ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပ

နေပြည်တော် ၁၅ မေ 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကျွန်းစု မဲဆန္ဒနယ်မှ ဒေါ်တင်တင်ရီက မြိတ်ခရိုင်အတွင်းရှိ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုသည် မောတောင်မှ တရားဝင်တင်ပို့နိုင်မည်ဆိုပါက  ၈ နာရီသာ ကြာမြင့်မည်ဖြစ်၍ သယ်ယူပို့ဆောင်စရိတ်များစွာ သက်သာမည့်အပြင် ကုန်ပစ္စည်းအရည်အသွေးကိုလည်း ထိရောက်စွာ ထိန်းသိမ်းသွားနိုင်မည်ဖြစ်ပြီး အကျိုးများစွာ ဖြစ်ထွန်းစေနိုင်မည် ဖြစ်သည့်အတွက် တနင်္သာရီမြို့နယ်၊ မောတောင်မြို့နယ်ခွဲရှိ  မြန်မာ-ထိုင်း ကုန်သွယ်ရေးနယ်စပ်ဂိတ်စခန်းအား ယာယီအထူးဂိတ်စခန်းအဖြစ်မှ အမြဲတမ်းကုန်သွယ်မှု ဂိတ်စခန်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက နှစ်နိုင်ငံနယ်နိမိတ်အား စနစ်တကျတိုင်း တာသတ်မှတ်ပြီး နယ်စပ်ဖြတ်သန်း သွားလာရေးဆိုင်ရာ သဘောတူညီချက်စာချုပ်တွင် ဖြည့်စွက်လက်မှတ် ရေးထိုးပြီးမှသာ မောတောင်စခန်းအား တရားဝင်အမြဲတမ်းကုန် သွယ်ရေးစခန်းအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးသွားနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။ 

