ဒုတိယအကြိမ် ပြည်ထောင်စုလွွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ

နေပြည်တော် ၂၉ ဧပြီ 

ဒုတိယအကြိမ် ပြည်ထောင်စုလွွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။

 

9749

 

ပြည်ထောင်စုလွှတ်တော် နာယကက နှုတ်ခွန်းဆက် အမှာစကားပြောကြားရာတွင် ယနေ့ စတင်ကျင်းပသည့် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းကို ဆွေးနွေးအတည်ပြုခြင်း၊ လွှတ်တော်အသီးသီးတွင်  ဆောင်ရွက်နေဆဲနှင့် ဆောင်ရွက်ရန် ကျန်ရှိနေသည့် ဥပဒေကြမ်းများကို ဦးစားပေးအလိုက် ဆွေးနွေးအတည်ပြုခြင်းနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ကိစ္စရပ်များ အပါအဝင် လွှတ်တော်ဆိုင်ရာလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ယခင်အစည်းအဝေးများထက် ပိုမိုများပြားသည့် အလုပ်တာဝန်များနှင့်  ကြုံတွေ့ကြရမည်ဖြစ်ပါကြောင်း၊  သင့်တော်သည့် သတ်မှတ်ချိန်ကာလအတွင်း လုပ်ငန်းတာဝန်များကို အောင်မြင်စွာပြီးမြောက်နိုင်ရန်  ဦးစားပေးလုပ်ငန်းအလိုက် စီမံခန့်ခွဲမှုကောင်းကောင်းနှင့် အချိန်ကို အကျိုးရှိရှိ အသုံးပြုနိုင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊  နိုင်ငံတော်နှင့် နိ်ုင်ငံသားများ၏ အကျိုးစီးပွားအတွက် အားလုံး၏ ညီညွတ်မှုဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် အရေးကြီးလှသည့် လက်ရှိအခြေအနေတွင် လွှတ်တော်ကိုယ်စားလှယ်များ တစ်ဦးချင်းအနေနှင့် မိမိ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများကိုလည်း မှန်မှန်ကန်ကန် ရယူအသုံးပြုကြရမည်ဖြစ်ပါကြောင်း၊ တစ်ဖက်တွင်လည်း သတ်မှတ်ထားသည့်  ကျင့်ဝတ်နှင့် စည်းကမ်းများကို  သိရှိလိုက်နာပြီး  မိမိတို့၏ ဥပဒေပြုလွှတ်တော်နှင့် အခြားသော ကိုယ်စားလှယ်များ၏  အခွင့်အရေးများကိုလည်း  မထိခိုက်စေရန် သတိပြု ဆောင်ရွက်သွားစေလိုကြောင်း။

၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေနှင့်  လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုမိန့်များကို မြို့နယ်အားလုံးအတွက် ထုတ်ပေးခဲ့ပြီးဖြစ်သကဲ့သို့  လုပ်ငန်းပြောင်းလဲဆောင်ရွက်ခွင့် တင်ပြလာသည့် မြို့နယ် ၅၀ မှ လုပ်ငန်း ၉၅ ခုကိုလည်း  စိစစ်ခွင့်ပြုခဲ့ပြီး ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်များအနေဖြင့် သက်ဆိုင်ရာဒေသခံများ၊ ဌာနအဖွဲ့အစည်း အသီးသီးက တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်  မိမိတို့မဲဆန္ဒနယ်မြေအလိုက် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်စေလိုပါကြောင်း။ 

