ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကျင်းပ

နေပြည်တော် ၁၇ ဇူလိုင်

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့် အမှတ်(၁/၂၀၂၀)ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေဆိုင်ရာအမိန့်နှင့် စပ်လျဉ်း၍ စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြန်လည် ရှင်းလင်းဆွေးနွေးရာတွင် ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ကိစ္စရပ်များကို ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေဖြင့်လည်းကောင်း၊ အခွန်အကောက် ဆိုင်ရာ ကိစ္စရပ်များကို ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေဖြင့်လည်းကောင်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိရာ ဤအမိန့်သည် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေနှင့် သက်ဆိုင်သည့်အမိန့်ဖြစ်ပါကြောင်း၊ အဆိုပါ အမိန့်အရ စရိတ် နုတ်ပယ်ခွင့် (၂)ရပ်နှင့် အခွန်ခုနှိမ်ခွင့်(၂) ရပ်စုစုပေါင်း အခွန်ဆိုင်ရာသက်သာခွင့် (၄)ရပ် ကို ခွင့်ပြုပေးထားခြင်း ဖြစ်ပါကြောင်း၊ ယင်းအမိန့်ကို အချိန်ကိုက်ထုတ်ပြန် ဆောင်ရွက် ခဲ့ရမှုနှင့် ပတ်သက်၍ ဤအမိန့်ပါခံစားခွင့်များသည် COVID – 19 ကြောင့် ထိခိုက်လာမှု များ၊ သက်ရောက်လာမှုများအပေါ် သုံးသပ်ပြီးမှ သင့်လျော်သည့် ကုစားမှုများ ပြုလုပ်နိုင် ရန် ဆောင်ရွက်ခဲ့ရခြင်းကြောင့် ယခုကဲ့သို့ ထုတ်ပြန်ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း။

 

အဆိုပါ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေဆိုင်ရာအမိန့်ဖြင့် ခံစားခွင့်ပြု လိုက်သည့် အခွန်ဆိုင်ရာသက်သာခွင့်များနှင့် စပ်လျဉ်း၍ အခွန်ထမ်းပြည်သူများ ရှင်း လင်းလွယ်ကူစွာ သိရှိနိုင်စေရန် လုပ်ထုံးလုပ်နည်း၊ တွက်ချက်မှုနမူနာ၊ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ အမိန့် ကြော်ငြာစာအမှတ်၊ ၆၅/ ၂၀၂၀ဖြင့် ထပ်ဆင့်ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ COVID – 19 Economic Relief Plan သည် COVID – 19 ကြောင့် လက်ရှိရင်ဆိုင်နေရသည့် အရေးပေါ်ကိစ္စရပ်များအတွက် ဖြေရှင်းရုံသာမက မြန်မာနိုင်ငံ၏ ရေရှည်တည် တံ့ခိုင်မြဲ ပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနှင့်လည်း ချိတ်ဆက်ရေးဆွဲထားခြင်း ဖြစ်ပါကြောင်း။

 

သို့ဖြစ်ပါ၍ COVID – 19 ကြောင့် ပုဂ္ဂလိကကဏ္ဍအပေါ် သက်ရောက်မှုများ လျော့နည်းစေရန် အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်ပြုခြင်းနှင့် စပ်လျဉ်းသည့် နိုင်ငံ တော်သမ္မတ၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ်၊ ၁/၂၀၂၀၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေဆိုင်ရာအမိန့်အား ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က အဆိုပါအမိန့်ကို အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူမရှိသည့်အတွက် နိုင်ငံတော်သမ္မတ၏ ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ် ၁/၂၀၂၀၊ ပြည် ထောင်စု၏ အခွန်အကောက်ဥပဒေဆိုင်ရာအမိန့်နှင့် ယင်းအမိန့်ပါ အာဏာတည်ရမည့် အချိန်ကာလကို လွှတ်တော်ကအတည်ပြုကြောင်း ကြေညာသည်။

 

ယင်းနောက် ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်ထောင်စုအစိုရအဖွဲ့ကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်သို့ တင်သွင်းသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အသိပေးကြေညာသည်။

 

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပဲခူး - ကျိုက်ထို အမြန်လမ်းမကြီး စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရန် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ အမေရိကန်ဒေါ်လာ ၄၈၃ ဒသမ ၈ သန်းချေးငွေရယူရေးနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က လွတ်တော်သို့ ရှင်းလင်း တင်ပြကြသည်။