ဆက်လက်၍ ဝိုင်းမော် မဲဆန္ဒနယ်မှ ဦးလဂန်ဇယ်ဂျုံး၏ ဝိုင်းမော်မြို့နယ်ရှိ ကန်ပိုင်တီ နယ်စပ်ကုန်သွယ်ရေးစခန်းရုံးကို လက်ရှိထက် ဝန်ဆောင်မှုပေးနိုင်ရန်အတွက် လိုအပ်သော အခြေခံအဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာများ၊ ကုန်တင်ယာဉ်ကြီးများ ရပ်နားစခန်း၊ ကုန်သိုလှောင်ရုံများ၊ ကတ္တားများ စစ်ဆေးရေးကိရိယာ (X-Ray) စသည်ဖြင့် အခြားလိုအပ်သည်များကို  တိုးမြှင့်တည်ဆောက်ရန် အစီအစဉ် ရှိ၊ မရှိ၊ မေးခွန်း၊ မင်းလှ မဲဆန္ဒနယ်မှ ဒေါက်တာ သန်းအောင်စိုး၏ ဆန်စက်များမှ ဘေးထွက်ပစ္စည်းအဖြစ် ထွက်ရှိလာသော ဖွဲဲနုကို အကျိုးရှိအောင်သုံးစွဲရန် မည်သို့စီစဉ်ထားပြီး ဖွဲနုဆီစက် အဟောင်းများကို မည်ကဲ့သို့ ဆောင်ရွက်နေသည်နှင့် ဖွဲနုဆီစက်အသစ်များ တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းများနှင့်စပ်လျဉ်း၍  ဒုတိယဝန်ကြီး ဦးအောင်ထူးက ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍ ဗဟန်းမဲဆန္ဒနယ်မှ ဦးထွန်းမြင့်က လူအများသွားလာရာတွင် ကားလမ်းပေါ်ဆင်း၍ သွားလာနေရခြင်း၊ ယာဉ်အန္တရာယ်များ မကြာခဏဖြစ်ပွားနေခြင်း၊ ဆက်သွယ်ရေးကြိုးများ တရားဝင်၊ တရားမဝင် များပြားစွာ တပ်ဆင်မှုများကြောင့် ဆက်သွယ်ရေးကြိုးများ အလွန်ရှုပ်ထွေး၊ အိကျနေပြီး ဓာတ်တိုင်များယိုင်လဲခြင်းများလည်း ဖြစ်ပေါ်နေသည့်အတွက် ဗဟန်းမြို့နယ်၊ ရွှေ့ဂုံတိုင်လမ်းမကြီး၊ ဦးချစ်မောင်လမ်းမ၊ တက္ကသိုလ်ရိပ်သာလမ်းနှင့် တချို့လမ်းများ၏ လူသွားစင်္ကြံပေါ်တွင် ပိတ်ဆို့တည်ဆောက်ထားသော ဆက်သွယ်ရေးပုံး (Network Boxes)များကို ပြောင်းရွှေ့ပေးရန်နှင့် ရှုပ်ထွေးစွာ တပ်ဆင်ထားသော ဆက်သွယ်ရေးကြိုးများ၊ ယိုင်လဲနေသော ဆက်သွယ်ရေးတိုင်များကို စနစ်တကျ ပြုပြင်တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဗဟန်းမြို့နယ်အတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက (MSAN) အိတ်ချိန်း စက်ပစ္စည်းအသစ်များဖြင့် အစားထိုးလဲလှယ်တပ်ဆင်ခြင်း လုပ်ငန်းကို စနစ်တကျ ကြီးကြပ်ဆောင်ရွက်စေခြင်း၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ငှားရမ်းဆောင်ရွက်လျက်ရှိသော ပြင်ပကျွမ်းကျင်သူအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များအပေါ် မူတည်၍ ဆက်သွယ်ရေးဝန်ဆောင်မှု လိုင်စင်ရကုမ္ပဏီများသို့ ညွှန်ကြားဆောင်ရွက်စေခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးဆောင်၍ စီစဉ်ဆောင်ရွက်လျက်ရှိသော စီမံချက်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ဆက်သွယ်ရေးတိုင်များစိုက်ထူခြင်း၊ ကောင်းကင်ကေဘယ်ကြိုး သွယ်တန်းခြင်းများ လျော့နည်းသွားမည်ဖြစ်ပါသဖြင့် ဗဟန်းမြို့နယ်အပါအဝင် ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင် ဆက်သွယ်ရေး ကေဘယ်ကြိုးရှုပ်ထွေးမှုများ လျော့နည်းသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍ ကျောက်တော် မဲဆန္ဒနယ်မှ ဦးဦးထွန်းဝင်း၏ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာ ကမ်းပြိုမှုအန္တရာယ်အား တားဆီးကာကွယ်ရန် ထိရောက်သည့်နည်းလမ်းများကို စနစ်တကျ သုတေသနပြုဆောင်ရွက်ပေးနိုင်ခြင်း အစီအစဉ် ရှိ၊ မရှိ၊ မေးခွန်း၊ ထီးလင်းမဲဆန္ဒနယ်မှ ဦးမြတ်လေးဦး၏ ထီးလင်းမြို့နယ်အတွင်းရှိ  ဂန့်ဂေါ-ရေမျက်နီ-ပုလဲ ပဆငလမ်းနှင့် ကျောချောင်း-မျက်မြောင်သို့ ဆက်သွယ်ထားသော လမ်းပေါ်ရှိ စစ်ရှီးချောင်းကူး ကွန်ကရစ် တံတား (၁၄×၈၀)ပေအား ကျေးရွာလမ်းကူးတံတားအဖြစ် အသုံးပြုခွင့်ပေးရန် အစီအစဉ် ရှိ၊ မရှိမေးခွန်းနှင့် တနင်္သာရီ မဲဆန္ဒနယ်မှ ဦးအောင်ကျော်ဟိန်း၏ ရေကြီးရေလျှံမှုကြောင့် နှစ်စဉ်နီးပါး ရေကြီးနစ်မြုပ်လေ့ရှိသော ရေထိန်းတံခါး ၂ ခု၊ ပြောင်းရွှေ့နေရသောကျေးရွာများအတွက်  Cyclone Shelter များ၊ အရေးပေါ် ကယ်ဆယ်ရေးဆောင်ရွက်နိုင်ရန် Speed Boat ၁ စီး၊ စားနပ်ရိက္ခာများ ပို့ဆောင်ရေးအတွက် ဝန်တင်လှေ ၂ စီး ခွင့်ပြုပေးရန်နှင့် တနင်္သာရီမြစ်ကြောင်းရှင်းလင်းရေး အစီအမံနှင့် မြစ်ကြောင်းရှင်းလင်းရေးကို  ပုဂ္ဂလိက ကုမ္ပဏီများအား ခွင့်ပြုပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းများနှင့်စပ်လျဉ်း၍  ဒုတိယဝန်ကြီး ဦးကျော်မျိုးက ရှင်းလင်းဖြေကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာနမှ တင်သွင်းသည့် အခြေခံပညာရေးဥပဒေကြမ်း နှင့်စပ်လျဉ်း၍  တင်သွင်းထားသည့် ပြင်ဆင်ချက်အဆိုအား ဥပဒေကြမ်းကော်မတီဝင် ဒေါ်မာမာခိုင်က တင်သွင်းပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက် ၆၇ ချက်အား အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူ အတည်ပြုသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဥပဒေကြမ်းတစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသဖြင့် အဆိုပါ ဥပဒေကြမ်းအား အတည်ပြုကြောင်းနှင့်  ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

