ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကျင်းပ

နေပြည်တော် ၁၅ ဇူလိုင်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

mdn

 

အစည်းအဝေးတွင် မြဝတီမဲဆန္ဒနယ်မှ ဦးစိန်ဗိုလ်၏ မြဝတီမြို့နယ်၊ ရွှေကုက္ကိုတွင်  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ခွင့်ပြုထားသည့် တရုတ်ရင်းနှီးမြှုပ်နှံမှု အခြေအနေကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် Myanmar Yatai International  Holding Group Co.,Ltd. ကို ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အကွက်အမှတ် (OSS -၆၉-ဃ)၊ ရွှေကုက္ကိုလ်မြိုင် အပြင်ကွင်း၊ ဦးပိုင်အမှတ်(၂)၊ ပူလွဲပူကျေးရွာရှိ မြေဧရိယာ ၂၅ ဒသမ ၅ ဧကအပေါ်တွင် အဆင့်မြင့် လူနေအိမ်ရာများ ဆောက်လုပ်ခြင်းနှင့် လုပ်ငန်းဆောင်ရွက်ရန်အတွက် ၂၀၁၈ ခုနှစ် ဇူလိုင် ၃၀ ရက်တွင် ခွင့်ပြုမိန့်အမှတ် ၀၉၉/ ၂၀၁၈ ဖြင့် လုပ်ကိုင်ခွင့်ပြုခဲ့ပါကြောင်း။

 

Myanmar Yatai International Holding Group Co.,Ltd. အနေဖြင့် လုပ်ပိုင်ခွင့်ရရှိထားသည့် မြေဧရိယာ ၆၂ ဧကအနက် မြေ ၂၅ ဒသမ ၅ ဧက အပေါ်တွင် အဆင့်မြင့်လူနေအိမ်ရာများ ဆောက်လုပ်မည့် စီမံကိန်းအတွက် ကရင်ပြည်နယ်အစိုးရ အဖွဲ့ထံသို့ တင်ပြခဲ့ရာ  ကရင်ပြည်နယ်အစိုးရအဖွဲ့က ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် ခွင့်ပြုခဲ့ပါကြောင်း၊ Myanmar Yatai International Holding Group Co.,Ltd. သည် မြေဧရိယာ ၂၅ ဒသမ ၅ ဧကတွင် အဆင့်မြင့်လူနေအိမ်ရာများ ဆောက်လုပ်ခြင်းလုပ်ငန်းအတွက် အဆိုပြုလွှာကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြခဲ့ပါကြောင်း၊ ကော်မရှင်က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေတို့နှင့် အညီစိစစ်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့ထံသို့ သဘောထားမှတ်ချက်များ တောင်းခံရယူခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ၂၀၁၈ ခုနှစ် ဇူလိုင် ၃၀ ရက်တွင် လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုမိန့် ထုတ်ပေးခဲ့ပါကြောင်း။

 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က Myanmar Yatai International  Holding Group Co.,Ltd. ကို “Construction, Operation and Leasing of High- End Villas လုပ်ငန်း” ဆောင်ရွက်ရန်အတွက် ခွင့်ပြုခဲ့သည့် ရွှေကုက္ကိုလ်အိမ်ရာ စီမံကိန်းသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ စိစစ်ခွင့်ပြုခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ကုမ္ပဏီအနေဖြင့် ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပုဒ်မ ၆၅ ပါ ရင်းနှီးမြှုပ်နှံသူ၏ တာဝန်ဝတ္တရားများ အပါအဝင် ဥပဒေလိုက်နာရမည့် စည်းကမ်းချက်များ ဆောင်ရွက်ရမည်ဖြစ်ပြီး လိုက်နာရန်ပျက်ကွက်ခြင်း၊ ချိုးဖောက်ခြင်းနှင့် သွေဖယ်ခြင်းတို့ကို စိစစ်တွေ့ရှိပါက  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