 

ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ပဲခူး - ကျိုက်ထို အမြန်လမ်းမကြီးစီမံ ကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် မဟာမဲခေါင်ဒေသတွင်း နိုင်ငံများနှင့် လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ပဲခူး - သန်လျင်လမ်း၊ ရန်ကုန်မြို့အပြင် မြို့ပတ်လမ်း၊ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးတို့နှင့် ဆက်စပ်၍ ၎င်းမှတဆင့် မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ ဆက်သွယ်ချိတ်ဆက် သွားလာနိုင်မည် ဖြစ်ပါကြောင်း၊ စီမံကိန်းအကောင်အထည်ဖော် နေစဉ် ကာလအတွင်း ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများကို ပြည်တွင်းမှ ဝယ်ယူ သုံးစွဲမည်ဖြစ်ပါ၍ ပြည်တွင်းလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံသားအင်ဂျင်နီယာများနှင့် ကျွမ်းကျင်လုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမည် ဖြစ်ပါကြောင်း။

 

COVID – 19 Economic Relief Plan (CERP) ၏ Goal 2 တွင်ပါရှိသော မဟာဗျူဟာ 2.3.3 အရနိုင်ငံအတွက် အကျိုးရှိသည့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို အတိုးနှုန်း သက်သာသော ဖွံ့ဖြိုးရေးချေးငွေဖြင့် ဆောင်ရွက်သွားရန် အစီအစဉ်တွင် ပဲခူး- ကျိုက်ထို အမြန်လမ်းစီမံကိန်းအား လျာထားထည့်သွင်းထားပါကြောင်း၊ ထို့ပြင် CERP Goal 3 ၏ ရည်ရွယ်ချက်ဖြစ်သော နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းအားဖြင့် COVID အလွန်ကာလ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုအားများစွာ လွှမ်းခြုံအထောက်အကူဖြစ်စေမည့် စီမံကိန်း လည်းဖြစ်ပါကြောင်း။

 

ယခုချေးငွေ ရယူဆောင်ရွက်မည့် နိုင်ငံတကာအဆင့်မီ ပဲခူး - ကျိုက်ထို အမြန် လမ်းမကြီး စီမံကိန်းတွင်လည်း တည်ဆောက်ရေးလုပ်ငန်းများအတွက် အပြည်ပြည်ဆိုင် ရာ ကန်ထရိုက်တာများခေါ်ယူပြီးသည့်အခါ စီမံကိန်းတန်ဖိုးအနေဖြင့် ယခင် ADB ချေး ငွေဖြင့် ဆောင်ရွက်ခဲ့သော စီမံကိန်းများနည်းတူ စီမံကိန်းတန်ဖိုးလျော့ချနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုမည့် နိုင်ငံတကာအဆင့်မီ ပဲခူး - ကျိုက်ထို အမြန်လမ်းမကြီးစီမံကိန်းအကောင် အထည် ဖော်ရန်လိုအပ်သည့် အမေရိကန်ဒေါ်လာ ၄၈၃ ဒသမ ၈ သန်းအား အာရှဖွံ့ဖြိုးရေး ဘဏ်ထံမှ ချေးယူမည့်ကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု ပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။

 

ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ဤချေးငွေစီမံကိန်းသည် နိုင်ငံတော်၏ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့်  ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ၊ ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှု ဥပဒေ၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတို့နှင့်လည်း ကိုက်ညီမှုရှိသည်ကို တွေ့ရှိရပါကြောင်း၊သို့ဖြစ်ပါ၍ အာရှဖွံ့ဖြိုးရေးဘဏ်ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၄၈၃ ဒသမ ၈ သန်းရယူနိုင်ရေးကိစ္စကို ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးသုံးသပ်၍ အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းချေးငွေရယူရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်းနှင့် ဇူလိုင် ၂၇ ရက်တွင် ဆွေးနွေးရန်လျာထားပါကြောင်း ကြေညာသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပဲခူး - ကျိုက်ထို လမ်းသစ် ပိုင်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ထံမှ ဂျပန်ယန်း ၂၇ ဒသမ ၇၇၉ ဘီလီယံ ချေးငွေရယူရေးနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တို့က လွှတ်တော်သို့ ရှင်းလင်းတင်ပြကြသည်။

 

ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း က East – West Economic Corridor Highway Development Project (New Bago – Kyaikto Highway Section) စီမံကိန်းအတွက် ဂျပန်နိုင်ငံအစိုးရ၏ ODA ချေးငွေဖြင့် ဆောင်ရွက်မည့် စစ်တောင်းမြစ် ကူးတံတား (ကျိုက်ထို)နှင့် သုဝဏ္ဏသင်တန်းကျောင်း အဆင့်မြှင့်တင်ခြင်းအတွက် ချေးငွေအနေဖြင့် ဂျပန်ယန်း (၂၇ ဒသမ ၇၇၉)ဘီလီယံ၊ အမေရိကန်ဒေါ်လာ ၂၅၅ ဒသမ ၀ သန်းဖြစ်ပြီး အတိုးနှုန်းမှာ ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြစ်၍ ပြန်ဆပ်ကာလနှစ် ၄၀ ဖြစ်ပါကြောင်း။

 

စစ်တောင်းမြစ်ကူးတံတား (ကျိုက်ထို)သည် ပဲခူး - ကျိုက်ထို အမြန်လမ်းသစ် စီမံကိန်း အပိုင်းတွင် တည်ဆောက်မည်ဖြစ်သည့်အတွက် GMS (မဲခေါင်မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးတိုးတက်ရေး)၊ EWEC (အရှေ့ - အနောက် စီးပွားရေးစင်္ကြံလမ်းမကြီး၊ AH1 (အာရှအမြန်လမ်းမကြီး အမှတ် - ၁) တို့နှင့် တစ်ဆက်တစ်စပ်တည်း ဖြစ်သွားမည်ဖြစ်ပါ ကြောင်း၊ စစ်တောင်းမြစ်ကူးတံတား (ကျိုက်ထို) တည်ဆောက်ခြင်းဖြင့် ဒေသခံပြည်သူ များ၏ လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့စေပြီး ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း များ အကျိုးဖြစ်ထွန်းစေခြင်းအပြင် ပြည်တွင်း/ ပြည်ပကုန်သွယ်မှု ပိုမိုတိုးတက်လာခြင်း၊ လမ်းမသစ်ကြီး ဖြတ်သန်းရာ လမ်းဘေး ဝဲ/ယာ၌လည်း စိုက်ပျိုးရေး၊ ကုန်ထုတ်ကဏ္ဍ အလားအလာကောင်းများ ဖြစ်ထွန်းလာစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ပါကြောင်း။

 

ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ) အား အဆင့်မြှင့်တင်ပြီးပါက Training Centre နှင့် Vocational Training Centre, Research Laboratory တို့ကို ဖွင့်လှစ်နိုင်မည် ဖြစ်ပြီး သုတေသန ဓာတ်ခွဲခန်းတွင်လည်း Cutting machine for brick, Bending machine for rebar, Tying machine for rebar, Total station, wind tunnel test အစရှိသည့် ဂျပန်နိုင်ငံတွင် လက်ရှိအသုံးပြုနေသော ခေတ်မီစက်ပစ္စည်းတို့ကို အသုံးပြု နိုင်မည်ဖြစ်ပါ ကြောင်း၊ ထို့ပြင် ရန်ကုန်နည်းပညာတက္ကသိုလ် Center of Excellence နှင့် ဓာတ်ခွဲခန်း နည်းပညာများ ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် သဘောတူ ညီထားသည့် အတွက် နည်းပညာတက္ကသိုလ် ကျောင်းသားများအနေဖြင့် အဆိုပါ ဓာတ်ခွဲခန်းများနှင့် ဆက်စပ်လုပ်ငန်းများကို လာရောက်အသုံးပြုပြီး သုတေသနလုပ်ငန်းများ ဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း။

 

ထို့ကြောင့် ပဲခူး - ကျိုက်ထို လမ်းသစ်ပိုင်းတည်ဆောက်ခြင်း စီမံကိန်းတွင် ပါဝင် သော စစ်တောင်းမြစ်ကူးတံတား (ကျိုက်ထို) အရှည် (၂၀၀၀)မီတာ (၆၅၆၂)ပေ တည်ဆောက်ခြင်းစီမံကိန်းနှင့် ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ) အဆင့်မြှင့်တင်ခြင်း တို့အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ထံမှ ဂျပန်ယန်း ၂၇ ဒသမ ၇၇၉ ဘီလီယံချေးယူ မည့်ကိစ္စအား ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။

 

ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ယခုချေးငွေစီမံကိန်းသည် ၂၀၁၉ - ၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ၊ ပြည်သူ့ကြွေး မြီစီမံခန့်ခွဲမှု ဥပဒေ၊ ၂၀၁၈ ခုနှစ်၊ ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာ၊ ဖွံ့ဖြိုးမှု အကူအညီဆိုင်ရာမူဝါဒတို့နှင့် ကိုက်ညီမှုရှိပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈ - ၂၀၃၀) ၏ မဟာဗျူဟာ ၃ ဒသမ ၄ တွင်ရှိသည့် Action Plan များနှင့်လည်း ကိုက်ညီသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ချေးငွေဂျပန်ယန်း ၂၇ ဒသမ ၇၇၉ ဘီလီယံရယူ နိုင်ရေးကိစ္စကို ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးသုံးသပ်၍ အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါ ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က ယင်းချေးငွေရယူရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင် သွင်းနိုင်ကြောင်းနှင့် ဇူလိုင် ၂၇ ရက်တွင် ဆွေးနွေးရန် လျာထားပါကြောင်း ကြေညာသည်။

 

ထို့နောက် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူ ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး က တစ်ပိုဒ်ချင်းစီ အလိုက် အဆိုပြုတင်ပြ၍ ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်၏ သဘောထားမေးမြန်း အတည်ပြုသည်။

 

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က ယင်းဥပဒေကြမ်းနှင့်စပ် လျဉ်း၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က အတည်ပြုခဲ့သည့် အပိုဒ်၊ အပိုဒ်ခွဲများကို လွှတ်တော်နှစ်ရပ် အတည်ပြုချက်အတိုင်းလည်းကောင်း၊ လွှတ်တော် နှစ်ရပ်သဘောကွဲလွဲသည့် အပိုဒ်၊ အပိုဒ်ခွဲများကို ပြည်ထောင်စုလွှတ်တော်၏ အတည် ပြုချက်အတိုင်းလည်းကောင်း ပြန်လည်ပြင်ဆင်၍ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

 

ထို့နောက် ဝင်ငွေခွန်ဥပဒေကြမ်းကို ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က လွှတ်တော်သို့ တင်သွင်းသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါဥပဒေကြမ်းနှင့်စပ် လျဉ်းပြီး ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာသည်။

 

ဆက်လက်၍ COVID – 19 ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှု သက်သာ ရေးစီမံချက် (COVID – 19 Economic Relief Plan – CERP)နှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို က COVID-19 ကပ်ရောဂါကြောင့် စီးပွားရေး ထိခိုက်သက်သာရေးစီမံချက် (COVID-19 Economic Relief Plan-CERP) နှင့်စပ် လျဉ်း၍  ပန်းတိုင် ၇ ခု၊ မဟာဗျူဟာ ၁၀ ခု ဆောင်ရွက်ရမည့် စီမံချက် ၃၆ ခု အရေးယူ ဆောင်ရွက်မှု ၇၆ ချက်များဖြင့် ဖော်ပြထားသည့်အစိုးရ၏ စီးပွားရေးကုစားမှု အစီအစဉ်တွင် ရောင်းလိုအားပြန်လည်လည်ပတ်စေရန် ဆောင်ရွက်ချက်များ၊ ဝယ်လိုအားများဖြစ်သည့် အိမ်ထောင်စုများ၊ အလုပ်သမားများအတွက် စီးပွားရေးအရကုစားပေးသည့် စီမံချက်များ ပါရှိသည်ကို တွေ့ရပါကြောင်း။

 

