ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကျင်းပ

နေပြည်တော်  ၁၀  မေ 

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်း အဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ကော့သောင်း မဲဆန္ဒနယ်မှ ဦးခင်ဇော်၏ လွှတ်တော်ကိုယ် စားလှယ်များ၏ လှုပ်ရှားမှုများအပေါ် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များ၏ ဆောင်ရွက် ချက်များသည် ဥပဒေနှင့်ညီညွှတ်ခြင်းရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က  လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော် ရပ်နားချိန်တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်များအတွင်း ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ လွှတ်တော်အတွေ့အကြုံ ရှင်းလင်းခြင်း၊ ဒေသဆိုင်ရာ အခမ်းအနားများ တက်ရောက်ခြင်း၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ ဖိတ်ကြားသော အစည်းအဝေးများသို့ တက်ရောက်ခြင်းများမှာ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သည့် ကိစ္စရပ်များသာ ဖြစ်ပါကြောင်း၊ တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် သက်ဆိုင်ရာ နယ်မြေအတွင်းရှိ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာ ရေးနှင် ဒေသဖွံ့ဖြိုးရေးထူးခြားမှုသတင်းများအား ရယူပြီး ဒေသတွင်းရှိ အရေးကြီး အဆောက်အဦများနှင့် အရေးကြီးပုဂ္ဂိုလ်များအား မသမာသူများမှ ဖောက်ခွဲဖျက်ဆီး ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း မခံရစေရေးအတွက်လည်း ကြိုတင်သတင်းရယူခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး လွှတ်တော်ကိုယ်စားလှယ်များကို ပုဂ္ဂိုလ်ရေးဆိုင်ရာ ရည်ရွယ်ချက်ဖြင့် စောင့်ကြည့်သတင်းရယူခြင်းမျိုးမဟုတ်ပါကြောင်း။    

 

အဆိုပါ ကိစ္စရပ်များမှာလည်း တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင် များ သာမက ပြည်သူလူထု၊ သတင်းမီဒီယာအပါအဝင် အခြားသူများ အလွယ်တကူ တွေ့မြင်သိရှိနိုင်သည့် ကိစ္စရပ်များဖြစ်သည့်အပြင် ထိုကဲ့သို့ လူထုအားပွင့်လင်းမြင်သာ စွာ ထိတွေ့ဆောင်ရွက်မှုများမှာ လွှတ်တော်ကိုယ်စားလှယ်များ သာမက တပ်မတော် အပါအဝင် အခြားသက်ဆိုင်ရာ အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှာလည်း ကျယ် ပြန့်စွာ ဆောင်ရွက်လျက်ရှိပြီးနိုင်ငံပိုင် သတင်းဌာနများတွင်လည်းကောင်း၊ အခြားပုဂ္ဂလိ က သတင်းမီဒီယာများတွင်လည်းကောင်း၊ လူမှုကွန်ရက်များတွင်လည်းကောင်း ဖော်ပြဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည့် ကိစ္စရပ်များဖြစ်ပါကြောင်း။

 

လွှတ်တော်ကိုယ်စားလှယ်များ၏ လူထုအခြေပြုဆောင်ရွက်မှုများနှင့် အစိုးရအဖွဲ့ အစည်းများ၏ ဖိတ်ကြားမှုကြောင့် အစည်းအဝေးတက်ရောက်မှုများအား သတင်းရယူ မှုကို ဥပဒေနှင့် ညီညွတ်မှုမရှိဟု သတ်မှတ်လိုက်မည်ဆိုပါက တပ်မတော်စစ်ဘက်ဆိုင် ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များသာမက အခြားသတင်းရယူသူအားလုံးပါ အကျုံးဝင် သက်ရောက်သွားနိုင်သည်ကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါကြောင်း။

 