မိတ္ထီလာ မဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်း၏ မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး၌ ဂမ်ဘီယာနိုင်ငံက တရားလိုပြုလုပ်၍ တရားစွဲဆိုမှုကို ရင်ဆိုင်ဖြေရှင်းရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာနမှ လုပ်အားအတွက် ကုန်ကျစရိတ်အဖြစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဖြည်စွက်ခွင့်ပြုငွေတောင်းခံသည့် လိုငွေ ကျပ်သန်း ၆၈၀ တောင်းခံရာတွင် ကျွမ်းကျင်ပညာရှင် ရှေ့နေများ ငှားရမ်းခြင်း၊ သီးသန့်တရားသူကြီး ငှားရမ်းခြင်း၊ ဥပဒေအကြံပေးများ ခန့်အပ်ခြင်းများအား တစ်ဦးချင်းစီအလိုက် မည်မျှကုန်ကျသည်ကို အသေးစိတ်ရှင်းလင်းပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် ခရီးစရိတ် ကုန်ကျငွေနှင့် လေးလံပစ္စည်း သယ်ယူစရိတ်များအတွက် ကျပ် ၃၅၁ ဒသမ ၆၀၀ သန်းကိုလည်း စနစ်တကျ အသေးစိတ်စိစစ် ရှင်းလင်းပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ICJ တွင် တရားရင်ဆိုင်ခြင်းကိစ္စသည် နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားနှင့် နိုင်ငံတော်၏ ပုံရိပ်တို့နှင့်သက်ဆိုင်သည့် အရေးကြီးသော ကိစ္စဖြစ်သည့်အတွက် တရားရင်ဆိုင်ရာတွင် ကုန်ကျသည့် ကျွမ်းကျင်ပညာရှင် ရှေ့နေများ ငှားရမ်းခြင်း၊ ဥပဒေအကြံပေးများခန့်အပ်ခြင်း စသည့်  အသုံးစရိတ်များသည် နိုင်ငံတော်၏ ဘဏ္ဍာမှ ကျခံသုံးစွဲခွင့်ရှိသည့်ကိစ္စ ဖြစ်ပါကြောင်း။

 

ထို့ပြင် အဆိုပါ အသုံးစရိတ်များသည် နိုင်ငံခြားရေးဝန်ကြီးဌာန၏ သာမန်အသုံးစရိတ်များဖြစ်သည့် အပြင် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအောက်တွင်ရှိသည့် ကော်မတီ ၃ ရပ်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယသမ္မတ အဆင့်အထိ တစ်ဆင့်ပြီးတစ်ဆင့် စိစစ်စစ်ဆေးပြီး ထိုမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီတို့မှ အသေးစိတ်အဆင့်ဆင့် စိစစ်အတည်ပြုခွင့်ပြုပေးခဲ့သည့် အသုံးစရိတ်များဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး၌ ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုမှု ကိုဖြေရှင်းရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာနများမှ လုပ်အားခအတွက် ကုန်ကျငွေအဖြစ် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာနှစ် ဖြည့်စွက်ခွင့်ပြုငွေ ငွေကျပ်သန်း ၆၈၀ တောင်းခံသည့်ကိစ္စနှင့်စပ်လျဉ်း၍  ၂၀၂၀ ပြည့်နှစ် မေ ၂၇ ရက်တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်း အဝေးပဉ္စမနေ့၌ ယင်းသို့ ဖြည့်စွက်တောင်းခံခဲ့ရခြင်းကိစ္စသည် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်းကိုလည်း အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်ပါကြောင်း။

 

နိုင်ငံခြားရေးဝန်ကြီးဌာန၏ သာမန်အသုံးစရိတ်ခေါင်းစဉ်အောက်မှ သက်ဆိုင်ရာ ဘဏ္ဍာနှစ်အတွင်း ကျခံသုံးစွဲသည့် အသုံးစရိတ်ဖြစ်သည့်အတွက် ဌာနအတွင်း စာရင်းစစ်အဖွဲ့နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စာရင်းစစ်အဖွဲ့မှ ဘဏ္ဍာရေးစည်းမျဉ်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သုံးစွဲခြင်း ရှိ၊ မရှိ၊ ရှေ့နေခ အသေးစိတ်အပါအဝင် အသုံးစရိတ်များ  မှန်ကန်မှုရှိ၊ မရှိ တို့ကိုလည်း စစ်ဆေးခံသွားမည် ဖြစ်ပါကြောင်း။

