ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၁၂) ရက်မြောက်နေ့ ကျင်းပ

နေပြည်တော် ၃၁  မေ

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန် အစည်းအဝေး (၁၂) ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆောင်ရွက်မည့် ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက် ၂ နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်အတွက် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA) ထံမှ အမေ ရိကန်ဒေါ်လာသန်း ၁၀ဝ ချေးငွေရယူရေးနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်တို့က လွှတ်တော်သို့ ရှင်းလင်းတင်ပြကြသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဆိုပါ ချေးငွေသည် နှစ်ရှည် ဖွံ့ဖြိုး ရေးချေးငွေ ဖြစ်ပါကြောင်း၊ ဆိုင်းငံ့ကာလ (၅)နှစ်ဖြစ်ပြီး (၅)နှစ်အတွင်းတွင် ပြန်လည် ပေးဆပ်ရန်မလိုဘဲ (၆) နှစ်မြောက်မှစ၍ နှစ်ပေါင်း(၃၀) ပြန်လည်ပေးဆပ်ရမည် ဖြစ်ပါကြောင်း၊ ထိုသို့ ပေးဆပ်ရာတွင် ဝန်ဆောင်ခအနေဖြင့် ဝ ဒသမ ၇၅ ရာခိုင်နှုန်း ပေးရမည်ဖြစ်ပြီး အတိုးနှုန်း ၁ ဒသမ ၂၅ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ ချေးငွေပမာဏသည် အမေရိကန်ဒေါ်လာသန်း ၁၀ဝ ဖြစ်ပြီး ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စတင်မည်ဖြစ်ကာ သုံးစွဲသည့်နှစ်အလိုက်သာ ထုတ်ယူသုံးစွဲရမည်ဖြစ်ပါကြောင်း၊ ဆက်လက် တိုးချဲ့ ဆောင်ရွက်မည့် နေရာများမှာ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ဖြစ်ပါကြောင်း၊ အကျိုးခံစားခွင့်ရှိသူများမှာ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသော (၂)နှစ်အောက် ကလေးသူငယ်အားလုံး ဖြစ်ပါကြောင်း။

အကျိုးခံစားခွင့် ရရှိသူတစ်ဦးကို (၁) လလျှင် ငွေကျပ် (၁၅၀ဝ၀) နှုန်းဖြင့် ထောက်ပံ့မည်ဖြစ်ပြီး ထောက်ပံ့ငွေနှင့်အတူ ကျန်းမာရေးနှင့် အာဟာရဆိုင်ရာ အပြုအမူ ပြောင်းလဲရေးအတွက် ကိုယ်ဝန်ဆောင်အာဟာရ၊ မီးနေသည်အာဟာရ၊ နို့တိုက်မိခင် အာဟာရဟူ၍ အာဟာရပညာပေးခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေး ပညာပေးခြင်းနှင့် မိသားစုစီမံကိန်း ပညာပေးရေးတို့နှင့်တွဲ၍ လူမှုရေးဆိုင်ရာ ပံ့ပိုးမှုများနှင့် ပူးတွဲဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ငွေကြေးထောက်ပံ့မည့် နည်းလမ်းမှာ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ပံ့ပိုးခြင်းကို ရယူမည်ဖြစ်သော်လည်း မိမိတို့အနေဖြင့် နည်းလမ်းကောင်းများကို ရှာဖွေသုံးစွဲသွားမည် ဖြစ်ပါကြောင်း။

ဝန်ကြီးဌာနအနေဖြင့် ရပ်ကွက်နှင့် ကျေးရွာအဆင့်အထိ လူမှုကာကွယ် စောင့်ရှောက်ရေး ကော်မတီများ ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ ထောက်ပံ့မှု အစီအစဉ်တွင် အကျိုးခံစားရသူများအနေဖြင့် အဆင်မပြေမှုများ ရှိလာပါကလည်း တိုင်ကြားနိုင်မည့် အစီအစဉ်များကိုလည်း ဆောင်ရွက်ထားပါကြောင်း၊ မိမိတို့၏ ထောက်ပံ့ရေး အစီအစဉ်ကို စောင့်ကြည့်ကြီးကြပ်ခြင်းနှင့် အကဲဖြတ်ဆန်းစစ်ခြင်းကို သေချာစွာဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ထောက်ပံ့ရေးအစီအစဉ်၏ အကျိုးကျေးဇူးများမှာ လူ့ဘဝအစ ရက်ပေါင်း (၁၀ဝ၀) အတွင်းတွင် အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များ ပြည့်မီပြီး ဦးနှောက်နှင့် ခန္ဓာကိုယ်ကောင်းစွာ ဖွံ့ဖြိုးတိုးတက်ခြင်းကို ရရှိမည်ဖြစ်ပါကြောင်း၊ ကလေးသူငယ်များ နာမကျန်းမှုနှင့် သေဆုံးမှုနှုန်း ကျဆင်းနိုင်သည့် အကျိုးကျေးဇူး ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် အာဟာရဆိုင်ရာ အသိပညာပေး အလေ့အထ တိုးပွားရရှိလာမည် ဖြစ်သည့်အတွက် ဘဝအတွက် များစွာကောင်းမွန်သည့် ရလဒ်ကို ရရှိမည်ဖြစ်ပါကြောင်း။

