ဒုတိယအကြိမ် ပြည်ထောင်စုလွွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ ကျင်းပ

နေပြည်တော် ၁၄ မေ 

ဒုတိယအကြိမ် ပြည်ထောင်စုလွွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယကက ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းအတွက်  လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက ကော်မတီ၏လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ပူးပေါင်းကော်မတီ၏ ရှင်းလင်းတင်ပြချက် အစီရင်ခံစာကို ဖတ်ကြားတင်ပြသည်။

ပြည်ထောင်စုလွှတ်တော် နာယကက ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ စက်ခလုတ် အသုံးပြုပြီး ဆန္ဒမဲရယူရာ ထောက်ခံဆန္ဒမဲများသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းကို လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီက တစ်ပေါင်းတည်း လေ့လာစိစစ်ဆောင်ရွက်ရန် အတည်ပြုကြောင်း ကြေညာသည်။

ယင်းနောက် ဥပဒေကြမ်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးဇော်မင်းက လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားတင်ပြရာ ပြည်ထောင်စုလွှတ်တော် နာယကက ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနအတွက် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန် ထိုင်းနိုင်ငံ NEDA ထံမှ ထိုင်းဘတ် ၁၄၅၈ ဒသမ ၂၄၈ သန်း ချေးငွေရယူရေးနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၅)မှ ဦးမောင်မောင်အုန်း၏ အကြံပြုချက်ဆွေးနွေးချက်တွင် ပါဝင်သော “Procurement Law ပစ္စည်းဝယ်ယူ ရေးဆိုင်ရာဥပဒေကို အမြန်ဆုံးပြဋ္ဌာန်း သင့်ကြောင်း” ဆွေးနွေးချက်အပေါ် ၂၀၁၆ ခုနှစ် သြဂုတ်တွင် ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများ တွေ့ဆုံညှိနှိုင်းဆွေးနွေးပြီး “အစိုးရ၏ ဝယ်ယူရေးနှင့်ပိုင်ဆိုင် ပစ္စည်းထုခွဲရောင်းချရေး ဥပဒေမူကြမ်း”ကို စတင်ရေးဆွဲခဲ့ပါကြောင်း၊ အဆိုပါဥပဒေကြမ်းကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြအတည်ပြုချက် ရရှိသည့်အခါ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးခင်မျိုးဝင်းနှင့် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်းတို့၏ ဆွေးနွေးချက်များတွင် ပါဝင်သော “အကြံပေးလုပ်ငန်းများအတွက် ထိုင်းနိုင်ငံ ကုမ္ပဏီများထဲမှ ရွေးချယ်ခြင်း၊ ချေးငွေပမာဏ၏ ၅၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံ၏ ကုန်စည်နှင့်ဝန်ဆောင်မှုများ အသုံးပြုရခြင်းနှင့် အခွန်အခဆိုင်ရာများအား ချေးငွေမှကျခံသုံးစွဲခြင်း မပြုရဆိုသည့် စည်းကမ်းချက်များ”နှင့် စပ်လျဉ်း၍  ရွေးချယ်ခံရသော ထိုင်းအကြံပေးကုမ္ပဏီနှင့် ထိုင်းကန်ထရိုက်တာများအနေဖြင့် မြန်မာနိုင်ငံမှ အကြံပေးကုမ္ပဏီ သို့မဟုတ် မြန်မာကန်ထရိုက်တာများနှင့် ပူးတွဲဆောင်ရွက်လိုပါက ဆောင်ရွက်နိုင်သဖြင့် မြန်မာနိုင်ငံအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ပေါ်စေမည်ဖြစ်ပါကြောင်း၊ Bilateral ပေးအပ်သည့်နိုင်ငံများက ၎င်းတို့က သက်သာသောအတိုးနှုန်းဖြင့် ပေးအပ်သည့်ချေးငွေကို စီမံကိန်းလုပ်ငန်းများအတွက်ကိုသာ အပြည့်အဝအသုံးပြုစေလိုပြီး အခွန်အခနှင့်ပတ်သက်၍ ကင်းလွတ်ခွင့်ပြုရန် သို့မဟုတ် အခွန်အခကို ချေးငွေရယူသည့်နိုင်ငံမှ ကျခံပေးရန်တို့သည် ကြိုတင်ညှိနှိုင်းချက်များအရ ဖြစ်ကြောင်း၊ Multilateral Loan များဖြစ်သော ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်ကဲ့သို့ Loan များတွင် အခွန်အခများကို ချေးငွေမှ ကျခံသုံးစွဲခွင့်ပြုလေ့ရှိပါကြောင်း။

ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရရှိသည့်အခါ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ NEDA တို့နှင့်ညှိနှိုင်း၍ ချေးငွေစာချုပ် ချုပ်ဆိုနိုင်ရန် ဆက်လက်ဆောင်ရွက်ခြင်း၊ ချေးငွေထုတ်ယူသုံးစွဲမှုအပေါ်တွင် စောင့်ကြည့်ကြပ်မတ်ခြင်း၊ ချေးငွေအတိုး၊ အရင်းပေးဆပ်မှုများအတွက် ကြပ်မတ်ဆောင်ရွက်ခြင်းများကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ရှင်းလင်းပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် နာယကက အထက်ပါ ချေးငွေရယူရေးကိစ္စနှင့် စပ်လျဉ်း၍ စက်ခလုတ်အသုံးပြု၍ ဆန္ဒမဲရယူရာ ထောက်ခံဆန္ဒမဲများသဖြင့် လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဂေဟစနစ်ဝန်ဆောင်မှုများနှင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ နိုင်ငံတကာသိပ္ပံ-မူဝါဒ လုပ်ငန်းအဖွဲ့သို့ ဝင်ရောက်နိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ နော်လှလှစိုးက မြန်မာနိုင်ငံသည် ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် မျိုးဆက်ပျက်သုန်းလုဆဲ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန် နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်ကို  လက်မှတ်ရေးထိုးပြီး ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ် မေ ၂၁ ရက်တွင် ဇီဝမျိုးစုံ၊ မျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်ပယ်များ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေအဖြစ် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုဋ္ဌာန်းခဲ့ပြီး ထိုဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နောက်ဆက်တွဲဥပဒေ၊ နည်းဥပဒေကို ရေးဆွဲပြဋ္ဌာန်းနေပြီဖြစ်ပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင်ရှိသည့် ကရင်ဌာနေတိုင်းရင်းသားများသည် စည်းမျဉ်းစည်းကမ်းအတိုင်း ငါးဖမ်းခြင်း၊ သစ်တောထိန်းသိမ်းခြင်းများကို ဧရိယာများ သတ်မှတ်ဆောင်ရွက်လျက် ရှိပါကြောင်း။

မြန်မာနိုင်ငံ၏ မျိုးစုံမျိုးကွဲ ဧရိယာများ၊ ကြီးမားကျယ်ပြန့်သည့် အဓိက မျိုးစုံမျိုးကွဲ ဧရိယာများကို ဌာနေတိုင်းရင်းသား ဒေသခံများက ဓလေ့ထုံးတမ်းများနှင့် စီမံအုပ်ချုပ်ပြီး ကာကွယ်ထားခြင်းကြောင့် မိမိတို့အနေဖြင့် ဂေဟစနစ်ဝန်ဆောင်မှုများနှင့် ဇီဝမျိုးစုံ၊ မျိုးကွဲဆိုင်ရာ နိုင်ငံတကာသိပ္ပံ မူဝါဒအဖွဲ့မှ လုပ်ဆောင်ချက်များကို လေ့လာပြီး ဌာနေတိုင်းရင်းသားများ၏ ထိန်းသိမ်းထားမှုများကို ပံ့ပိုးအသိအမှတ်ပြုရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဇီဝမျိုးစုံမျိုးကွဲများနှင့် ယင်းတို့၏ ဂေဟစနစ်များကို အချိန်မီထိန်းသိမ်း နိုင်ရန်အတွက် ဂေဟစနစ်ဝန်ဆောင်မှုများနှင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ  နိုင်ငံတကာသိပ္ပံ-မူဝါဒအဖွဲ့သို့ ဝင်ရောက်နိုင်ရေးကိစ္စအား ထောက်ခံအပ်ပါကြောင်း ဆွေးနွေးသည်။