လူထုအကြားတွင်ဖြစ်စေ၊ တရားဝင်အခမ်းအနားများတွင်ဖြစ်စေ အစိုးရအဖွဲ့ အစည်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ လှုပ်ရှားဆောင်ရွက်မှုများမှာ ပွင့်လင်းမြင် သာစွာ ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် သတင်းရယူနိုင်သည့်  အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့် နည်းလမ်းများစွာရှိနေနိုင်ပါကြောင်း၊ ထိုအခြေအနေတွင် တပ်မတော် စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သတင်းရယူမှုအား ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ် မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို အနှောင့်အယှက်ဖြစ်စေသော သို့မဟုတ် လူ့ဂုဏ်သိက္ခာ ကို ထိခိုက်စေနိုင်သော နောက်ယောင်ခံ စောင့်ကြည့်ခြင်း၊ စုံထောက်ခြင်းနှင့် စုံစမ်း ခြင်း ဖြစ်သည်ဟု မဆိုနိုင်ဘဲ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၎င်းတို့၏ ဆောင်ရွက် မှု၊ ပြောကြားမှုများအပေါ် မမှန်မကန် လုပ်ကြံဖန်တီး၍ သတင်းမှားများ ဖန်တီးပြုလုပ် ခြင်းခံရမှသာ သက်ဆိုင်ရာ တည်ဆဲဥပဒေနှင့်အညီ အရေးယူနိုင်ရေးဆောင်ရွက်ရ မည့် ကိစ္စရပ်ဖြစ်ကြောင်းကို တွေ့ရှိရပါကြောင်း။

 

လွှတ်တော်ကိုယ်စားလှယ်မေးခွန်းပါ ပုဂ္ဂိုလ်ရေးဆိုင်ရာ နောက်ယောင်ခံ စောင့် ကြည့်ခြင်း၊ စုံထောက်ခြင်းနှင့်စုံစမ်းခြင်းပြုလုပ်မှသာ သတင်းရရှိနိုင်မည့် ကိစ္စရပ်များ မဟုတ်ဘဲ လူသိရှင်ကြားပွင့်လင်းမြင်သာစွာ ဆောင်ရွက်သည့်ကိစ္စရပ်ဖြစ်သောကြောင့် အလွယ်တကူသတင်းရရှိနိုင်သည့် ကိစ္စရပ်များဖြစ်သည့်အတွက် ၎င်းကိစ္စရပ်အပေါ် သတင်းရယူခြင်းမှာ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ရေး ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေအား ဆန့်ကျင်ချိုးဖောက်သည်ဟု ဆိုနိုင်မည် မဟုတ်ပါကြောင်းနှင့်  အများပြည်သူနှင့်အတူ ပွင့်လင်းမြင်သာစွာ သတင်းရယူခြင်းသာ ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ကျောက်တန်း မဲဆန္ဒနယ်မှ  ဒေါ်အေးမြမြမျိုး၏ ကျောက်တန်းမြို့နယ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့က လုပ်ပိုင်ခွင့် ရယူဆောင်ရွက်နေသော ရေ ငန်ပုစွန်မွေးမြူရေးလုပ်ငန်းများမှ နိုင်ငံတော်အတွက် အကျိုးအမြတ်ရရန် မည်သို့ဆောင် ရွက်မည်ကို သိလိုခြင်းနှင့်စပ်လျဉ်း၍  စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က အောင်ချမ်းသာရေငန်ငါးပုစွန်မွေးမြူရေးစခန်းသည် ၂၀ဝ၀ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီအထိ ရရှိဝင်ငွေစုစုပေါင်း ငွေကျပ် ၂၀၅၄ ဒသမ ၈၁ သိန်းဖြစ်ပြီး ကျောက်တန်းရေငန်ငါးပုစွန်မွေးမြူရေးစခန်းသည် ၂၀ဝ၀ခုနှစ်မှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီအထိ ရရှိဝင်ငွေ စုစုပေါင်းငွေကျပ် ၄၂၉၆ ဒသမ ၁၈ သိန်း ဖြစ်ပါ ကြောင်း၊ မွေးမြူရေးစခန်း များမှ ရရှိသောဝင်ငွေများကို ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၏ ရငွေစာရင်းသို့ပေးသွင်း၍ မြို့နယ်အလိုက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မ တီအနေဖြင့်  အဆိုပါ စခန်းမြေများကို ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ်မရှိပါ ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားသည်။

 

ဆက်လက် ညောင်လေးပင် မဲဆန္ဒနယ်မှ ဒေါက်တာဦးမြင့်သိန်း၊ ရမ်းဗြဲ မဲဆန္ဒ နယ်မှ ဦးကျော်ရွှေ၊ တန့်ယန်း မဲဆန္ဒနယ်မှ ဦးစိုင်းမောင်ပွင့်နှင့် မုံရွာ မဲဆန္ဒနယ်မှ ဦးညွန့် အောင်တို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်နှင့် ဦးလှကျော် တို့က ရှင်းလင်းဖြေကြားကြသည်။

 

