ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပ

နေပြည်တော် ၁၃  မေ 

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


ထားသော အာဆီယံဘက်စုံ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်ကို ပြင်ဆင်သည့် စတုတ္ထအခြေပြစာချုပ်တွင် မြန်မာ နိုင်ငံမှ လက်မှတ်ရေးထိုးနိုင်ရန်နှင့် အတည်ပြုနိုင်ရန်ကိစ္စနှင့် စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက မြန်မာနိုင်ငံအနေဖြင့် အဆိုပါစာချုပ်တွင် လက်မှတ်ရေးထိုး အတည်ပြုခြင်းဖြင့် အာဆီယံဒေသကို ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ဆွဲဆောင်မှုအရှိဆုံး ဒေသအဖြစ် မြှင့်တင် ဆောင်ရွက်ရာတွင် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ လိုက်ပါဆောင်ရွက်နိုင် မည်ဖြစ်ပါကြောင်း၊ စာချုပ်ပါ ကိစ္စရပ်များသည် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၆၁(က) ဇယား(၁) အပိုဒ်(၈)ပါ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းများနှင့် သဘော တူညီချက်များ၊ ဒေသဆိုင်ရာစာချုပ်များနှင့် သဘောတူညီချက်များဆိုင်ရာကိစ္စတွင် အကျုံးဝင်သဖြင့် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါ စာချုပ်ကို မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုးရေးနှင့် အတည်ပြုရေး ကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက အမည်စာရင်းတင်သွင်း နိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ နှစ်ပတ်လည် လုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြ သည်။

 

ဂွမဲဆန္ဒနယ်မှ ဦးမြင့်ဝေ က မြန်မာနိုင်ငံအတွင်း စနစ်တစ်ခုကဲ့သို့ ပျံ့နှံ့နေသော အဂတိလိုက်စားမှုများကို သိသိသာသာကျဆင်းသွားစေရန် ဌာနဆိုင်ရာ ဥပဒေ၊ နည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း၊ အမိန့် ညွှန်ကြားချက်များကိုလည်း အဂတိလိုက်စားမှု ဖြစ်နိုင်ခြေ ရှိ၊ မရှိ ဆန်းစစ်ပေးရန် လိုအပ်ပါကြောင်း၊ အဂတိလိုက် စားမှုသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို များစွာ အနှောက်အယှက် အဟန့် အတား ဖြစ်စေပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် တားဆီး ကာကွယ်ရေး ကို အချိန်တိုတိုဖြင့် ဆောင်ရွက်နိုင်ရန် အစိုးရ၊ လွှတ်တော်၊ ပြည်သူ၊ ဌာန ဆိုင်ရာအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ စုပေါင်း အင်အားဖြင့် ညီညီညွတ်ညွတ်ပါဝင် တိုက်ဖျက်ကြရန် တိုက်တွန်းလိုပါကြောင်း ဆွေးနွေးသည်။

 

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မြင့်ဆွေက အဂတိလိုက်စားမှုတိုက်ဖျက်ရေး နည်းဥပဒေကို အသစ်ပြန်လည်ရေးဆွဲနေခြင်းဖြစ် ကြောင်းနှင့် သတင်းပေးများအား အကာအကွယ်ပေးရေးဥပဒေကိုလည်း အသစ်ရေး ဆွဲသွားမည်ဟု သိရှိရသဖြင့် ကြိုဆိုပါကြောင်း၊  အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့်အရေးယူရာတွင် ဌာနဆိုင်ရာ ဝန်ထမ်းအဆင့်သာမက မည်သည့်ရာထူး ကြီးငယ်မဆို  တိကျစွာ အရေးယူနိုင်ရန်  ဥပဒေကြောင်းအရ လိုအပ်ချက်ရှိပါကလည်း ပြင်ဆင်သင့်ပါကြောင်း၊ ဥပဒေပါ ပြစ်မှု ပြစ်ဒဏ်များကိုလည်း ပြန်လည်စိစစ်၍ ပြင်ဆင်ရန် လိုအပ်ပါက ပြင်ဆင်သင့်ပါကြောင်း၊ အဂတိလိုက်စားမှု ပြုနိုင်သည့် ရုံးလုပ်ငန်းအဆင့်များကိုလည်း လို၊ မလို စိစစ်၍ ပြင်ဆင်သင့်ပါကြောင်း၊  ထို့အပြင် ဝန်ထမ်းနှင့် လူထုတိုက်ရိုက်ထိတွေ့မှုနည်းပြီး အဂတိတရားကိုလျော့ပါးစေနိုင်သည့် e-Governmet စနစ်ကို အမြန်ဆုံးအကောင် အထည်ဖော်သင့်ပါကြောင်း။

 

အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် အရေးယူအပြစ်ပေးခြင်း နည်းလမ်းသာမက အဂတိလိုက်စားမှုဖြစ်ပွားရခြင်းအကြောင်းအရင်းများအပေါ် မှန်ကန် စွာ ရှုမြင်သုံးသပ်ပြီး လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက် ပေးသင့်ပါ ကြောင်း၊ ပုဂ္ဂိုလ်ရေးမပြေလည်မှု၊ အကျိုးစီးပွား စသည်တို့ကို အကြောင်းပြု၍ မဟုတ် မမှန် လုပ်ကြံတိုင်ကြားမှုများ ရှိလာပါကလည်း တိုင်ကြားသူအား ဥပဒေအရ ပြစ်ဒဏ် ပေးသင့်ပါကြောင်း၊ ပြဋ္ဌာန်းချက်သာရှိပြီး တိုက်ဖျက်ရေး လုပ်ဆောင်မှု အားနည်းနေခြင်း အပေါ် တိကျစွာဆောင်ရွက်နိုင်စေရန် ဘက်ပေါင်းစုံမှ အားပေးကူညီ ပံ့ပိုးသင့်ပါ ကြောင်း၊ လူမျိုးစွဲ၊ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ အစွဲကင်းစွာဖြင့် မျက်နှာမ လိုက်၊ အခွင့်အရေး မပေးဘဲ အဂတိလိုက်စားမှုများနှင့် ဆက်နွှယ်ပတ်သက်နေသည့် ကိစ္စရပ်များအား တိတိ ကျကျ ဖော်ထုတ်အရေးယူသင့်သည်ကို အကြံပြုတင်ပြ ပါကြောင်း ဆွေးနွေးသည်။    

 

ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေး၊ မင်းလှမဲဆန္ဒနယ် မှ ဦးကျော်ကြီး (ခေါ်) ဦးအုန်းခင်၊ ခရမ်းမဲဆန္ဒနယ်မှ ဒေါက်တာအေးမင်း၊ တနင်္သာရီ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးဇော်ဟိန်း၊ စလင်းမဲဆန္ဒနယ်မှ ဦးကံဦး၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်း၊ လွိုင်ကော်မဲဆန္ဒနယ်မှ ဒေါက်တာ ခင်စည်သူ၊ တောင်ကုတ်မဲဆန္ဒနယ်မှ ဒေါ်နီနီမေမြင့်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၉)မှ ဦးမောင်မောင်လတ်၊ ဆိပ်ဖြူမဲဆန္ဒနယ်မှ ဦးအောင်သိုက်၊ သထုံမဲဆန္ဒ နယ်မှ ဒေါ်မာမာ ခိုင်၊ မန္တလေးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၆)မှ ဒေါက်တာ ဦးကြွယ်ကြွယ်၊ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး လှနိုင်၊ မွန်ပြည် နယ်မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါ်မြတ်သီတာထွန်းနှင့် မကွေးတိုင်းဒေသ ကြီးမဲဆန္ဒနယ် အမှတ်(၁)မှ ဦးလှဆန်းတို့က ဆက်လက်ဆွေးနွေးကြသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနအတွက် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ ထံမှ ယူရို ၃၅ ဒသမ ၇သန်း ချေးငွေရယူရေးနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် များက ဆွေးနွေးကြသည်။

 

အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချိုက ချေးငွေယူရို ၃၅ ဒသမ ၇ သန်းသည်  မြန်မာ ကျပ်ငွေအားဖြင့် ၆၁ ဒသမ ၄ ဘီလီယံရှိပြီး ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ (၅) ရုံ အလုံးစုံ ပြင်ဆင်မွမ်းမံခြင်း၊ အဆင့်မြှင့်တင်ခြင်းဖြင့် ဓာတ်အားပေးစက်ရုံများအား ယုံကြည်စိတ်ချစွာဖြင့် စက်စွမ်းအားပြည့် မောင်းနှင်နိုင်မည်ဖြစ်ပြီး လက်ရှိတွင် တစ်နှစ် လျှင် ၅၆၅ ကီလိုဝပ် နာရီသန်းသာ ထုတ်လုပ်နိုင်မှုမှ ၈၁ ကီလိုဝပ်နာရီ သန်းပေါင်း တိုးတက် ထုတ်လုပ်နိုင်ပြီး စုစုပေါင်း ၆၄၆ ကီလိုဝပ်နာရီ သန်းပေါင်း အထိ ထွက်ရှိလာ မည်ဖြစ်သောကြောင့် နိုင်ငံတော်၏ ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည်ဖြစ် သည့်အတွက် လက်ရှိပြည်သူများ ကြုံတွေ့ခံစားနေရသည့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ပြဿနာကို အမှန်တကယ် လျော့ပါးသွားစေမည်ဖြစ်သည့်အတွက် ချေးငွေ ရယူခြင်းကို ထောက်ခံပါကြောင်း၊ ချေးငွေများကို အစဉ်အလာအတိုင်းချေးငှားပြီး လက် တွေ့အကောင်အထည်ဖော် သည့်အခါ ထင်ထားသည့်အတိုင်း ဖြစ်မလာပါက  ချေးငွေ၏ ဝန်ထုတ်ဝန်ပိုးကို ပြည်သူများ လည်စဉ်းခံရမည်ကို စဉ်းစားပေးရန်နှင့် ချေးငွေနှင့်ပတ်သက်၍ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါကြောင်း အကြံပြု ဆွေးနွေးသည်။