ထို့ပြင် စေတုတ္တရာ မဲဆန္ဒနယ်မှ  ဦးကျော်အောင်လွင်၊ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါက်တာ ခွန်ဝင်းသောင်း၊ ဆားလင်းကြီးမဲဆန္ဒနယ်မှ ဦးဝင်းသိန်းဇော်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့်၊ ဝက်လက်မဲဆန္ဒနယ်မှ ဦးမြင့်သိန်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၅)မှ ဦးမောင်မောင်အုန်း၊ မင်းတုန်းမဲဆန္ဒနယ်မှ ဒေါ်ခင်သန်းနု၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂)မှ ဦးစခင်ဇော်လင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၂)မှ ဦးခင်မျိုးဝင်း၊ ကလောမဲဆန္ဒနယ်မှ ဒေါ်ပြုံးကေသီနိုင်၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၇)မှဦးဇော်ဟိန်းနှင့် ဝါးခယ်မ မဲဆန္ဒနယ်မှ ဦးဇော်သိန်းတို့က ဆွေးနွေးကြသည်။

အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ဂေဟစနစ်ဝန်ဆောင်မှုများနှင့် ဇီဝမျိုးစုံ မျိုးကွဲဆိုင်ရာ နိုင်ငံတကာသိပ္ပံ-မူဝါဒလုပ်ငန်းအဖွဲ့သို့ မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် ပါဝင်ခြင်းဖြင့် ဂေဟစနစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး အစီအမံများ ချမှတ်ရာတွင် ရာသီဥတုပြောင်းလဲမှု၊ အကျိုးသက်ရောက်မှုများနှင့် လိုက်လျောညီထွေဖြစ်သည့် သိပ္ပံဆိုင်ရာ အကြံပြုချက်များ၊ နည်းပညာနှင့် အခြားအထောက်အပံ့များရရှိနိုင်ပြီး ဂေဟစနစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးလုပ်ငန်းများကို ပိုမိုတိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခြင်းဖြင့်လည်း ငွေကြေးတစ်စုံတစ်ရာ ထည့်ဝင်ရန် စည်းနှောင်ထားခြင်း မရှိပါကြောင်း၊ သို့ဖြစ်၍ ဂေဟစနစ်ဝန်ဆောင်မှုများနှင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ နိုင်ငံတကာသိပ္ပံ- မူဝါဒလုပ်ငန်းအဖွဲ့သို့ မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခွင့်ပြုပါရန်ကိစ္စကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးပါရန် ရှင်းလင်းပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် နာယကက ဂေဟစနစ်ဝန်ဆောင်မှုများနှင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ နိုင်ငံတကာသိပ္ပံ- မူဝါဒလုပ်ငန်းအဖွဲ့သို့ ဝင်ရောက်နိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူ၍ အတည်ပြုကြောင်း ကြေညာသည်။

ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ လ အမျိုးသားစီမံကိန်းအစီရင်ခံစာနှင့် ၎င်းအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၄/၂၀၁၉)တို့နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချိုက လိုငွေဖြစ်ပေါ်ခဲ့သော နိုင်ငံတော်ပိုင်စီးပွား ရေးအဖွဲ့အစည်း ၁၁ ခုအနက် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးလုပ်ငန်း၊ မြန်မာ့မီးရထားလုပ်ငန်း၊ ကုန်းလမ်းပို့ဆောင်ရေးလုပ်ငန်း၊ မြန်မာ့စာတိုက်လုပ်ငန်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးလုပ်ငန်းတို့သည် ပြည်သူ့အကျိုးပြုဝန်ဆောင်မှု လုပ်ငန်းများဖြစ်သဖြင့် လိုငွေဖြစ်ပေါ်ရခြင်းကို အပြစ်မဆိုသာသော်လည်း စက်မှုဝန်ကြီးဌာန လက်အောက်ရှိ အမှတ်(၁)၊ (၂)၊ (၃)အကြီးစားစက်မှုလုပ်ငန်း၊ မြန်မာ့အမျိုးသားလေကြောင်းလုပ်ငန်းတို့၌ လိုငွေဖြစ်ပေါ်နေမှုကို စနစ်တကျစိစစ်ရန် လိုအပ်ပါကြောင်း။