 

ခရီးစရိတ်ကုန်ကျငွေနှင့် လေးလံပစ္စည်းသယ်ယူစရိတ်များအတွက် ငွေကျပ် သန်း ၃၅၁ ဒသမ ၆၀၀ ကို စနစ်တကျ အသေးစိတ်ရှင်းလင်းပေးရန် အစီအစဉ်ရှိ၊ မရှိ သိလိုခြင်းနှင့်စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်း၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့် မညီညွတ်ကြောင်း တွေ့ရှိပါက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမည့် ယင်း၏ စာရင်းစစ်အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြသွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ICJ တွင် ရင်ဆိုင်နေရသည့် အမှုအတွက် မိမိတို့ငှားရမ်းထားသည့် နိုင်ငံတကာရှေ့နေကြီးများ၏ အခကြေးငွေများ၊ အသုံးစရိတ်များကို အသေးစိတ် ထုတ်ဖော်ပြောကြားခြင်း မပြုရန် ကျင့်ဝတ်ကို လိုက်နာရန် တာဝန်လည်းရှိပါကြောင်း၊ ICJ တွင် တရားရင်ဆိုင်ရာတွင် ကုန်ကျသည့် အသုံးစရိတ်ရှင်းတမ်း၊ ခရီးစရိတ် ကုန်ကျငွေနှင့် လေးလံ ပစ္စည်းသယ်ယူစရိတ်များ၏ အသေးစိတ်ရှင်းတမ်းများကို ဘဏ္ဍာရေးစည်းမျဉ်း လုပ်ထုံးလုပ်နည်းနှင့်အညီ စာရင်းစစ်အဖွဲ့တွင် စစ်ဆေးခံသွားမည်ဖြစ်သည့်အတွက် ပြည်သူ့လွှတ်တော်တွင် သီးခြားရှင်းလင်းတင်ပြရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

