသည့် စွန့်ပစ်ပစ္စည်းအမှိုက်များကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု လျော့နည်းပပျောက်စေရန် နေ့စဉ်မီးရှို့နိုင်သော အမှိုက်တန် (၂၀ဝ၀) ကျော် ထွက်ရှိသော မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့နှင့် အနည်းဆုံးတန် (၆၀) ထွက်ရှိသော တိုင်းနှင့်ပြည်နယ် အသီးသီးရှိ မြို့ကြီးများတွင် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်းတည်ဆောက်ခဲ့သည့် နေ့စဉ်အမှိုက်တန် (၆၀)ကို မီးရှို့၍ ထွက်ရှိလာသော အပူရှိန်ကို အသုံးပြုကာ လျှပ်စစ်ဓာတ်အား ၇၆၀ KW ထုတ်လုပ်သည့်စက်ရုံ (Waste to Energy Plant) နှင့် အမှိုက် မီးရှို့စက် (Furnace) တို့ကဲ့သို့သော စက်ရုံများကို ပိုမိုတိုးမြှင့် တည်ဆောက်ရန်နိုင်ငံတော်အစိုးရကို တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိ်ုယ်စားလှယ်များက ဆွေးနွေးကြသည်။
    

 

တပ်မတော်သားကိုယ်စားလှယ်မှ ဗိုလ်မှူးအောင်ကျော်နှင်းက နိုင်ငံ၏ အမှိုက်သိမ်းစနစ်ကို ယခုထက်ပိုပြီး စနစ်တကျဖြစ်စေရေး ပြုပြင်ပြောင်းလဲရန် လိုအပ်ပါကြောင်း၊ အမှိုက်ခွန်ကောက်ခံခြင်းစနစ်ကို ပြောင်းလဲရန်လိုအပ်ပါက ရဲ့ရဲ့ဝံ့ဝံ့ ပြောင်းလဲသင့်ပါကြောင်း၊ မိမိနိုင်ငံ အခြေအနေနှင့် ကိုက်ညီသော Waste to Energy Plan များကို ဖော်ဆောင်သင့်ပါကြောင်း၊ မဖြစ်မနေ ရင်းနှီးမြှုပ်နှံလိုက်ရသည့် စက်ရုံတန်ဖိုးနှင့် ကိုက်ညီသော အကျိုးအမြတ် ပြန်လည်ရရှိစေရေး စိစစ်ကြပ်မတ် ဆောင်ရွက်သင့်ပါကြောင်း၊ ပြည်သူလူထုအား စည်ပင်သာယာဥပဒေကို တိကျစွာ လိုက်နာနိုင်စေရေး အသိပညာပေးသင့်ပါကြောင်း၊ လိုအပ်ပါက လူမှုရေးပြစ်ဒဏ်စနစ်များ ချမှတ်ကျင့်သုံးသင့်ပါကြောင်း၊ Waste to Energy မလုပ်မီ အဓိကကျသည့် လုပ်ငန်းစဉ်ဖြစ်သော (3  R) လုပ်ငန်းစဉ်များကို ယခုလုပ်ဆောင်နေသည်ထက် ပိုမိုတွန်းအားပေး လုပ်ဆောင်သင့်ပါကြောင်း။
    

 

ထို့နောက် အမှိုက်ကောက်သော လှုပ်ရှားမှုမျိုး လုပ်ဆောင်ခြင်းထက် စည်းကမ်းမဲ့ အမှိုက်မပစ်စေရန်၊ အမှိုက်စွန့်ပစ်မှု လျော့ကျစေရန် နည်းလမ်းများကို ကောင်းမွန်သော မူဝါဒများဖြင့် ထိန်းချုပ်ကာကွယ် လုပ်ဆောင်စေသင့်ပါကြောင်းနှင့် သန့်ရှင်းသာယာလှပ စိမ်းလန်းစိုပြေသည့် အမှိုက်ကင်းစင်သော နိုင်ငံတော်ကြီး တည်ဆောက်နိုင်ပါစေကြောင်း ထောက်ခံအကြုံပြုဆွေးနွေးသည်။

 


ဆက်လက်၍ တံတားဦး မဲဆန္ဒနယ်မှ ဒေါ်စိုးနွယ်အေး၊ မော်လိုက်မဲဆန္ဒနယ်မှ ဒေါ်ချိုချိုဝင်း၊ လှိုင်သာယာ မဲဆန္ဒနယ်မှ ဦးဝင်းမင်းတို့က ဆွေးနွေးကြသည်။