ထို့ပြင် ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းထားသည့် စီမံကိန်းလုပ်ငန်းများနှင့် ရငွေသုံးငွေများ စိစစ်ရေးပူးပေါင်းအဖွဲ့များကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၏ ညှိနှိုင်းချက်နှင့်အညီ ပြင်ဆင်ဖွဲ့စည်းထားပါကြောင်း၊ ပူးပေါင်းအဖွဲ့များအနေဖြင့် လက်ရှိဘဏ္ဍာရေးနှစ်၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းတွင် ပါဝင်သည့် ရငွေ၊ သုံးငွေများကစပြီး စိစစ်ကြရမည် ဖြစ်ပါကြောင်း၊ စိစစ်ရာတွင် နိုင်ငံတော်က ချမှတ်ထားသည့် ဘဏ္ဍာရေးဆိုင်ရာ  မူဝါဒများကို အခြေခံပြီး အချိန်မီ စိစစ်တင်ပြပေးကြရန် မှာကြားလိုပါကြောင်း။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဆက်လက်ဆောင်ရွက်ကြရမည့် လုပ်ငန်းတာဝန်များကို နိုင်ငံတော်နှင့် ပြည်သူများအတွက် အလေးထားစဉ်းစားပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ နိုင်ငံတစ်ဝန်းက တိုင်းရင်းသား ပြည်သူများအားလုံး အေးချမ်းလုံခြုံပြီး ဥမကွဲသိုက်မပျက် နေထိုင်နိုင်မည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရေးတွင် စိတ်ရောကိုယ်ပါ ညီညွတ်ကြပြီး ရိုးသားမှန်ကန်သည့် စေတနာလုပ်အားတို့ကို ပြသနိုင်ကြပါစေဟု တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏ ကာတာနိုင်ငံ ဒိုဟာမြို့၌ ကျင်းပသည့် ၁၄၀ ကြိမ်မြောက်  နိုင်ငံတကာပါလီမန်များအဖွဲ့ ညီလာခံသို့ သွားရောက်ခဲ့သည့်  ခရီးစဉ်ကိုတင်ပြပြီး လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယကက နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်အဖြစ် ဦးမြင့်မောင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဒေါ်ရီရီချို၊ သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးလှထွေးနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးအောင်သူရတို့အား ခန့်အပ်တာဝန်ပေးခြင်းကို လွှတ်တော်သို့တင်ပြပြီး လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

ယင်းနောက် ဥပဒေကြမ်းပူးပေါင်းကော်မတီအဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က နိုင်ငံတော် သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြည်လည်ပေးပို့ထားသော လောင်းကစားဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များပါဝင်သော အစီရင်ခံစာကို လည်းကောင်း၊ ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဦးနေမျိုးထွန်းက နိုင်ငံတော်သမ္မတထံမှ  သဘောထားမှတ်ချက်ဖြင့် ပြည်လည်ပေးပို့ထားသော စာပေနှင့် အနုပညာမူပိုင်ခွင့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍  ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များ ပါဝင်သော အစီရင်ခံ စာကိုလည်းကောင်း၊ ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဦးဇော်ဝင်းက လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော တံတားကြီးများဥပဒေကြမ်းနှင့် စပ်လျဉ်း၍  ကော်မတီ၏လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်များပါဝင်သော အစီရင်ခံစာကိုလည်းကောင်း ဖတ်ကြားတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက လောင်းကစားဥပဒေကြမ်း၊ စာပေနှင့် အနုပညာ မူပိုင်ခွင့်ဥပဒေကြမ်းနှင့် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော တံတားကြီးများဥပဒေကြမ်းတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။ 

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က အဂတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင်၏ နှစ်ပတ်လည်လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာတွင် ကော်မရှင်ကို စတင်တာဝန်ပေးအပ်ခဲ့ပြီးနောက် ကော်မရှင်သည် ၂၀၁၈ ခုနှစ်အတွက်  လုပ်ငန်းစီမံချက် ၇ ရပ်ကို ဦးစွာရေးဆွဲချမှတ်ခဲ့ပါကြောင်း၊ ကော်မရှင်သည် ကျွမ်းကျင်သူ ပညာရှင်များ၏ အကူအညီဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက်ကို ကာလတို (၂၀၁၈-၂၀၂၁) လေးနှစ်တာကာလအတွက်  သတ်မှတ်ရေးဆွဲခဲ့ပြီး ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

အဆိုပါ မဟာဗျူဟာစီမံချက်တွင် လုပ်ငန်းနယ်ပယ် ၅ ရပ်၊ လုပ်ငန်းစဉ် ၁၇ ခုနှင့် ပန်းတိုင် ၄၈ ခုရှိပါကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်း ကော်မရှင်က တိုင်ကြားစာ လက်ခံရရှိမှုအနေဖြင့် ယခင်နှစ်  အလားတူကာလထက် ၅ ဆခန့် ပိုမိုပေးပို့လာသောကြောင့် စုစုပေါင်း အစောင်ရေ ၁၀၅၄၃ စောင် လက်ခံရရှိခဲ့ပါကြောင်း၊ ကော်မရှင်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးသည့် တိုင်ကြားစာ ၄၆ စောင်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းဥပဒေအရ အရေးယူသင့်သည်ဟု စိစစ်တွေ့ရှိရ၍ ပြည်ထောင်စုဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များသို့ လွှဲပြောင်းပေးပို့သော တိုင်ကြားစာ ၁၇၉၅ စောင်ဖြစ်ပါကြောင်း။

ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန်အတွက် လိုအပ်ချက်များကို ဆွေးနွေးအကြံပြုခဲ့သော တိုင်ကြားစာ ၅၂၈၆ စောင်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့်အကျုံးမဝင်သော တိုင်ကြားစာ ၂၈၂၄ စောင်တို့အား ပြည်သူတစ်ဦးချင်းထံသို့ ပြန်ကြားပေးနိုင်ခဲ့ပါကြောင်း၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများသို့ လွှဲပြောင်းပေးပို့ခဲ့သော တိုင်ကြားစာများနှင့် ပတ်သက်၍ နိုင်ငံဝန်ထမ်းဥပဒေအရ  အရေးယူဆောင်ရွက်ခဲ့ကြောင်း ပြန်ကြားသည့် အရေအတွက်သည်  ၅၃၆ စောင်ဖြစ်ပါကြောင်း။

ထို့ပြင် ကော်မရှင်၏ စုံစမ်းစစ်ဆေးမှုကြောင့် ၂၀၁၈ ခုနှစ်အတွင်း သက်ဆိုင်ရာဌာနများတွင်  ဆုံးရှုံးမှုဖြစ်နိုင်ဖွယ်ရှိသော မြန်မာငွေကျပ် ၃၀ ဒသမ ၈၉ သန်းနှင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ဝ၀၃ သန်းတို့အား ပြည်သူ့ဘဏ္ဍာငွေအဖြစ် ပြန်လည်ပေးသွင်းစေခဲ့ပါကြောင်း၊ တစ်နိုင်ငံလုံး အဂတိလိုက်စားမှုများကို အမြဲမပြတ် စောင့်ကြည့်ရေးနှင့် သုံးသပ်အကဲဖြတ်နိုင်ရေးအတွက် ကော်မရှင်သည် တတိယအဖွဲ့အစည်းတစ်ခုကို  လုပ်ငန်းအပ်နှံ၍ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလကုန်အထိ ချင်းပြည်နယ်မှအပ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် အဂတိလိုက်စားမှုစစ်တမ်း ကောက်ယူနိုင်ခဲ့ပါကြောင်း။ 

အဆိုပါ စစ်တမ်းတွေ့ရှိချက်များအရ လည်းကောင်း၊ ကော်မရှင်၏ ၂၀၁၈ ခုနှစ် လုပ်ငန်းဆောင်ရွက်ချက်များအပေါ် ပြန်လည်သုံးသပ်ချက်အရလည်းကောင်း ကော်မရှင်သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးမဟာဗျူဟာ အောင်မြင်ရေးအတွက် ၂၀၁၉ ခုနှစ်တွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းများကို ပိုမိုအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားနိုင်ရန် လိုအပ်ပါကြောင်း။

ထို့ကြောင့် ၂၀၁၉ ခုနှစ် ရှေ့လုပ်ငန်းစဉ်တွင် ဥပဒေမူဘောင် ပိုမိုခိုင်မာရေးအတွက် ထုတ်ဖော်သတင်းပေးပို့သူအား အကာအကွယ်ပေးရေး ဥပဒေကြမ်းရေးဆွဲရေးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥပဒေနှင့်အညီ ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် နည်းဥပဒေသစ်ရေးဆွဲရေးတို့ကိုလည်း  ဆောင်ရွက်နေပြီဖြစ်ပါကြောင်း။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းအနေဖြင့် ဌာနများတွင်ရှိနေသော အဂတိလိုက်စားမှုပြဿနာများကို  ဖော်ထုတ်ကြရန်၊ ဖော်ထုတ်တွေ့ရှိရ သော အဂတိလိုက်စားမှုပြဿနာများကို ဥပဒေနှင့်အညီ ဖြေရှင်းရန်နှင့် အဂတိလိုက်စားမှု ဖြစ်နိုင်ခြေ အန္တရာယ်မြင့်မားသော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်နှင့် ညွန်ကြားချက်များကို  ပြန်လည်ဆန်းစစ် သုံးသပ်ပြင်ဆင်ရန် ဟူသော ရည်မှန်းမှန်းချက်တာဝန် ၃ ခုဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ CPU များကို ပြည်ထောင်စုဝန်ကြီးဌာနများတွင် ဖွဲ့စည်းရေးဆောင်ရွက်လျက် ရှိနေသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်  အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲများကိုလည်း ဆက်လက်ပြုလုပ်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကက ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ  ရုံးသုံးမော်တော်ယာဉ် ၅ စီး တင်သွင်းရာတွင် အကောက်အခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့်  အထူးကုန်စည်ခွန် ကင်းလွှတ်ခွင့်ရရှိရေးကိစ္စနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာ ထောက်ထားမှုလုပ်ငန်းများဖြစ်သော ကယ်ဆယ်ရေးလုပ်ငန်းများ၊ ကျန်းမာရေးဆိုင်ရာလုပ်ငန်းများ၊ ရေနှင့်သန့်ရှင်းရေးဆိုင်ရာ လုပ်ငန်းများနှင့် ကာကွယ်စောင့်ရှောက်မှုပေးခြင်းဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ရန်အတွက်  ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ICRC ရုံးချုပ်မှ မြန်မာနိုင်ငံရှိ ICRC ရုံးသို့ အမေရိကန်ဒေါ်လာ (၁၂၇၈၇၉ ဒသမ ၂၀ ) တန်ဖိုးရှိ ရုံးသုံး မော်တော်ယာဉ် ၅ စီးကို လှူဒါန်းမည်ဖြစ်ပါကြောင်း။
အဆိုပါ မော်တော်ယာဉ် ၅ စီးကို ရေကြောင်းလမ်းဖြင့် တင်သွင်းရာတွင် အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန်၊ ကင်းလွတ်ခွင့်ရရှိရေးအတွက် ပြည်ထောင်စုလွှတ်တော် ဥပဒေနှင့် ပြည်ထောင်စုအခွန် အကောက်ဥပဒေအရ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် ရှင်းလင်းတင်ပြသည်။ 