 


ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်းက ရင်းနှီးမှု စရိတ်ကြီးမားသည့် လျှပ်စစ်ကဏ္ဍအတွက် ချေးငွေသည် အဓိက ဖြစ်သည်ကို လက်ခံ ပါကြောင်း၊ ပြည်ပချေးငွေနှင့် ရွှေလီ တာပိန်(၁)၊ ချီဖွေငယ်သောက်ရေခပ်(၂)၊ ဘီလူး ချောင်း(၃) စီမံကိန်းများသည် အချိန်တိုအတွင်း ပြီးစီးခဲ့ကြသော်လည်း ဘတ်ဂျက်နှင့် ဆောင်ရွက်ရသည့်  ရခိုင်ပြည်နယ်မှ သူဌေးစီမံကိန်းသည် ၁၀ နှစ်ကြာပြီဖြစ်သော် လည်း ယခုအချိန်ထိ မပြီးစီးသေးသည်ကိုလည်း ထည့်သွင်းတွက်ချက် သင့်ပါကြောင်း။

 


လျှပ်စစ်ကဏ္ဍတစ်ခုလုံး လိုအပ်သမျှ ဖြည့်ပေးနိုင်ရန်အတွက် မထူးခြားသော နည်းဖြင့် ဆက်လက်လုပ်ဆောင်နေ၍ မဖြစ်တော့ပါကြောင်း၊  ဆက်သွယ်ရေးကဏ္ဍတွင် ပုဂ္ဂလိကမှ ပြိုင်ဆိုင်ခွင့်ရခဲ့သောကြောင် တစ်နိုင်ငံလုံးမှ ပြည်သူများ အချိန်တိုအတွင်း ဆန္ဒများ ပြည့်ဝသွားသကဲ့သို့ ပြည်တွင်းပြည်ပမှ လုပ်နိုင်စွမ်းရှိပြီး စေတနာထားလုပ်ကိုင် လိုသည့် ကော်ပိုရေးရှင်းများကို ခွင့်ပြုပေးမည်ဆိုပါက မီးပျက်ခြင်းသည် အိပ်မက် တစ်ခုမျှသာ ဖြစ်သွားမည်ဖြစ်ပါကြောင်း၊ နွေရာသီတွင် မီးပျက်ခြင်း၊ မိုးရာသီ တွင် ဓာတ်လိုက်ခြင်း၊ မီးအားလျော့ခြင်းများ မရှိတော့ဘဲ ထိုကော်ပိုရေးရှင်များမှ အရင်းအနှီး၊ နည်းပညာနှင့် အလုပ်အကိုင်များ သယ်ဆောင်လာမည်ဖြစ်သောကြောင့် အစိုးရ အနေဖြင့် အခွင့်အရေးရနိုင်မည့် နည်းလမ်းဖြစ်ပါကြောင်း ဆွေးနွေးသည်။

 


ယင်းကိစ္စနှင့် စပ်လျဉ်း၍ စေတုတ္ထရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၊ မြို့သစ် မဲဆန္ဒနယ်မှ ဦးသာအောင်၊ ရွှေပြည်သာမဲဆန္ဒနယ်မှ ဦးဉာဏ်လင်း၊ တနင်္သာရီ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးဇော်ဟိန်း၊ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၊ စလင်းမဲဆန္ဒနယ်မှ ဦးကံဦး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးထွန်း ထွန်းဦး၊ ဒက္ခိဏသီရိမဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်း၊ ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီး၊ ဧရာဝတီတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၅)မှ ဦးမောင်မောင်အုန်း၊ တပ်မတော်သား အမျိုသားလွှတ်တော်ကိုယ်စားလှယ်  ဗိုလ်မှူးဝင်းမင်းသန့်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒ နယ်အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့်၊ မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၉)မှ ဦးမြမင်းဆွေနှင့် လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦး တို့က ဆက်လက် ဆွေးနွေးကြသည်။

 


ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို မေ ၁၄ရက် တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်၊ အေးအေးသန့်

 

12.0