 


ယင်းအဆိုနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် စွန့်ပစ်အမှိုက်များမှ စွမ်းအင်ထုတ်လုပ်သည့် စက်ရုံ (Waste to Energy Plant) နှင့် အမှိုက်မီးရှို့စက် (Furnaces) ထိုကဲ့သို့သော စက်ရုံများကို တည်ထောင်နိုင်ရန်အတွက် လုံလောက်သော အမှိုက်ထွက်ရှိမှု မရှိသေးသကဲ့သို့ ဘဏ္ဍာငွေသုံးစွဲရန်အခက်အခဲများကြောင့် လတ်တလောဆောင်ရွက်ရန် အစီအစဉ်မရှိသေးပါကြောင်း။

 


စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့တွင်းနှင့် စက်မှုဇုန်များမှ စွန့်ပစ်သည့် အမှိုက်များအား လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက် ဂျပန်နိုင်ငံမှ ပညာရှင်များနှင့် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ ထားဝယ်မြို့တွင် တစ်နေ့လျှင် ပျမ်းမျှအမှိုက်တန်ချိန် ၆၀ ထွက်ရှိပြီး အဆိုပါ အမှိုက်များကို အမှိုက်စွန့်ပစ်သည့်နေရာတွင် ကျင်းတူး၍ စွန့်ပစ်ပြီး ထားဝယ်မြို့အတွင်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းပပျောက်စေရေးအတွက် ဦးထွန်းဝေ(ပုဂ္ဂလိကအဖွဲ့အစည်း)မှ စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ နေ့စဉ်ထွက်ရှိသော စွန့်ပစ်အမှိုက်များစြဖ်သည့် ပလတ်စတစ်၊ သံထည်ပစ္စည်း၊ ဗူးခွံ၊ ကတ်ထူပြား၊ စက္ကူများအား ဖိစက်အသုံးပြုကာ ဖိအားပေး၍ ဘေထုတ်များပြုလုပ်ကာ အမှိုက်လျော့ချခြင်း ပြုလျက်ရှိပါကြောင်း၊ ပလပ်စတစ်အမှိုက်များအား မီးရှို့ဖျက်ဆီးနိုင်ရန်အတွက် လက်ရှိတွင် အမှိုက်မီးရှို့စက်ကဲ့သို့သော စက်ရုံ(အငယ်စား)တည်ဆောက်၍ စမ်းသပ်ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။

 


မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်မြို့နယ်၊ မုဒုံမြို့နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းဆုံ မြို့နယ်နှင့် ပေါင်မြို့နယ်တို့မှ ထွက်ရှိသော အမှိုက်များကိုစုစည်း၍  စွန့်ပစ်ပစ္စည်းများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့်စီမံကိန်း Waste to Energy (WtE) ဆောင်ရွက်ရန်  Finland နိုင်ငံအခြေစိုက် BIOKOSKI Limited နှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းကို ပြုလုပ်ပြီးဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ကော်မတီအနေဖြင့် တောင်ကြီးမြို့မှ ထွက်ရှိသော စွန့်ပစ်အမှိုက်တန်ချိန် ၇၅ တန်အား Organics Aisa Co.Ltd ပူးပေါင်းပါဝင်သော ရွှေပြည်စုံကုမ္ပဏီလီမီတက်တို့က စွန့်ပစ်အမှိုက်မှ လောင်စာထုတ်လုပ် ရောင်းချနိုင်ရေးအတွက် အကျိုးတူဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်အရ လက်မှတ်ရေးထိုးခဲ့ပြီး ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း။

 


မန္တလေးတိုင်းဒေသကြီးသည် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုမဟာဗျုဟာ စီမံချက်အတိုင်း ဆောင်ရွက်လျက်ရှိပြီး Waste toEnergy Plant ဆောင်ရွက်ရန် လေ့လာဆန်းစစ်မှုများပြုလုပ်ပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြင်ဦးလွင်၊ ပုဂံ၊ ညောင်ဦးမြို့၊ ကျောက်ဆည်မြို့၊ ပျော်ဘွယ်မြို့စသည့် မြို့ကြီးများတွင် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေသည့်  Semi Aerobic Landfill စနစ်အား ဂျပန်နည်းပညာဖြင့် စတင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြစ်သားမြို့တွင် ပြည်တွင်းတပ်ဆင် ထုတ်လုပ်သော အမှိုက်မီးရှို့စက်အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

 