ထို့ပြင် မိသာစုစီမံကိန်းပညာပေးပါဝင်သည့်အတွက် မိခင်နှင့်ကလေးများ ရေရှည် ကျန်းမာရေးကို အထောက်အကူပြုပြီး အဆင်ပြေသည့် မိသားစုတစ်ခု ဖြစ်ပေါ်နိုင်သည့် အကျိုးကျေးဇူးရရှိနိုင်မည် ဖြစ်ပါကြောင်း၊ အနာဂတ်နိုင်ငံတော်အတွက် ကျန်းမာ သန်စွမ်းပြီး ဉာဏ်ရည်မြင့်မားသည့် လူသားအရင်းအမြစ် ပေါ်ထွန်းစေနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ချေးငွေရယူရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်မည့် အစီအစဉ်များသည် အကျိုးအမြတ်သေချာသည်ဟု မိမိအနေဖြင့် ပြောလိုပါကြောင်း၊ ကျန်ပြည်နယ်နှင့် တိုင်းများကိုလည်း နှစ်အလိုက် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ဒုတိယဝန်ကြီး ဦးဆက်အောင်က အဆိုပါ ချေးငွေစီမံကိန်းသည် ၂၀၁၈ - ၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ၊ ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှုဥပဒေ၊ ၂၀၁၈ခုနှစ် ကာလလတ် ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာ၊ ဖွံ့ဖြိုးမှု အကူအညီဆိုင်ရာ မူဝါဒတို့နှင့် ကိုက်ညီမှုရှိသည့်အပြင် မကြာသေးမီက ထုတ်ပြန်ထားသော မြန်မာနိုင်ငံ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (၂၀၁၈ - ၂၀၃၀) ၏ မဟာဗျူဟာ ၄ ဒသမ ၃ နှင့်လည်း ကိုက်ညီမှု ရှိပါကြောင်း၊ သို့ပါ၍ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသည့် အသက်(၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးခြင်း အစီအစဉ်ကို ဆောင်ရွက်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချာထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနအတွက် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA) ထံမှ ချေးငွေအမေရိကန်ဒေါ်လာ သန်း၁၀ဝ ရယူနိုင်ရေးကိစ္စကို ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးသုံးသပ်၍ အတည်ပြု ပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြား သည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က အဆိုပါ ချေးငွေနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် ၂၀၁၈ - ၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်တွင်ပါရှိသည့် မူနှင့်အခြေခံသဘော ဆွေးနွေးခြင်းများအပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်တို့က ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က  ဝန်ကြီးဌာနအနေဖြင့် အစိုးရအဖွဲ့အစည်းများ၏ တည်ဆောက်ခြင်း၊ ဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်း၊ ရောင်းချခြင်းများ ဆောင်ရွက်ရာတွင် တင်ဒါလုပ်ငန်းများ၏ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ပါကြောင်း၊  ယနေ့အချိန်အထိ ဆောက်လုပ်ရေးတင်ဒါလုပ်ငန်း ပြီးစီးမှုများမှာ ၂၀၁၈ - ၂၀၁၉ ခုနှစ်ငွေလုံးငွေရင်း ဆောက်လုပ်ရေး လုပ်ငန်းသစ်အနေဖြင့် လုပ်ငန်းပေါင်း ၁၁၈၁ခုတွင် ၁၀၆၅ခု ပြီးစီးပြီး ဖြစ်ပါကြောင်း၊ ငွေလုံးငွေရင်းဖြင့် ဆောက်လုပ်ဆဲ ဆောင်ရွက်ဆဲ လုပ်ငန်းများအနေဖြင့် ၃၁၈ခုတွင် ၃၀၅ ခု ပြီးစီးပြီး ဖြည့်စွက်ရန်ပုံငွေအတွက် လုပ်ငန်းလျာထားချက်ပေါင်း ၂၃၀ တွင် ၂၁၆ခု ပြီးစီးပြီးဖြစ်ပါကြောင်း၊ အခြားကုသရေး အတွက် ဆေးနှင့် ဆေးပစ္စည်း၊ ဆေးရုံသုံးပစ္စည်း၊ ဆေးသုတေသနပစ္စည်း၊ FDA နှင့် ပတ်သက်သော ပစ္စည်းများကိုတင်ဒါ ခေါ်ယူပြီးစီးပြီး စာချုပ်ချုပ်ဆိုမှုများ ဆောင်ရွက်လျက်ရှိကာ ပစ္စည်းများရောက်ရှိရန် ဆောင်ရွက်လျက်ရှိနေပါကြောင်း။