ထို့နောက် ကနီ မဲဆန္ဒနယ်မှ  ဦးထွန်းထွန်းနိုင်က  လယ်ယာစိုက်ပျိုးရေးကဏ္ဍ တွင် ဒေသအလိုက် စိုက်ပျိုးဖြစ်ထွန်းသော ဈေးကွက်ဝင် သီးနှံပင်များ ပိုမိုစိုက်ပျိုးဖြစ် ထွန်လာစေရေး၊ စိုက်ပျိုးရေးပညာရှင်များဖြင့် လက်တွေ့နည်းပညာရပ်များပေးနိုင်မည့် စံပြစိုက်ကွက်များဖော်ဆောင်ပေးခြင်း၊ စိုက်ကွင်းစိုက်ကွက်များ အရောက်ကွင်းဆင်း၍ စိုက်ပျိုးရေးနည်းပညာရပ်များ ကူညီပံ့ပိုးပေးခြင်းတို့ဖြင့် လယ်ယာသီးနှံစိုက်ပျိုးရေး နည်းပညာရပ်များ ပိုမိုထွန်းကားလာစေရေးအင်တိုက်အားတိုက် ဆောင်ရွက်ပေးနိုင်ပါ ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာတွင် မိမိတို့နိုင်ငံ သည် စိုက်ပျိုးရေးအပေါ် မှီခိုနေရသည့် နိုင်ငံဖြစ်ပါကြောင်း၊ ၇၀ ရာခိုင်နှုန်းကျော်သော ကျေးလက်နေပြည်သူများသည် စိုက်ပျိုးရေးမှလွဲ၍  အခြားအလုပ်အကိုင် အခွင့်အလမ်း များ မရှိဘဲ စိုက်ပျိုးရေးလုပ်ငန်းများအပေါ်တွင် သာ ယခုတိုင် မှီခိုနေရဆဲ ဖြစ်ပါကြောင်း၊ မိမိတို့၏ ကျေးလက်နေပြည်သူများ မှီခိုနေရသော စိုက်ပျိုးရေးလုပ်ငန်း များသည် ရာသီဥတုဖောက်ပြန်မှု၊ ပိုးမွှားအန္တရာယ် မြေဆီလွှာပျက်စီးလာမှု၊ စိုက်ပျိုး ထုတ်လုပ်စရိတ်ကြီးမြင့်မှု၊ အထွက်နှုန်းလျော့ကျလာမှု၊ ဈေးကွက်မရေရာမှုနှင့် အကျိုး အမြတ်နည်းပါးလာမှုများအပေါ် ဖြေရှင်းဆောင်ရွက်နိုင်မည့် စိုက်ပျိုးရေး နည်းပညာရပ် များ ချို့တဲ့နေမှုများကြောင့် နိုင်ငံ၏ စိုက်ပျိုးရေးသည်များစွာ ခေတ်နောက်ကျကျန်နေ ခဲ့ပြီ ဖြစ်ပါကြောင်း။

 

မိမိတို့နိုင်ငံ၏ တောင်သူလယ်သမားထုကြီး၏ စားဝတ်နေရေး အကြပ်အတည်း များမှ ထွက်ရပ်လမ်းသည် စိုက်ပျိုးရေးနည်းပညာများကို  ထိထိရောက်ရောက်နှင့် ပံ့ပိုး ပြန့်ပွားစေခြင်းမှတစ်ပါးအခြားမရှိပါကြောင်း၊ စိုက်ပျိုးရေးအတွက် အစိုးရမှ နည်းပညာနှင့် သွင်းအားစုများကို ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်ရေး ဆောင်ရွက်ပေး ရန်လိုအပ်သကဲ့သို့ ပုဂ္ဂလိက လုပ်ငန်းရှင်ကြီးများနှင့်လည်း အကျိုးတူးပူးပေါင်းဆောင် ရွက်နိုင်ရေးအတွက်လည်း  တိကျသည့် မူဘောင်လုပ်ငန်းစဉ်များကိုလည်း  ရေးဆွဲချ မှတ်ပေးထားရန် လိုအပ်ပါကြောင်း၊ သို့မှသာ စိုက်ပျိုးရေးတွင် ရင်းနှီးမြှုပ်နှံမှုများနှင့် အတူ နည်းပညာများ ပိုမိုထွန်းကားလာနိုင်မည်ဖြစ်ပါကြောင်း။

 

