ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပ

နေပြည်တော်  ၆  မေ 

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ အရေးပေါ်ရန်ပုံ ငွေမှ ငွေကျပ် ၉၀၉၅ ဒသမ ၂၆၂ သန်းခွဲဝေသုံးစွဲခဲ့သည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများက ရှင်းလင်းပြောကြားကြသည်။

 

ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က သဘာဝဘေးဒဏ် ကြောင့် ပျက်စီးမှုများသည် ကြိုတင်မသိမြင်နိုင်သော ရုတ်တရက်ဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးဒဏ် အမျိုးအစားဖြစ်သောကြောင့် ဘဏ္ဍာငွေလျာထားချက်မရှိသဖြင့် ပျက်စီးမှုများပြန်လည်ပြုပြင်ရန်အတွက် ငွေကျပ် ၃၁၈ ဒသမ ဝ၆၆ သန်းအား အရေးပေါ် ရန်ပုံငွေမှ ကျခံသုံးစွဲခွင့်ရရှိရေး တင်ပြဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂၃/၂၀၁၈)အရ သဘောတူပြီး ဖြစ်သဖြင့် ၂၀၁၉ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ အရေးပေါ်ရန်ပုံငွေမှ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ခွဲဝေသုံးစွဲမည့် ကျပ် ၃၁၈ ဒသမ ဝ၆၆ သန်း အား ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်အတည်ပြုပေးပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ရှင်းလင်းပြောကြားရာတွင် ၂၀၁၈ခုနှစ် မိုးရာသီကာလအတွင်း သဘာဝဘေးအန္တရာယ် ကြောင့် သီးနှံများ( သုံးသိန်း ရှစ်သောင်း ရှစ်ဆယ် ဧက) ပျက်စီးခဲ့သဖြင့် ပြန်လည် အစားထိုးစိုက်ပျိုးခြင်းအတွက် ထောက်ပံ့ပေးရမည့် ငွေကျပ် ၇၃၃၀ ဒသမ ၇၀၅ သန်း သည် မသုံးစွဲလျှင်မဖြစ်သည့် အရေးပေါ်ကိစ္စအတွက်ဖြစ်ပြီး ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာ ရေးနှစ် အရအသုံးခန့်မှန်းခြေစာရင်းလျာထားချက်တွင် ပါဝင်ခြင်းမရှိပါသဖြင့် ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲ၍ ထောက်ပံ့ပေးရန် တင်ပြခြင်း အပေါ် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုမှတ်တမ်း တင်ပေးပါရန် တင်ပြအပ်ပါ ကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ကာကွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန တို့၏ အရေးပေါ်ရန်ပုံငွေမှ သုံးစွဲခဲ့မှုများကို လွှတ်တော်ကမှတ်တမ်းတင်ကြောင်းနှင့် ကျန်ရှိ သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အရေးပေါ်ရန်ပုံငွေမှ သုံးစွဲမှုကို ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

 

ယင်းနောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဂေဟစနစ်ဝန်ဆောင်မှုများနှင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ နိုင်ငံတကာသိပ္ပံ-မူဝါဒ လုပ်ငန်း အဖွဲ့သို့ ဝင်ရောက်နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ဂျာမနီနိုင်ငံ ဘွန်းမြို့၌ အခြေစိုက်သည့် ဂေဟစနစ်ဝန်ဆောင်မှုများနှင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ နိုင်ငံတကာသိပ္ပံ-မူဝါဒ လုပ်ငန်း အဖွဲ့ (Intergovernmental Science-Policy Platform on Biodiversity and Ecosystem Services-IPBES) တွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခြင်းဖြင့်  ဂေဟစနစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးအစီအမံများ ချမှတ်ရာတွင် ရာသီဥတု ပြောင်းလဲမှု အကျိုးသက်ရောက်မှုများနှင့် လိုက်လျောညီထွေဖြစ်သည့် သိပ္ပံဆိုင်ရာ အကြံပြုချက်များ ရရှိနိုင်ခြင်း အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်ကြောင်း။