တိုင်းဒေသကြီးများသို့ ရန်ပုံငွေခွဲဝေခြင်း၊ လုပ်ငန်းကြီးကြပ်ရေး၊ စံချိန်စံညွှန်းများ ပြည့်မီအောင် ဆောင်ရွက်ရေး၊ အချိန်မီ ပြီးစီးရေးတို့အတွက် အောက်တိုဘာလမှ စတင်ပြီး တိုင်းဒေသကြီး အစိုးရများသို့ အကူအညီတောင်းခံစာများ ပေးပို့ထားပါ ကြောင်း၊ တင်ဒါလုပ်ငန်းစဉ်များကို ဆောင်ရွက်သည့်အခါတွင် လုပ်ထုံးလုပ်နည်းအရ စနစ်တကျ ဖြစ်စေရေးအတွက် ဆွေးနွေးရာတွင် အချိန်ယူရပါကြောင်း၊ ဒေသအစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းခြင်း၊ ဌာနအတွင်း အဆင့်ဆင့် ကြီးကြပ်ခြင်း လုပ်ငန်းများနှင့် အချိန်မီပြီးစီးရေးကို သွက်လက်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ကျန်(၄)လအတွင်းတွင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တောင်းခံထားသည့် ပစ္စည်းများ၊ အရေးပေါ် အခြေအနေတွင် သုံးစွဲနိုင်သည့် ပစ္စည်းများကိုလည်း အကောင်းဆုံး ရယူနိုင်ရန်နှင့် ပြည်သူလူထုအတွက် အကောင်းဆုံးဖြစ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က အစီရင်ခံစာ အပိုဒ် ၁၈ တွင်  နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများအနေဖြင့် ပေးဆောင်ရမည့် အခွန်အကောက်များနှင့်  နိုင်ငံတော်သို့ ထည့်ဝင်ငွေတို့ နှင့် ပတ်သက်၍  ထပ်မံ လိုအပ်ချက် ပမာဏကိုသာ ဖြည့်စွက်ခွင့်ပြုငွေတွင် တောင်းခံစေသင့်ကြောင်းကို သုံးသပ်တင်ပြထားပါကြောင်း၊ ၂၀၁၈ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ အရအသုံး ခန့်မှန်းခြေငွေစာရင်းတွင် (၆)လဘတ်ဂျက်သာ ဖြစ်သဖြင့် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံရန် ခွင့်မပြုခဲ့ပါကြောင်း၊ ထို့ကြောင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် နှင့် ၂၀၁၈ ခုနှစ် ၆လ အတွက် နှစ်ချုပ် စာရင်းများအရ အမြတ်ပိုမိုရရှိသော အဖွဲ့အစည်းများသည်  ထပ်မံပေးဆောင်ရမည့် အခွန်အခနှင့် နိုင်ငံတော်သို့ ထည့်ဝင်ငွေများကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်းတွင် တောင်းခံရခြင်းဖြစ်ပါကြောင်း။