ရေတိုစီမံချက်ဖြစ်၍ နှစ်ပေါင်းများစွာ မြင့်မားနေသည့် ဘဏ်အတိုးနှုန်းများကို လည်း လပိုင်းအတွင်း လျှော့ချခြင်းများ၊ စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေများကို အတိုးနှုန်းလျှော့ပေးပြီး ချေးယူနိုင်သည့်  အစီအမံများ၊ ရင်းနှီးမြှုပ်နှံရန်အတွက် မြန်မာ့ စီးပွားရေးလုပ်ငန်းများကို အသစ်ထုတ်ချေးပေးသည့် ဘဏ်ချေးငွေကို အစိုးရက ၅၀ ရာခိုင်နှုန်းအာမခံပေးခြင်းများ၊ ကူးသန်းရောင်းဝယ်ရေးဘဏ်အချို့ကို ငွေကြေးထောက် ပံ့ရန် ရန်ပုံငွေထူထောင်ခြင်းများပါရှိသကဲ့သို့  ပို့ကုန်များအပေါ် ပေးရသည့် ၂ ရာခိုင်နှုန်း အခွန်ကိုလျှော့ပေါ့ခြင်းများ၊ ဆေးဘက်ဆိုင်ရာပစ္စည်းများကို အကောက်ခွန်နှင့် ကုန်သွယ်ခွန်များ လျှော့ပေးခြင်းများ ပါဝင်ပြီး စီးပွားရေးလုပ်ငန်းများကို ငွေလည်ပတ်စေရန် ရည်ရွယ်ထားသည့်အတွက် ဈေးကွက်ထဲတွင်အထိုက်အလျောက် ငွေကြေးစီးဆင်းမှုကို ပြန်လည်တွေ့ရနိုင်ပါကြောင်း  ဆွေးနွေးသည်။

 

တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး သူရိန်ဇော်က ယခု တင်ပြသည့် CERP သည် ရေတိုကုစားမှုသာဖြစ်ပါကြောင်း၊ ကာလလတ်နှင့် ကာလရှည် အတွက် COVID-19  Impact Assessment အပေါ် အခြေခံပြီး နိုင်ငံတကာဖြစ်စဉ်များ ကို သုံးသပ်၍ မိမိတို့နိုင်ငံအတွက် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊  ယင်းသို့ဆောင် ရွက်ရာတွင် တစ်ဦးကောင်း၊ တစ်ဖွဲ့ကောင်းဖြင့် ဆောင်ရွက်၍မရဘဲ  အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် ပြည်သူတို့အားလုံး တစ်ပေါင်းတစ်စည်းတည်း လက်တွဲညီညီဖြင့်  ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြမှသာ ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်ပြီး ရောဂါဆိုးကို အောင်မြင်စွာ ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း အကြံပြုဆွေးနွေးသည်။

 

ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေး က CERP ၏ စီမံချက်အရ လုပ်ဆောင် မှုရလဒ်များကို စောင့်ကြည့်ခြင်းအပိုင်းတွင် တာဝန်ရှိအဖွဲ့အစည်းများက စောင့်ကြည့် ခြင်းအစား လုပ်ငန်းကော်မတီက တာဝန်ယူစောင့်ကြည့်သင့်ပါကြောင်း၊ ဖြစ်နိုင်ပါက နိုင်ငံတော်၏ အထွဋ်အထိပ်တွင်ရှိသည့် အုပ်ချုပ်ရေးအကြီးအကဲဖြစ်သူ နိုင်ငံတော် သမ္မတကိုယ်တိုင် စီမံချက်တစ်ခုလုံးကို ဦးဆောင်ပြီး လမ်းညွှန်ကြပ်မတ်ဖြည့်ဆည်း ဆောင်ရွက်ပေးရန် အကြံပြုဆွေးနွေးလိုပါကြောင်း၊  CERP သည် ရေတိုစီမံချက်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP)နှင့် ချိတ်ဆက်ထားခြင်း မရှိသေးသည့်အတွက် မျှော်မှန်းချက်များ လွဲချော်သွားနိုင်ပါကြောင်း၊ ထို့ကြောင့် ပေါင်းစပ်ချိတ်ဆက်ရေးကို မြန်မာပြည်သူများ၏ လက်ရှိ ပကတိလူနေမှုအခြေ အနေဘ၀နှင့် ကမ္ဘာ့အခြေအနေတို့ကို တွက်ဆပြီး ဆောင်ရွက်သင့်ပါကြောင်း အကြံပြု ဆွေးနွေးသည်။

 

ယင်းစီမံချက်နှင့် စပ်လျဉ်း၍ နတ်တလင်းမဲဆန္ဒနယ်မှ ဦးခင်အေး၊ လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချို၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး စောကြည်နိုင်၊ မော်လိုက်မဲဆန္ဒနယ်မှ ဒေါ်ချိုချိုဝင်း၊ တပ်မတော်သားအမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဝင်းမင်းသန့်၊ ရှားတောမဲဆန္ဒနယ်မှ ဒေါ်ဝင့်ဝါထွန်းနှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁) မှ ဦးလှဆန်းတို့က ဆက်လက် ဆွေးနွေးကြသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ဇူလိုင် ၂၂ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်၊ အေးအေးသန့်