တန့်ယန်း မဲဆန္ဒနယ်မှ ဦးစိုင်းမောင်ပွင့်၏ တန့်ယန်းမြို့နယ်၊ မန်ကတ်ကျေးရွာ အုပ်စုတွင်းရှိ မခီနူရွာ၊ မက်ခံရွာ၊ လွယ်လုံရွာ၊ ဟိုဆော့ရွာ၊ နားဆောင်ကျေးရွာများရှိ တောင်သူများ ဘိုးဘွားလက်ထက်မှစ၍ ဓါးမဦးချစိုက်ပျိုးလုပ်ကိုင်လာသော တောင်ယာစိုက်ခင်းများ သိမ်းဆည်းခံရမှုအား သက်ဆိုင်ရာမှ မည်သို့ဖြေရှင်းဆောင်ရွက်ပေးနိုင်မည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က အမှတ်(၈) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း၏ တပ်ပိုင်မြေသည် သိမ်းဆည်းစဉ်တွင် မြေလွတ်မြေလပ်များသာဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ တပ်မြေသိမ်းဆည်းရေးအမိန့်များ ရရှိပြီးဖြစ်ပါကြောင်း၊ လေ့ကျင့်ရေးသင်တန်းကျောင်း ဖြစ်သည့်အတွက် လေ့ကျင့်ရေးဆိုင်ရာများ ဆောင်ရွက်ရန် အမှန်တကယ်လိုအပ်သော မြေများဖြစ်ခြင်း၊ တိုင်ကြားသူများအနေဖြင့် ယခင်အခမဲ့စိုက်ပျိုးလုပ်ကိုင်ခွင့်ရရှိခဲ့ရာမှ ယခုလက်ရှိအချိန်တွင် တပ်ပိုင်မြေအတွင်း ဝင်ရောက်စိုက်ပျိုးလုပ်ကိုင်ခွင့် မရရှိတော့သဖြင့် ပိုင်ဆိုင်မှု အထောက်အထားမရှိဘဲ ရယူလိုမှုဖြင့်  တင်ပြတိုင်ကြားခြင်းသာ ဖြစ်ပါသောကြောင့် တပ်ပိုင်မြေအတွင်း ပါဝင်နေသည့် မြေများအား ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်း မရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ဆက်လက်၍ စေတုတ္တရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၏ စေတုတ္တရာမြို့နယ်၊ ကံကျေးရွာမှ ချင်းတိုင်းရင်းသား အိမ်ခြေ (၃၂) အိမ်နှင့် နှစ်ရှည်သီးနှံ စိုက်ခင်းများသည် ကပစ (၂၀) တပ်သိမ်းမြေတွင် ပါဝင်ခဲ့သည့်အတွက် မည်ကဲ့သို့ တာဝန်ယူဆောင်ရွက်ပေးမည်ကိုသိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က လည်းကောင်း၊ သပိတ်ကျင်း မဲဆန္ဒနယ်မှ ဒေါက်တာအောင်နိုင်၏ ဒေသခံပြည်သူများ အနေဖြင့် ဓာတ်သတ္တုကဏ္ဍ၌ အသေးစားနှင့် လက်လုပ်လက်စား ထုတ်လုပ်ခြင်းအတွက် ခွင့်ပြုမိန့်လျှောက်ထားရာတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ လွယ်ကူအဆင်ပြေစေရန် မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်း၊ ဝန်းသို မဲဆန္ဒနယ်မှ ဦးနေစိုးအောင်၏ ဝန်းသိုမြို့နယ်ရှိ သစ်အရောင်းစက် အမှတ် (၁၂၁) မြေနေရာအား ဝန်းသိုမြို့ပိုင်မြေအဖြစ် စွန့်လွှတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် ဆင်ပေါင်ဝဲ မဲဆန္ဒနယ်မှ ဦးနေထက်ဝင်း၏ သစ်တောဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများအား ဌာန၏ တရားဝင်လူမှုကွန်ရက် စာမျက်နှာ (Facebook Page) မှတစ်ဆင့် တစ်မြို့နယ်ချင်းစီ ပွင့်လင်းမြင်သာစွာ အသိပေးဖော်ပြသွားရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းတို့နှင့်  စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက လည်းကောင်း ရှင်းလင်းဖြေကြားကြသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးအေးနိုင်က မြေအောက်ရေစီမံခန့်ခွဲမှု ဥပဒေကြမ်းကို တင်သွင်းပြီး ဥပဒေကြမ်းကော်မတီဝင် ဦးစိုင်းထွန်းအေးက အစီရင်ခံစာ ဖတ်ကြားရှင်းလင်းသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုပါဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ ကျောက်တန်း မဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုး တင်သွင်းသည့် စီးပွားရေးလုပ်ငန်းများ လူမှုအကျိုးပြုလုပ်ငန်း (CSR) အကောင်အထည်ဖော်ရာတွင် တိကျသည့် မူဝါဒချမှတ်ပြီး ဒေသခံပြည်သူပါဝင်နိုင်သော နည်းလမ်းများဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန်အတွက် စီစဉ်ညွှန်ကြားပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