ယင်းနောက် သံဖြူဇရပ် မဲဆန္ဒနယ်မှ ဦးဉာဏ်ဟိန်းက အခြေခံပညာမူလတန်း သင်ဆရာ၊ ဆရာမ ဝန်ထမ်းရွေးချယ်ခန့်ထားရာတွင် တိုင်းရင်းသားဒေသ ကျေးရွာ ကျောင်းများ၏  လိုအပ်ချက်အလိုက် ထိုဒေသခံကျေးရွာရှိ ဘွဲ့ရတိုင်းရင်းသား၊ သူများကို ဦးစားပေးခန့်အပ်ရေး မူဝါဒတစ်ရပ် ထည့်သွင်းချမှတ် အကောင်အထည်ဖော်ပေးပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာတွင်  ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် အစည်းအဝေးတွင် ပြညထောင်စုပညာရေး မူဝါဒကော်မရှင်မှ အစီရင်ခံစာတစ်ရပ် တင်သွင်းခဲ့ပါကြောင်း၊ အစီရင်ခံစာတွင် ရန်ကုန်နှင့် မန္တလေးရှိ အခြေခံပညာကျောင်းများကို အခြေပြုလေ့လာဆန်းစစ်ခဲ့ကြောင်းနှင့် ရင်ဆိုင်နေရသော အခက်အခဲများကို  ဖြေရှင်းမည့်နည်းလမ်းများ ဖော်ပြခဲ့သည်များကို ပြည့်စုံစွာ ဖတ်ရှုရပါကြောင်း၊ သို့သော် နယ်ရှိ အခြေခံပညာကျောင်းများကိုမူ ဆန်းစစ်မှု မလုပ်နိုင်ခဲ့၍  ရန်ကုန်၊ မန္တလေးအစရှိသည့် မြို့ပြများနှင့် မတူညီသော စိန်ခေါ်မှုအချို့ ကျန်ရှိနေခဲ့ပါကြောင်း၊ ထိုစိန်ခေါ်မှုများသည် ပထမအချက်အနေဖြင့် ဘာသာစကား အခက်အခဲဖြစ်ပါကြောင်း။