စိုက်ပျိုးရေးအပေါ်တွင်သာ အခြေပြုနေရဆဲ မိမိတို့နိုင်ငံတွင် စိုက်ပျိုးရေးနည်း စနစ်များ အားနည်းနေသည့်အတွက် ဆင်းရဲမွဲတေမှု များပြားခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးခြင်း၊ တရားမဝင်ရွှေ့ပြောင်းအလုပ်လုပ်ကိုင်မှု များလာခြင်း၊ လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များ ပြည်ပမှ ပြန်တင်သွင်းနေရမှုများကြောင့် ကုန် သွယ်မှုလိုငွေများ ပိုမိုဖြစ်ပေါ်စေခြင်း စသည့် အဆိုးသံသရာထဲမှ လွတ်မြောက်နိုင်ရန် အတွက် အဆင့်ဆင့်သော စိုက်ပျိုးရေးဦးစီးဌာနများ သက်ဝင်နိုးကြားလုပ်ဆောင်လာ စေရန်နှင့် ဒေသအလိုက်စိုက်ပျိုးဖြစ်ထွန်းသော ဈေးကွက်ဝင်သီးနှံပင်များ ပိုမိုစိုက်ပျိုး ဖြစ်ထွန်းလာစေရေး စိုက်ပျိုးနည်းပညာရပ်များ ဖြန့်ဖြူးပေးနိုင်ရန်အတွက် မိမိအဆိုအား လွှတ်တော်မှ လက်ခံဆွေးနွေးပေးနိုင်ပါရန် တင်သွင်းအပ်ပါကြောင်း ရှင်းလင်းတင်ပြ သည်။

 

ဆက်လက်၍ ကန်ပက်လက် မဲဆန္ဒနယ်မှ ဦးညွန့်ဝင်းက အဆိုအား လက်ခံ ဆွေးနွေး နိုင်ရန် ထောက်ခံ တင်ပြသည်။

   

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က  ယင်းအဆိုနှင့် စပ်လျဉ်း ၍ အဆုံးအဖြတ်ရယူရာ  လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံဆွေး နွေးရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့်စပ်လျဉ်း၍  ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် ရွှေပြည်သာ မဲဆန္ဒနယ်မှ ဦးဉာဏ်လင်းက စွန့်ပစ်ပစ္စည်းအမှိုက်များ ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု လျော့နည်းပပျောက်စေရန် နေ့စဉ် မီးရှို့နိုင်သော အမှိုက်တန် (၂၀ဝ၀)ကျော်ထွက်ရှိသော မြန်မာနိုင်ငံ၏ စီးပွားရေးမြို့ တော်ဖြစ်သည့် ရန်ကုန်မြို့နှင့် အနည်းဆုံးတန် (၆၀) ထွက်ရှိသော တိုင်းနှင့်ပြည်နယ် အသီးသီးရှိ မြို့ကြီးများတွင် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်းတည်ဆောက်ခဲ့သည့်  နေ့စဉ် အမှိုက်တန်(၆၀)ကို မီးရှို့၍ ထွက်ရှိလာသော အပူရှိန်ကို အသုံးပြုကာ လျှပ်စစ် ဓာတ်အား ၇၆၀ KW ထုတ်လုပ်သည့်စက်ရုံ (Waste to Energy Plant) နှင့် အမှိုက် မီးရှို့စက် (Furnace)တို့ ကဲ့သို့သော စက်ရုံများကို ပိုမိုတိုးမြှင့်တည်ဆောက်ရန် နိုင်ငံတော်အစိုးရကို တိုက်တွန်းကြောင်းအဆိုကို တင်သွင်းသည်။

 

ဆက်လက်၍ ဒက္ခိဏသီရိ မဲဆန္ဒနယ်မှ ဦးသန့်စင်ထွန်းက အဆိုအား လက်ခံ ဆွေးနွေး နိုင်ရန် ထောက်ခံ တင်ပြသည်။

 
  
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က  ယင်းအဆိုနှင့် စပ်လျဉ်း ၍ အဆုံးအဖြတ်ရယူရာ  လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံဆွေး နွေးရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့်စပ်လျဉ်း၍  ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင် ကြောင်း ကြေညာသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက် ဖြင့် ပြန်လည်ပေးပို့လာသော ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍  လွှတ်တော်၏သဘောထားရယူရာ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း သဘောတူ အတည်ပြုကြောင်း နှင့်  ယင်းဥပဒေကြမ်းကို လွှတ်တော်နှစ်ရပ်လုံးက သဘောတူခြင်းဖြစ်၍ ပြည်ထောင်စု လွှတ်တော်က အတည်ပြုသည်ဟုမှတ်ယူပြီး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို မေ ၁၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အေးအေးသန့်(သတင်းစဉ်)

 

age dr hla