ဆိပ်ကြီး/ခနောင်တို မဲဆန္ဒနယ်မှ ဦးတင်ထွန်းနိုင်က CSR ကို အထူးအလေးထားပြီး ဂုဏ်သိက္ခာ အလွန်ကြီးမားလှပါသည်ဆိုသည့် နိုင်ငံတကာစီးပွားရေးလုပ်ငန်းစုများ၏ အပြောနှင့်အလုပ် မညီသည့် ဆောင်ရွက်ချက် အချို့လည်း ရှိပါကြောင်း၊ ကုမ္ပဏီအခြေစိုက်သည့် မိခင်နိုင်ငံတွင် ကျင့်သုံးလိုက်နာဆောင်ရွက်ပုံနှင့် CSR မူဝါဒ တိတိကျကျမရှိသည့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံသည့်အခါ လျော့ရဲစွာ ကျင့်သုံးဆောင်ရွက်ကြသည့်အတွက် သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းအပေါ် ထိခိုက်ဆိုးကျိုးသက်ရောက်စေခဲ့သည့် ကိစ္စရပ်လည်းရှိပါကြောင်း၊ အဆိုရှင်တိုက်တွန်းသကဲ့သို့ ပြည်ထောင်စုအစိုးရအနေဖြင့် CSR မူဝါဒ ချမှတ်ရာတွင် CSR အကြောင်းပြပြီး အမှန်တကယ်ပြည်သူလူထု အကျိုးစီးပွားဖော်ဆောင်ရေးထက် CSR မျက်နှာဖုံးတပ်ပြီး မိမိတို့ ကုမ္ပဏီအဖွဲ့အစည်းများ၏ အကျိုးစီးပွားကာကွယ်ရေးကိုသာ အဓိကထား ဆောင်ရွက်တတ်သည်ကို အခြားတစ်ဖက်က ဆင်ခြင်ရန်များအနေဖြင့် သင်ခန်းစာယူထည့်သွင်းစဉ်းစား၍ ရေးဆွဲရန် အထူးလိုအပ်ပါကြောင်း၊ သို့မှသာ မိမိတို့နိုင်ငံအနေဖြင့် အမှန်တကယ်ထိရောက် အကျိုးရှိသည့် CSR မူဝါဒကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါကြောင်း ထောက်ခံဆွေးနွေးသည်။

 

မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်းက လူမှုတာဝန်သိမှု CSR ရန်ပုံငွေဖြင့် ဆောင်ရွ

က်သည့် ကွန်ကရစ်လမ်းများကို ဒေသခံပြည်သူများက ပူးပေါင်းပါဝင်ပြီး ဆောင်ရွက်လိုသော်လည်း ဆောင်ရွက်ခွင့်မရရှိခဲ့ပါကြောင်း၊ သို့သော် ဒေသကော်မတီများကို ပူးပေါင်းပါဝင်လုပ်ကိုင်ခွင့် ပြုခဲ့မည်ဆိုပါက ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းရရှိမည်ဖြစ်၍ ဒေသအတွက်လည်း ပိုမိုအကျိုးဖြစ်ထွန်းမည်ဖြစ်ပြီး တိုင်းပြည်အတွက်လည်းများစွာ အကျိုးရှိမည်ဖြစ်ပါကြောင်း၊ အဆိုရှင်တင်ပြသကဲ့သို့ လူမှုတာဝန်သိမှု CSR လုပ်ငန်းများကို အကြောင်းပြပြီး ကိုယ်ကျိုးအတွက် ဆောင်ရွက်ခြင်းများမလုပ်ဘဲ အဂတိတရားကင်းကင်းဖြင့် ဒေသခံပြည်သူများ၏ အကျိုးကို စေတနာထား ဆောင်ရွက်ကြရန် အလွန်အရေးကြီးပါကြောင်း ထောက်ခံဆွေးနွေးသည်။

 

အလားတူ ထီးချိုင့် မဲဆန္ဒနယ်မှ ဦးမောင်မောင်၊ မုံရွာ မဲဆန္ဒနယ်မှ ဦးညွန့်အောင်၊ လွိုင်ကော် မဲဆန္ဒနယ်မှ ဒေါက်တာခင်စည်သူ၊ မိုင်းရှူး မဲဆန္ဒနယ်မှ ဦးစိုင်းဝင်းအေး (ခ) ဦးစိုင်းထွန်းအေး၊ အင်းတော် မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ပြုံး၊ ရွှေဘို မဲဆန္ဒနယ်မှ ဒေါက်တာအေဇင်လတ်၊ ဒဂုံ မဲဆန္ဒနယ်မှ ဒေါက်တာသက်သက်ခိုင်၊ ဘုတ်ပြင်း မဲဆန္ဒနယ်မှ ဦးနေလင်းထွန်း၊ မြောက်ဦး မဲဆန္ဒနယ်မှ ဦးဦးလှစော၊ ဖားကန့် မဲဆန္ဒနယ်မှ ဦးတင့်စိုးနှင့် ကောလင်း မဲဆန္ဒနယ်မျှ ဦးမျိုးဇော်အောင်တို့က ဆွေးနွေးကြသည်။

 