ပြည်ထောင်စုအစိုးရ၏ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နိုင်မှုကြောင့် သွားလာဆက်သွယ်ရေး လွယ်ကူချောမွေ့လာခြင်းနှင့်အမျှ တိုင်းရင်းသားဒေသ ကျေးလက်များတွင် ဒေသခံဘွဲ့ရများ ပေါ်ထွက်လာသည်ကို တွေ့ရှိရပါကြောင်း၊  တိုင်းရင်းသားကျေးရွာအလိုက် ပေါ်ထွက်နေပြီဖြစ်သည့် ဒေသခံဘွဲ့ရ တိုင်းရင်းသားလူငယ်များကို လိုအပ်ချက်အလိုက် တာဝန်ခန့်အပ်နိုင်ပါက ဘာသာစကား အခက်အခဲဖြေရှင်းပေးပြီးဖြစ်ခြင်း၊ ပြောင်းရွှေ့ခွင့်တင်၍ လစ်လပ်မှုမဖြစ်ပေါ်ခြင်း၊ စားဝတ်နေရေးအရ မိမိအိမ်တွင်နေသဖြင့် ဝန်ထမ်းအိမ်ရာများ ဖော်ဆောင်ပေးရန် ရန်ပုံငွေ အခက်အခဲပြေလည်နိုင်ခြင်း၊ လစာနှင့် အညီအတတ်နိုင်ဆုံး အဆင်ပြေစွာ အသက်မွေးဝမ်းကြောင်းနိုင်ခြင်း၊ အစိုးရအနေဖြင့် ဒေသဓလေ့စရိုက်ယဉ်ကျေးမှုနှင့် ကိုက်ညီသည့် ဝန်ထမ်းများအလို အလျောက်ရရှိမည်ဖြစ်၍ ပညာပေးလုပ်ငန်းများတွင်လည်းကောင်း၊ အုပ်ချုပ်ရေး ကိစ္စရပ်များတွင်လည်းကောင်း  အစိုးရအတွက် အထောက်အပံ့ပြုနိုင်မည့်အပြင် ဦးဆောင်သော ရပ်မိရပ်ဖကောင်းများ ရရှိခြင်းအစရှိသော အကျိုးများရရှိစေမည် ဖြစ်ပါကြောင်း။

ပြည်ထောင်စုသားအားလုံး မျှော်မှန်းသည့် ခေတ်မီတိုးတက်သော ဒီမိုကရေစီ  ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေး၊ ညင်သာသိမ်မွေ့စွာ ကူးပြောင်းနေသော ကာလတွင် မိမိတို့လွှတ်တော်မှ သမိုင်းကောင်းကမ္ဗည်းတင် မှတ်တိုင်စိုက်နိုင်ရန် တိုင်းရင်းသား ကျေးလက်ကလေးငယ်များ၏ အခြေခံမူလတန်းပညာရေးအပေါ်  စေတနာထား၍ အဆိုအား တင်သွင်းအပ်ပါကြောင်း ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဂွမဲဆန္ဒနယ်မှ ဦးမြင့်ဦးက အဆိုအား လက်ခံဆွေးနွေးနိုင်ရန် ထောက်ခံတင်ပြသည်။     

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ရယူရာ  လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့်စပ်လျဉ်း၍  ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချိုတင်သွင်းသည့် ပြည်တွင်း စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရင်းနှီးမြှုပ်နှံမှု မူဝါဒများကို ပြန်လည်သုံးသပ်ပြီး Global Supply Chain တွင် ပြည်တွင်းထုတ်လပ်မှုများ အချိုးအစားတစ်ခုအဖြစ် ပါဝင်နိုင်စေရေးနှင့် လိုအပ်သောငွေကြေး နည်းပညာ အထောက်အပံ့များရရှိစေရေး ကူညီဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။ 

ယင်းအဆိုနှင့်စပ်လျဉ်း၍ ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်သက်သက်ခိုင်၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဇေဖြိုးနှင့် ခင်ဦး မဲဆန္ဒနယ်မှ ဒေါက်တာ ဦးဝင်းအောင်တို့က ဆွေးနွေးကြသည်။