 

ထို့ပြင် ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များ ထိန်းသိမ်းဆောင်ရွက်ရာတွင် နည်းပညာများ ပိုမိုလွှဲပြောင်းရယူနိုင်ခြင်း၊  ထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံတကာအစီ အစဉ်များနှင့် အထောက်အပံ့ပေးသည့်  အဖွဲ့အစည်းများကို ပိုမိုသိရှိနိုင်ခြင်း၊ IPBES မှ ဦးစီးကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲ၊ အစည်းအဝေးနှင့် သင်တန်းများသို့ တက်ရောက် မည့် ကိုယ်စားလှယ်၊ ပညာသင်များအား IPBES ၏ စရိတ်ကျခံမှုဖြင့် စေလွှတ်နိုင်ခြင်း၊ မြန်မာနိုင်ငံ၏ ဂေဟစနစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်မှုနှင့် တိုးတက်အောင်မြင်မှုများကို IPBES မှ တစ်ဆင့်နိုင်ငံတကာသို့ ချပြ နိုင်ခြင်းနှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း(MSDP) ၏ မဏ္ဍိုင်(၃)၊ ပန်းတိုင်(၅)၊ မဟာဗျူဟာအရ ဖော်ဆောင်မည့် လုပ်ငန်းစဉ်များကိုလည်း အထောက်အကူပြုစေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း။

 

သို့ဖြစ်ပါ၍ ဂေဟစနစ်ဝန်ဆောင်မှုများနှင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ နိုင်ငံတကာသိပ္ပံ-မူဝါဒလုပ်ငန်းအဖွဲ့ ( IPBES) တွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခွင့်ပြုရန်ကိစ္စ နှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် တင်ပြပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေး နွေးလိုသည့် လွတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော Protocol of 1988 relating to the International Convention for the Safety of  Life at Sea, 1974 တွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင် ကြောင်း ကြေညာသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော “ လောင်းကစားဥပဒေကြမ်း” နှင့် လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော “တံတားကြီးများဥပဒေကြမ်း”တို့နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုသည်။

 

ဆက်လက်၍ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးသူရိန် ဇော်က နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီမှ ရုံးသုံးမော်တော်ယာဉ်(၅)စီး တင်သွင်းရာတွင် အကောက်ခွန်၊ ကုန်သွယ် လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန် ကင်းလွတ်ခွင့်ရရှိရေးကိစ္စနှင့်စပ်လျဉ်း၍ ယခုတင်ပြ လာသည့် မော်တော်ယာဉ် ၅ စီးကို အခွန်ကင်းလွတ်ခွင့်များ တောင်းခံလာခြင်းကိစ္စ တွင် ကားအမျိုးအစားနှင့် ကားတန်ဖိုးစုစုပေါင်းသာပါရှိပြီး မော်ဒယ်၊ ထုတ်လုပ်သည့် ခုနှစ်၊ နိုင်ငံ၊ ဈေးကွက်အတွင်းရှိ အမှန်တကယ်ဈေးနှုန်း၊ ဆိပ်ကမ်းရောက် တန်ဖိုး၊ အခွန်ပေးဆောင်ရမည်ဆိုပါက နိုင်ငံတော်မှ ရရှိမည့် အခွန်ငွေပမာဏတို့ကို ထည့်သွင်း ဖော်ပြန်ပေးရန်လိုအပ်ပါကြောင်း၊ သို့မှသာ နိုင်ငံအနေဖြင့် ကင်းလွတ်ခွင့်ပြုပေးရသော ငွေကြေးပမာဏနှင့် အခြားအခွင့်အရေးများ ပေးအပ်ရမှုသည် နိုင်ငံတော်မှ ပြန်လည် ရရှိနိုင်မည့် အကျိုးဖြစ်ထွန်းမှုများ၊ နိုင်ငံသားများ၏ အကျိုးဖြစ်ထွန်းမှုများကို ချိန်ဆ နိုင်မည် ဖြစ်ပါကြောင်း။