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအနက် လိုငွေပြလျက်ရှိသော လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်းများကို အသေးစိတ်ကျကျ ကွင်းဆင်းလေ့လာလျက် ကုစားနိုင်မည့်နည်းလမ်းများကို အမြန်ဆုံးရှာဖွေလျက် ဆုံးဖြတ်ချက်ချမှတ်သင့်ပါကြောင်း၊ အရှုံးပေါ်ရပ်ဆိုင်းထားရသည့် နိုင်ငံပိုင်စက်ရုံ အလုပ်ရုံများကို PPP စနစ်၊ ပုဂ္ဂလိကကို တိုက်ရိုက်အငှားချသော စနစ်၊ ပုဂ္ဂလိကလုပ်ငန်းရှင်များကို ထိုက်သင့်သော တန်ကြေးဖြင့် အပြတ်ရောင်းချသော စနစ် စသည့်နည်းလမ်းများဖြင့် စက်ရုံများ ပြန်လည်လည်ပတ်နိုင်စေရေးကို ပွင့်လင်းမြင်သာပြီး တာဝန်ယူမှု တာဝန်ခံမှုရှိသည့် အစီအစဉ်များဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်ကို ဆိုင်းငံ့ခြင်းမရှိဘဲ အမြန်ဆုံး အကောင်အထည်ဖော်သင့်ပါကြောင်း ဆွေးနွေးသည်။

ဆက်လက်၍ ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ(၄/၂၀၁၉)တို့နှင့် စပ်လျဉ်း၍ ဆိပ်ကြီး/ခနောင်တိုမဲဆန္ဒနယ်မှ ဦးတင်ထွန်းနိုင်၊ ပဲခူးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့်၊ အောင်မြေသာစံ မဲဆန္ဒနယ်မှ ဒေါက်တာလှမိုး၊ ရွှေကျင်မဲဆန္ဒနယ်မှ ဦးစောသလေးစောနှင့် လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုတို့က ဆွေးနွေးကြသည်။

ပြည်ထောင်စုလွှတ်တော် နာယကက ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၄/၂၀၁၉)တို့နှင့်စပ်လျဉ်း၍ ကျန်ရှိသည့် အစီအစဉ်များကို ၂၀၁၉ ခုနှစ် မေ ၁၆ ရက်တွင် ကျင်းပပြုလုပ်မည့် အစည်းအဝေးတွင် ဆက်လက်ဆောင်ရွက်ရန် လျာထားကြောင်း ကြေညာသည်။

ဆက်လက်၍ ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ လ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ အစီရင်ခံစာနှင့် ၎င်းအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင် သဘောထားမှတ်ချက် အစီရင်ခံစာ (၆/၂၀၁၉)တို့နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချိုက ရထားပို့ဆောင်ရေး၊ ရေကြောင်းပို့ဆောင်ရေး လုပ်ငန်းများသည်  နှစ်တိုင်းအရှုံးပေါ်နေမှုနှင့်ပတ်သက်၍ ခရီးသည်များနှင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်မှုများအတွက် အိမ်တိုင်ယာရောက်စနစ်အဖြစ် ကုန်းလမ်းပို့ ဆောင်ရေးလုပ်ငန်းကို တွဲဘက်ဆောင်ရွက်ခြင်းအားဖြင့် ပြည်သူများနှင့် ကုန်သည်များ၏ ယုံကြည်အားကိုးမှုရရှိလာမည်ဖြစ်ပြီး ယုံကြည်အားကိုမှုရလာသည်နှင့်အမျှ ဝင်ငွေတိုးလာပြီး အရှုံးဖြစ်ပေါ်မှု ကျဆင်းလာနိုင်မည်ဟု ယူဆပါကြောင်း။