ထို့နောက် အဆိုနှင့်စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းက လူမှုအကျိုးပြုလုပ်ငန်း (CSR) သည် နိုင်ငံတော်အစိုးရအနေဖြင့်သာ ကြီးကြပ်ဆောင်ရွက်နိုင်သည့် ကိစ္စရပ်မဟုတ်ဘဲ နိုင်ငံတော်အစိုးရ၊ စီးပွားရေးလုပ်ငန်းများနှင့် ဒေသခံလူထုတို့ ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်မှု ကော်မရှင်အနေဖြင့် လူမှုအကျိုးပြုလုပ်ငန်း (CSR) များ ဆောင်ရွက်စေရန် ရင်းနှီးမြှုပ်နှံသူများအား ဆော်ဩမှုပြုခြင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ ကြီးကြပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည့်အပြင် ကိုရီးယား-မြန်မာ လူမှုအကျိုးပြုလုပ်ငန်းကဲ့သို့ လူမှုအကျိုးပြုလုပ်ငန်း အကောင်းဆုံး ဆောင်ရွက်သည့် ကိုရီးယား လုပ်ငန်းများကို ဆုချီးမြှင့်ခဲ့သည့် လူမှုအကျိုးပြုလုပ်ငန်း အားပေးဆောင်ရွက်မှုများတွင်လည်း ပံ့ပိုးပါဝင်လျက်ရှိပါကြောင်း။

 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပတ်ဝန်းကျင်ကို ဆိုးကျိုးမဖြစ်စေရန်၊ လူ့အခွင့်အရေးကို မြှင့်တင်ရန်၊ အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်ရန်နှင့် အဂတိလိုက်စားမှုကို ရှောင်ကျဉ်စေရန် စသည့် တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို မြှင့်တင်ရန်တာဝန်ရှိသည့် အဖွဲ့အစည်းဖြစ်သည့် အားလျော်စွာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီများကို UN Global  Compact ဝင်ရောက်စေရန်အတွက် တိုက်တွန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ UN Global Compact သည် စည်းနှောင်မှု မရှိသည့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအကြား သဘောတူထားသည့် ရေရှည်တည် တံ့ခိုင်မြဲသည့် တာဝန်ယူမှုရှိသော လူမှုအကျိုးပြုလုပ်ငန်းများ (CSR) ဆောင်ရွက်ရန် စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းများကို တိုက်တွန်းအားပေးလျက်ရှိသည့် ကမ္ဘာ့အကြီးဆုံး ကွန်ယက်ဖြစ်သည့်အတွက် အဆိုပါ ကွန်ယက်သို့ မြန်မာတွင် ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများ ဝင်ရောက်ခြင်းဖြင့် လူ့အခွင့်အရေး၊ အလုပ်သမားများ အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင် ဆိုးကျိုးမဖြစ်စေရေး၊ အဂတိလိုက်စားမှု ပပျောက်ရေးတို့ကို အဓိက အထောက်အပံ့ ရရှိစေမည်ဖြစ်ပါကြောင်း။

 

လူမှုအကျိုးပြုလုပ်ငန်းများကို နိုင်ငံတော်အစိုးရ စီးပွားရေးလုပ်ငန်းများနှင့် ဒေသခံ လူထုတို့ ပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်များတွင် ဆိုးကျိုးသက်ရောက်မှုများကို ပိုမိုပွင့်လင်းမြင်သာစွာ ကာကွယ်နိုင်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုလည်း ပိုမိုထိရောက်စွာ ကြပ်မတ်နိုင်မည်ဖြစ်သည့်အပြင် နိုင်ငံတော်နှင့် ဒေသခံပြည်သူများ အတွက်လည်း များစွာအကျိုးဖြစ်ထွန်းစေမည် ဖြစ်ပါသောကြောင့် အဆိုအားအတည်ပြုနိုင်ရေးအတွက် ထောက်ခံပါကြောင်း ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုရှင်၏ သဘောထားမေးမြန်းရာ အဆိုရှင်က အတည်ပြုပေးပါရန် ပြောကြားသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအား အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ဇူလိုင် ၂၁ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

အေးအေးသန့်(သတင်းစဉ်)