 

သို့ဖြစ်ပါ၍ နိုင်ငံတော်နှင့်  နိုင်ငံသားများအတွက်  အကျိုးဖြစ်ထွန်းနိုင်မှုအခြေ အနေ၊ အခွန်ကင်းလွတ်ခွင့်ပေးခြင်းနှင့်စပ်လျဉ်း၍  တည်ဆဲဥပဒေလုပ်ထုံးလုပ်နည်း များ၊ စံနှုန်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှုအခြေအနေ၊ မိမိတို့နိုင်ငံနှင့် အခြေအနေ ချင်းတူသော နိုင်ငံများ၏ IHO များအပေါ် အခွန်ကင်းလွတ်ခွင့်နှင့် အခြားသော ကင်း လွတ်ခွင့်များ ပြုပေးနေမှုအခြေအနေစသည်တို့ကို ထည့်သွင်းစဉ်းစားကာ အဖက်ဖက်မှ လေ့လာသုံးသပ်လျက် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးကို ဦးစားပေး၍ ပြည် ထောင်စုလွှတ်တော်သို့ အတည်ပြုချက်တောင်းခံသင့်ပါကြောင်း အကြံပြုဆွေးနွေး သည်။

 

ယင်းကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် နာယက က ၂၀၁၉ ခုနှစ် မေ ၉ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆောင်ရွက်ရန် လျာထားကြောင်း ကြေညာသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဒေသတွင်းအခြေခံ အဆောက်အအုံမြှင့်တင်ခြင်းစီမံကိန်း ဆောင်ရွက်ရန်အတွက် ဂျပန်နိုင်ငံ အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီထံမှ ဂျပန်ယန်း ၃၈ ဒသမ ၆၄၂ ဘီလီယံ ချေးငွေ ရယူရေးနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချိုက ပြည်သူများ၏ လူနေမှု အဆင့်အတန်း မြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် အခြေခံအဆောက်အဦများဖြစ်သည့် လမ်း၊ တံတား၊ လျှပ်စစ်၊ ရေလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်းသည့် စီမံကိန်းငယ်ပေါင်း ၇၀ ကို ပြည်နယ် ၄ ခုနှင့် တိုင်းဒေသကြီးတစ်ခုတို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန တို့မှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း။

 

သက်သာသောချေးငွေ၊ ချေးသင့်သော ချေးငွေဆိုသော်လည်း ချေးငွေများကို ထိထိရောက်ရောက် အကျိုးရှိရှိဖြင့် အလေအလွင့်နည်းပါးစွာ သုံးစွဲရန်မှာ လွန်စွာ အရေးကြီးသကဲ့သို့ ကြွေးမြီပြန်ဆပ်ရန် နည်းလမ်းများကိုလည်း ကြိုတင်စဉ်းစားထား သင့်ပါကြောင်း၊ ထို့ကြောင့် ချေးငွေများဖြင့်စီမံကိန်းများကို ဆက်လက်အကောင် အထည်ဖော်ရာတွင် ယခင်စီမံကိန်း၏ အောင်မြင်မှု ရှိ၊ မရှိ ကုန်ကျငွေနှင့် ထိုက်တန် သော လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ခြင်း ရှိ၊ မရှိ တို့ကို  မြေပြင်ပကတိ အခြေအနေနှင့် နီးကပ်စွာ ပြန်လည်ဆန်းစစ်သင့်ပါကြောင်း။

 