ဆက်သွယ်ရေးနှင့် စပ်လျဉ်း၍ MPT ၊ Telenor ၊ Ooredoဝ နှင့် Mytel တို့ရှိပြီး  နိုင်ငံ၏ဝင်ငွေရရှိနေသော်လည်း ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်က ပြည်သူ့လွှတ်တော်တွင် ဒေါက်တာလှမိုး မေးမြန်းခဲ့သည့် မေးခွန်းတွင်  ဖုန်းသုံးစွဲသူများ မသိဘဲ မမှန်မကန် ငွေဖြတ်တောက်ခံရမှုကို များစွာကြားသိရပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်မှ အထူးဂရုပြု ဖြေရှင်းပေးရန် အကြံပြုလိုပါကြောင်း၊ ထို့ပြင် နိုင်ငံအတွင်း ပြေးဆွဲနေသည့်  ခရီးသည်တင် မော်တော်ယာဉ်ခများ  တိုးမြှင့်ကောက်ခံနေကြပြီး လောင်စာဆီဈေး ပြန်ကျသော်လည်း  မော်တော်ယာဉ်ခ ပြန်လျှော့ချခြင်း မရှိသည်မှာ ပြည်သူများအတွက် နစ်နာမှုရှိသောကြောင့် ဝန်ကြီးဌာနနှင့် ဒေသအစိုးရအဖွဲ့များက ထိန်းကွပ်ရန် လိုအပ်မည်ဟု အကြံပြုလိုပါကြောင်း။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် BOT  စနစ်နှင့် ဆောင်ရွက်သည့် ရေအားလျှပ်စစ်စီမံကိန်းများတွင် နိုင်ငံတော်မှ စိုက်ထုတ်ချေးပေးနေရသည့် ချေးငွေအရင်း၊ အတိုးများ နှစ်စဉ်မှန်မှန်ကန်ကန် ကောက်ခံရရှိနိုင်ရေး၊ Free Power မှ ပိုလျှံရောင်းချရသည့် လျှပ်စစ်ဓာတ်အားခများကို နှစ်စဉ်ပြည့်ပြည့်ဝ၀ ရရှိနိုင်ရေးကို အားစိုက်ဆောင်ရွက်ရန်လိုအပ်မည်ကို အကြံပြုလိုပါကြောင်း၊  တစ်ဖက်မှလည်း နှစ်စဉ်အရှုံးဖြစ်ပေါ်နေသည့် ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှုအတွက် အရှုံးမဖြစ် ပေါ်နိုင်အောင် နှုန်းထားပြင်ဆင် ဆောင်ရွက်ခြင်းဖြင့် နှစ်စဉ်လိုငွေ ဖြစ်ပေါ်နေသည့် ဘတ်ဂျက်အတွက် အထောက်အကူ ဖြစ်လာမည်ဖြစ်ပါကြောင်း  ဆွေးနွေးသည်။

ဆက်လက်၍ ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင် သဘောထားမှတ်ချက် အစီရင်ခံစာ (၆/၂၀၁၉)တို့နှင့်စပ်လျဉ်း၍ အောင်မြေသာစံမဲဆန္ဒနယ်မှ ဒေါက်တာလှမိုး၊ အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချို၊ မိုးညိုမဲဆန္ဒနယ်မှ ဦးကျော်မျိုးမင်း၊ ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီးနှင့် ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်တို့က ဆွေးနွေးကြသည်။

ပြည်ထောင်စုလွှတ်တော် နာယကက ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၆/၂၀၁၉)တို့နှင့်စပ်လျဉ်း၍ ကျန်ရှိသည့် အစီအစဉ်များကို ၂၀၁၉ ခုနှစ် မေ ၁၆ ရက်တွင် ကျင်းပပြုလုပ်မည့် အစည်းအဝေးတွင် ဆက်လက်ဆောင်ရွက်ရန် လျာထားကြောင်း ကြေညာသည်။ 

(သတင်းစဉ်)