အစီရင်ခံစာ အပိုဒ် ၃၂ တွင် ဖြည့်စွက်ခွင့်ပြုငွေများ သုံးစွဲရာတွင် ဘဏ္ဍာရေး ကော်မရှင်၏ (၁/၂၀၁၉) ကြိမ်မြောက် အစည်းအဝေး၌ နိုင်ငံတော်သမ္မတ၏ လမ်းညွှန် မိန့်ကြားချက်များကို အလေးထား လိုက်နာဆောင်ရွက်သွားရန် ထောက်ပြထားချက်နှင့် ပတ်သက်၍ ဌာန၊ အဖွဲ့အစည်းများက လိုက်နာဆောင်ရွက်နိုင်ရန် လိုအပ်သော ညွှန်ကြားချက်များ ထုတ်ပြန်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ပစ္စည်းဝယ်ယူရေး၊ တင်ဒါခေါ်ယူရေး လုပ်ငန်းစဉ်များတွင် အဓိက ကြန့်ကြာတတ်သည်ကို တွေ့ရှိရသည့်အတွက်  ဌာန၊ အဖွဲ့အစည်းများသို့ တွန်းအားပေးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် အစိုးရ၏ ဝယ်ယူရေးဆိုင်ရာ ကိစ္စရပ်များအား လျင်မြန်ချောမွေ့စေရန်နှင့် နိုင်ငံတကာ စံချိန်စံညွှန်းမီဖြစ်စေရန် ကမ္ဘာ့ဘဏ် နှင့် ပူးပေါင်း၍ အစိုးရ၏ ဝယ်ယူခြင်းနှင့် ပုံသေပိုင်ပစ္စည်းများ ထုခွဲခြင်းဆိုင်ရာ ဥပဒေအား အပြီးသတ် ရေးဆွဲကာ ဥပဒေအား ပြဋ္ဌာန်းနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတွင် အသုံးစရိတ်ကိုသာ ဖော်ပြထားသော်လည်း ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည့် ပြုပြင်ပြီး ခန့်မှန်းငွေစာရင်းတွင် အသုံးစရိတ် သာမက ရငွေပြောင်းလဲမှု အခြေအနေများကိုလည်း ဖော်ပြထားပါသဖြင့် ဥပဒေဖြင့် အတည်မပြုသော်လည်း စာရင်းကို အတည်ပြုသည်ဟု မှတ်ယူနိုင်ပါကြောင်း။

ဝန်ကြီးဌာနအနေဖြင့်  ဘဏ္ဍာရေးနှစ်စတင်သည့် ကာလသည် ပွင့်လင်းရာသီ ကာလဖြစ်သည့်အပြင် ကာလရှည် ရုံးပိတ်ရက်များနှင့် လွတ်ကင်းသဖြင့် လုပ်ငန်းဆောင်ရွက်မှု မြန်ဆန်ခြင်း၊ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်သည့်ကာလသည် အောက်တိုဘာ ၁ ရက်တွင် စတင်သော ဘတ်ဂျက်အတွက် ၈ လ ကျော် တစ်ဆက်တည်းရှိခြင်းနှင့် ၃ လ ပတ်အလိုက် ဘဏ္ဍာငွေသုံးစွဲမှု ပိုမိုညီညွတ်မျှတ လာစေရန် စသည့်အနှစ်သာရများ ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရေးနှင့် ဌာန၊ အဖွဲ့အစည်းများအနေဖြင့် တည်ဆောက်ရေး လုပ်ငန်းများ နှင့် ပစ္စည်းဝယ်ယူရေးလုပ်ငန်းစဉ်များကို အချိန်မီ အကောင်အထည်ဖော် ဆောင်ရွက်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ညွှန်ကြားခဲ့ပြီးဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဥပဒေကြမ်း ပူးပေါင်းကော်မတီနှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ သုံးသပ်ချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ သုံးသပ် အကြံပြု ဆွေးနွေးချက်များအတွက် အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် လိုအပ်သော ညွှန်ကြားချက်များ ထုတ်ပြန်၍ ကြပ်မတ်ဆောင်ရွက်မည်ဖြစ်ပါကြောင်း တင်ပြသည်။

 

mdn

 

ဆက်လက်၍ ၂၀၁၈ - ၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်း၏ ဥပဒေအကြောင်းအရာများ၊ ရငွေသုံးငွေများ နှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း က တစ်ပိုဒ်ချင်းစီအလိုက် အဆိုတင်သွင်းပြီး ပြည်ထောင်စုလွှတ်တော် နာယက  က သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၏ သဘောထားမေးမြန်း၍ လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။

ထို့နောက် ၂၀၁၈ - ၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေး ဆုံးဖြတ်ထားသည့်အတိုင်း ပြင်ဆင်ထားသည့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးနိုင်ပါရန် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၉၁ အပိုဒ်ခွဲ (က) နှင့် အညီ အဆိုတင်သွင်းသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်က ဆုံးဖြတ်ထားသည့်အတိုင်း ဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောတူသည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ကို ဇွန်၄ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်၊ အေးအေးသန့်