နေပြည်တော်နယ်နိမိတ်အတွင်း နေ့စဉ်ထွက်ရှိသည့် အမှိုက်တန်ချိန် ၂၅၀ တန်ခန့်ကို ပုဗ္ဗသီရိမြို့နယ် အမှိုက်စုပုံနေရာ(၁)၊ လယ်ဝေးမြို့နယ် အမှိုက်စုပုံနေရာ(၂)နှင့် တပ်ကုန်းမြို့နယ် အမှိုက်စုပုံနေရာ(၃)တို့တွင် စွန့်ပစ်လျက်ရှိပါကြောင်း၊ အမှိုက်မှ မီးရှို့၍ ထွက်ရှိလာသော အပူရှိန်ကို အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရေး စက်ရုံတည်ဆောက်ရန် မတည်ရင်းနှီးငွေ ကြီးမားခြင်း၊ လည်ပတ်လုပ်ဆောင်သည့် အချိန်တွင်လည်း ပြုပြင်ထိန်းသိမ်းစရိတ် ငွေကြေးစိုက်ထုတ်ရမှုများပြားခြင်းနှင့် Controlled Landfill  စနစ်ဖြင့်  အမှိုက်များစုပုံနိုင်ရန် မြေနေရာလုံလောက်မှု ရှိနေသေးခြင်းတို့ကြောင့် အမှိုက်ခွဲခြားစက်၊ အမှိုက်မှ စွမ်းအင်ထုတ်လုပ်ခြင်းတို့ကို ရေရှည်စီမံကိန်းဖြင့်သာ ဆက်လက်၍ အဆင့်ဆင့်စီမံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 


မြန်မာနိုင်ငံတွင် ရန်ကုန်၊ မန္တလေးနှင့် အမှိုက်စွန့်ပစ်ရန် နေရာခက်ခဲသော မြို့ကြီးများတွင်  Waste to Energy Plant  များ ထူထောင်ဆောင်ရွက်သင့်သော်လည်း အမှိုက်စွန့်ပစ်ရန် မြေနေရာရရှိနိုင်သော မြို့များတွင် ဘဏ္ဍာငွေကြေး အသုံးစရိတ် ထိန်းညှိနိုင်ရန် Controlled Landfill များ အသုံးပြုခြင်းသည် အချိန်အတိုင်းအတာ  တစ်ခုအထိ  သင့်လျော်နေမည်ဖြစ်ပါကြောင်း၊ ယခုအခါ ရန်ကုန်မြို့တွင် Waste to Energy Plant Pilot Project လှော်ကားစက်ရုံတည်ထောင်ပြီး လည်ပတ်ဆောင်ရွက်နေခြင်း၊ လှိုင်သာယာ၊ ထိန်ပင်စွန့်ပစ်အမှိုက်ပုံတွင် တန်ချိန် ၁၀ဝ၀ ခန့် ကို Mechanical Biological Treatment နည်းစဉ်ဖြင့် ပိုလန်နိုင်ငံ၏ ODA အထောက်အပံ့ဖြင့် Feasibility Study လုပ်ဆောင်နေခြင်း၊ မန္တလေး၊ စစ်ကိုင်း၊ ထားဝယ်နှင့် မော်လမြိုင်မြို့တို့တွင် ဘဏ္ဍာရေးအခြေအနေနှင့်အညီ ရေရှည်စီမံကိန်းများ စနစ်တကျချမှတ်၍  Waste to Energy Plant များ တည်ဆောက်နိုင်ရေး၊ အမှိုက်များမီးရှို့ဖျက်ဆီးနိုင်ရေးတို့ကို အလေးထား၍ စီမံဆောင်ရွက်လျက်ရှိနေပါကြောင်းနှင့် အဆိုအား လွှတ်တော်မှ မှတ်တမ်းတင်ထားရှိ၍ စောင့်ကြည့်ပေးနိုင်ပါရန်  ပြောကြားသည်။

 


ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုရှင်၏ သဘောထားရယူရာ အဆိုရှင်က မှတ်တမ်းတင်စောင့်ကြည့်ပေးပါရန် ပြောကြားသည်။

 


ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအား မှတ်တမ်းတင် စောင့်ကြည့်ရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူမရှိသည့်အတွက် မှတ်တမ်းတင် စောင့်ကြည့်မည်ဖြစ်ကြောင်း ကြေညာသည်။      

 


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး  ဒသမနေ့ကို မေ ၂၄ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 


အေးအေးသန့်(သတင်းစဉ်)