ဆက်လက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကက ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဒေသတွင်းအခြေခံအဆာက်အအုံ မြှင့်တင်ခြင်းစီမံကိန်းအတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီထံမှ ဂျပန် ယန်း ၃၈ ဒသမ ၆၄၂ ဘီလီယံ ချေးငွေရယူရေးနှင့်စပ်လျဉ်း၍  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများက ရှင်းလင်းတင်ပြကြသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးလှကျော်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့်  စီမံကိန်း၏ ပင်မဆက်သွယ်ရာဌာနအဖြစ် တာဝန်ယူ ဆောင်ရွက်ရာတွင်  မြို့ရေပေးရေးလုပ်ငန်းများအတွက် ဘတ်ဂျက်လျာထားပေးခြင်း၊ ဂျပန်အကြံပေး အဖွဲ့၏ အကူအညီဖြင့်  တင်ဒါရွေးချယ်ခြင်းနှင့် ဝယ်ယူရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ညှိနှိုင်းအစည်းအဝေးများ ကျင်းပပေးခြင်း၊ JICA နှင့် အခြားဆက်စပ်ဌာနများသို့  စီမံကိန်းလိုအပ်ချက်များ ဆက်သွယ်တင်ပြပေးခြင်းတို့ကို ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြို့ရေပေးရေးစီမံကိန်းများ အနီးကပ်ကြီးကြပ် အကောင်အထည်ဖော်ခြင်းနှင့် ချေးငွေပြန်လည်ပေးဆပ်သည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များက တာဝန်ယူဆောင်ရွက်ပါကြောင်း။ 

ယခု JICA ချေးငွေ ဂျပန်ယန်း ၅ ဒသမ ၄၈၃ ဘီလီယံဖြင့် ဒေသတွင်းအခြေခံ အဆောက်အအုံ မြှင့်တင်ခြင်း စီမံကိန်းအပိုင်း-၃ (MYP-30) ကို တိုင်းဒေသကြီး၊ ပြည်နယ်လေးခုရှိ လှိုင်းဘွဲ့၊ ကျုံဒိုး၊ လိပ်သို၊ ကမမောင်း၊ ရေး၊ ဘီးလင်း၊ သံဖြူဇရပ်၊ ရေဖြူ၊ စစ်တွေ၊ ဂွ စသည့် မြို့ပေါင်း ၁၀ မြို့၏ မြို့ရေပေးရေးုလုပ်ငန်းများကို ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ဂျပန်ယန်း ၈၈၆၆ သန်းဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း အပြီးသတ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။ ချေးငွေ ဂျပန်ယန်း ၈၈၆၆ သန်းကို ကရင်ပြည်နယ်အတွင်း ဂျပန်ယန်း ၁၇၉၉ သန်း၊  မွန်ပြည် နယ်အတွင်း ဂျပန်ယန်း ၉၈၈ သန်း၊ ရခိုင်ပြည်နယ်အတွင်း  ဂျပန်ယန်း ၁၃၀၇ သန်း၊ ချင်းပြည်နယ် အတွင်း ဂျပန်ယန်း ၁၈၅၇ သန်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဂျပန်ယန်း ၁၅၁ သန်း၊ ပစ္စည်းဈေးနှုန်းအတတ်အကျ ခန့်မှန်းချက် ဂျပန်ယန်း ၈၄၅ သန်း၊ မမျှော်မှန်းနိုင်သော စရိတ် ဂျပန်ယန်း ၆၉၅ သန်း၊ အကြံပေးဝန်ဆောင်ခ ဂျပန်ယန်း ၄၄၆ သန်းနှင့် အရေးပေါ် ရန်ပုံငွေ ဂျပန်ယန်း ၇၇၈ သန်းအဖြစ် လျာထားသုံးစွဲသွားမည် ဖြစ်ပါကြောင်း။

စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ချေးငွေစာချုပ်ချုပ်ဆိုခြင်း၊ အတိုင်ပင်ခံရွေးချယ်ခြင်း၊ ခန့်မှန်းခြေစာရင်းနှင့် စာချုပ်စာတမ်းများပြင်ဆင်ခြင်း၊ Warranty ကာလ၊ ပစ္စည်းဝယ်ယူခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းတို့ကို အဆင့်ဆင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ တည်ဆောက်ရေးလုပ်ငန်းများ ၂၀၂၀ ခုနှစ်မှ စတင်၍ ၂၀၂၁ ခုနှစ်တွင် ပြီးစီမည်ဖြစ်ပါကြောင်း၊ စီမံကိန်းဆောင်ရွက်မည့် ပြည်နယ်လေးခုနှင့်၊ တိုင်းဒေသကြီး တစ်ခုတို့အတွက် လက်ရှိဓာတ်အားသုံးစွဲမှုသည် ၂၇၁ ဒသမ ၇ မဂ္ဂါဝပ်ရှိပြီး ၂၀၂၀-၂၀၂၁ ခုနှစ်တွင် အမြင့်ဆုံးဓာတ်အားသုံးစွဲနိုင်မှု ၃၈၈ ဒသမ ၃၀ မဂ္ဂါဝပ်အထိ ရှိလာနိုင်မည်ဖြစ်ပါကြောင်း။

စီမံကိန်းဆောင်ရွက်ခြင်းကြောင့် ဓာတ်အားဖြန့်ဖြူးမှုစနစ်အတွင်း ဓာတ်အားလိုင်းနှင့် ခွဲရုံများ တိုးချဲ့တည်ဆောက်ခြင်းဖြင့် ဓာတ်အားသုံးစွဲသူများ ပိုမိုတိုးတက်သုံးစွဲလာနိုင်ခြင်း၊ တည်ငြိမ်ပြည့်ဝသည့် ဓာတ်အားကိုဖြန့်ဖြူးပေးနိုင်ခြင်းနှင့် ဒေသတွင်းလူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အထောက်အကူပြုနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်မည် ဖြစ်သဖြင့် ဂျပန်နိုင်ငံအစိုးရထံမှ ချေးငွေ ဂျပန်ယန်း ၃၈၆၄၂ သန်း ရယူ၍ အကောင်အထည်ဖော် ဆောင်ရွက်မည့် Regional Infrastructure  Improvement  Project အား အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ပြုပါရန် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ရှင်းလင်းပြောကြားကြသည်။

ပြည်ထောင်စုလွှတ်တော် နာယကက နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော ဒေသတွင်း အခြေခံအဆောက်အအုံ မြှင့်တင်ခြင်းစီမံကိန်းအတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီထံမှ ဂျပန်ယန်း ၃၈ ဒသမ ၆၄၂ ဘီလီယံ ချေးငွေရယူရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီဝင် ဦးမျိုးဝင်းက ပြည်ထောင်စုအစိုးရ အဖွဲ့မှပေးပို့သော ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၆) လ  အမျိုးသားစီမံကိန်း အစီရင်ခံစာနှင့်စပ်လျဉ်း၍ ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များ ပါဝင်သော အစီရင်ခံစာ (၄/၂၀၁၉) ကိုလည်းကောင်း၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီဝင် စိုင်းကျော်သီဟက ပြည်ထောင်စုအစိုးရ အဖွဲ့မှပေးပို့သော ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၆)လ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင် သဘောထားမှတ်ချက်များ ပါဝင်သော အစီရင်ခံစာ (၆/၂၀၁၉)ကို လည်းကောင်း ဖတ်ကြားတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကက ယင်းအစီရင်ခံစာများနှင့်စပ်လျဉ်း၍  ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာပြီး အစည်းအဝေးကို ညနေပိုင်းတွင် ရပ်နားလိုက်သည်။ 

(သတင်းစဉ်)