အဆိုနှင့်စပ်လျဉ်း၍  စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ဝန်ကြီးဌာန ၃ ခု၏ ပေါင်းစပ်ဖြေကြားချက်များနှင့်အတူ ရှင်းလင်းဖြေကြားမည်ဖြစ်ပါကြောင်း၊ စက်မှုဝန်ကြီးဌာနသည်  နိုင်ငံတစ်ဝန်းလုံးတွင်ရှိသော MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို ရှေ့ရှု၍ အသိပညာပေးသင်တန်းများ၊ စွမ်းရည်မြှင့်သင်တန်းများ၊ ထုတ်လုပ်မှုနည်းပညာ လွှဲပြောင်းပေးသည့် သင်တန်းများ၊ ငွေကြေးစီမံခန့်ခွဲမှုသင်တန်းများ၊ လုပ်ငန်းအစီအစဉ် (Business Plan) ရေးဆွဲနည်း သင်တန်းများပေးခြင်း၊ ကွင်းဆင်းလေ့လာအကြံပြုခြင်း၊ ထုတ်လုပ်မှုနှင့် ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များ ပံ့ပိုးပေးခြင်း၊ ဈေးကွက်ချိတ်ဆက်ပေးခြင်း (Business Matching)များ၊ FDI များနှင့် ချိတ်ဆက်ပေးခြင်းတို့ကို နိုင်ငံတကာ ပညာရှင်များ၊ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဒေသအလိုက် ကျင်းပပေးလျက်ရှိပါကြောင်း။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှလည်း ဖြေလျော့မှုများအနေဖြင့် MSME လုပ်ငန်းရှင်များ CGI ချေးငွေရရှိရေး ထောက်ခံချက်ရယူရာတွင် ငွေကျပ်သိန်း ၂၀ဝ အထိ  ချေးငွေအတွက် လုပ်ထုံးလုပ်နည်းရေးဆွဲစဉ်က စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၏ ထောက်ခံချက် တင်ပြရန် သတ်မှတ်ထားခဲ့သော်လည်း ယခုအခါ MSME Member  Card ဖြင့် ထုတ်ပေးလျက်ရှိပြီး ငွေကျပ်သိန်း ၁၀ဝ၀ အထိ ချေးငွေအတွက် ယခင်က MSME Agency ထောက်ခံချက်ရယူရန် သတ်မှတ်ခဲ့သော်လည်း ယခုအခါ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၏ ထောက်ခံချက်ဖြင့်သာ ထုတ်ချေးပေးလျက်ရှိပါကြောင်း။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်က ချမှတ်ထားသည့် ရင်းနှီးမြှုပ်နှံမှု မူဝါဒ (၇- ၈)နှင့်အညီ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းတို့ကို ရေးဆွဲပြဋ္ဌာန်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမြှင့်တင် ရေးစီမံကိန်းတွင်လည်း ပြည်တွင်းလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ်ကို မဟာဗျူဟာ၏ အမျိုးအစား (၅)အဖြစ် သတ်မှတ်၍ စက်မှုဆိုင်ရာ ကွန်ယက်ချိတ်ဆက်မှု မြှင့်တင်ခြင်း၊ ပြည်တွင်းစက်မှုလက်မှု လုပ်ငန်းများ၏ စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေခြင်း၊ စီးပွားရေးစွမ်းဆောင်ရှင်များကို ကူညီပေးရန် စတင်အခြေတည်ခြင်း၊ စက်မှုလုပ်ငန်းများအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ကောင်းမွန်စေခြင်း စသည့် လုပ်ငန်းစဉ်များကို စီမံချက်ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

ပြည်တွင်း စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရင်းနှီးမြှုပ်နှံမှု မူဝါဒများကို ပြန်လည်သုံးသပ်ပြီး Global Supply Chain တွင် ပြည်တွင်းထုတ်လုပ်မှုများ အချိုးအစားတစ်ခုအဖြစ် ပါဝင်နိုင်စေရေးနှင့် လိုအပ်သောငွေကြေး၊ နည်းပညာအထောက်အပံ့များ ရရှိစေရေးအတွက် စက်မှုဝန်ကြီးဌာနအနေဖြင့် ဆက်စပ်ဝန်ကြီးဌာနများဖြစ်သည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနတို့နှင့် ပူးပေါင်းကာ ဟန်ချက်ညီညီ နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးကို ရှေ့ရှု၍ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ထပ်မံလိုအပ်လာမည့် အကူအညီ အထောက်အပံ့များ ရရှိရေးအတွက်ကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်၍ စီမံချက်ချမှတ်ကာ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် အဆိုအား အတည်ပြုပေးနိုင်ပါရန် ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုရှင်၏ သဘောထားရယူရာ အဆိုရှင်က အဆိုအားအတည်ပြုပေးပါရန် ပြောကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအား အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူပြီး လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသတ္တမနေ့ကို မေ ၁၇ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
 
အေးအေးသန့်(သတင်းစဉ်)