ကုန်ကျစရိတ်၏ ၈၀ ရာခိုင်နှုန်းခန့်ကို အသုံးပြုလျင်ပင် ပြည်သူများအတွက် ထိရောက်သည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ပြီး ၄၀ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်းခန့် ကိုသာသုံးစွဲပါက  ပြည်သူများတွင် အကြွေးတင်ခြင်းသာ အဖက်တင်ပြီး အကြွေးနွံမှ ရုန်းမထွက်နိုင်ခြင်းဆိုသည့် အဖြေသာထွက်ရှိလာနိုင်သည့်အတွက် ချေးငွေဖြင့် အကောင်အထည်ဖော်မည့်လုပ်ငန်းများကို အလေအလွင့် နည်းပါးစွာဖြင့် ထိရောက် အကျိုးရှိစွာ သုံးစွဲနိုင်ရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။
ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ နော်ခရစ္စထွန်း(ခေါ်)ဒေါက်တာအားကာ မိုးက မိမိတို့နိုင်ငံ၏ ပြည်ပကြွေးမြီ ၉ ဒသမ ၈၄၄ ဘီလီယံ ရှိနေပြီဖြစ်ပါကြောင်း၊ ပြည်ပကြွေးမြီနှင့် GDP အချိုးသည် ၁၄ ဒသမ ၃၈ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ကြွေးမြီခံနိုင်ရည်ရှိမှု အတိုင်းအတာတွင် ရှိသည်ဟု ဆိုနိုင်ပါကြောင်း၊ ပြည်ပချေးငွေများ ထဲတွင်  အသက်သာဆုံး အတိုးနှုန်း ဝ ဒသမ ဝ၁ ရာခိုင်နှုန်းဖြစ်ပြီး ဆိုင်းငံ့ကာလ ၁၀ နှစ်၊ ပြန်ဆပ် ကာလနှစ် ၃၀ စုစုပေါင်းသက်တမ်း နှစ် ၄၀ ဖြစ်သည့်အတွက် သင့်တော် သည့် ချေးငွေဖြစ်ပါကြောင်း၊ သက်သာသည့် ချေးငွေဆိုသော်လည်း ပြန်လည်ပေး ဆပ်ရမည့် ကြွေးမြီဖြစ်သောကြောင့် ထိထိရောက်ရာက်သုံးစွဲရန် လိုအပ်ပါကြောင်း။

 

ထို့ကြောင့် နောင်လာနောက်သားများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်အတွက် ပြန်လည်ပေးဆပ်ရမည်ဖြစ်သည့် ပြည်ပကြွေးမြီများကို ထိထိရောက်ရောက် အောင် အောင်မြင်မြင်ဖြင့် စနစ်တကျသုံးစွဲပေးရန် တိုက်တွန်းပါကြောင်း အကြံပြုဆွေးနွေးသည်။

 

ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဖာပွန်မဲဆန္ဒနယ်မှ ဦးထွန်းမြအောင် (ခေါ်) ဦးစောထွန်း မြအောင်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါက်တာတင်တင်ဝင်း၊ သံဖြူဇရပ်မဲဆန္ဒနယ်မှ ဦးဉာဏ်ဟိန်း၊ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၊ သံတောင်ကြီးမဲ ဆန္ဒနယ်မှ ဦးစောဗစ်တာခလိုက်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါ်ကျိန်ငိုက် မန်၊ မြဝတီမဲဆန္ဒနယ်မှ ဦးစိန်ဗိုလ်၊ ဖျာပုံမဲဆန္ဒနယ်မှ ဦးဝင်းထွဋ်၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးစိုးသိန်းနှင့် ဒီပဲယင်းမဲဆန္ဒနယ်မှ ဦးဝင်းမြင့်အောင်တို့က ဆွေးနွေးကြသည်။

 

ပြည်ထောင်စုလွှတ်တော် နာယက က ယင်းချေးငွေရယူရေးကိစ္စနှင့်စပ်လျဉ်း၍ ကျန်ရှိသည့် အစီအစဉ်များကို ၂၀၁၉ ခုနှစ် မေ ၉ ရက်တွင် ကျင်းပမည့် ပြည်ထောင် စုလွှတ်တော် အစည်းအဝေးတွင် ဆက်လက်ဆောင်ရွက်သွားရန် လျာထားကြောင်းနှင့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထ နေ့ကို မေ ၇ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။ 

 

မော်စီ၊ အေးအေးသန့်