ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ ကျင်းပ

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က နိုင်ငံတော်သမ္မတရုံးမှ ပေးပို့ထားသော မကွေးတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာများ ပြင်ဆင်ဖွဲ့စည်းခြင်းတို့ကို တင်ပြ၍ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဦးသိန်းလွင်က လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော ၂၀၁၇ ခုနှစ်၊ မြန်မာ့ကျောက် မျက်ရတနာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာကို ဖတ်ကြားတင်ပြရာတွင်  ဥပဒေကြမ်းပူးပေါင်းကော်မတီသည် လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသည့် အချက်များအပြင် လွှတ်တော်နှစ်ရပ်က အတည်ပြုခဲ့သည့် ဥပဒေကြမ်းအပေါ်တွင်လည်း ထပ်မံလေ့လာစိစစ်ခဲ့ရာ ဥပဒေကြမ်း၏ အပိုဒ် ၅၁ ကို ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ အသစ်ပြင်ဆင်ချက်အတိုင်း အတည်ပြုပြဋ္ဌာန်းသင့်သည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော ၂၀၁၇ခုနှစ်၊ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၈၂ နှင့်အညီ ဥပဒေကြမ်းပူးပေါင်းကော်မတီက အစီရင်ခံတင်ပြအပ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကက အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဦးစတီဖန်က လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော မြန်မာ့သတ္တုတွင်းနည်းဥပဒေများနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားတင်ပြရာတွင် ဥပဒေကြမ်း ပူးပေါင်းကော်မတီသည် လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသည့် အချက်များနှင့် စပ်လျဉ်း၍ နည်းဥပဒေ ၁၃၁ နှင့် နည်းဥပဒေ ၂၁၄ နည်းဥပဒေခွဲ (ဂ)တို့ကို ပြည်သူ့လွှတ်တော်၏  အတည်ပြုချက်အတိုင်း အတည်ပြု ပြဋ္ဌာန်းသင့်သည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော မြန်မာ့သတ္တုတွင်းနည်းဥပဒေများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၈၂ နှင့်အညီ ဥပဒေကြမ်း ပူးပေါင်းကော်မတီက အစီရင်ခံတင်ပြအပ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကက အဆိုပါ နည်းဥပဒေများနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ရန်ကုန်တိုင်းဒေသကြီးအတွင်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပြင်သစ်ဖွံ့ဖြိုးတိုးတက် ရေးအေဂျင်စီထံမှ ချေးငွေ ယူရိုသန်း ၇၀ ရယူရန်ကိစ္စနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားတင်ပြရာတွင် ရန်ကုန်တိုင်းဒေသကြီးတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် သယ်ယူပို့ဆောင်ရေး၊ မြစ်ကမ်းပါးတစ်လျှောက် ဖွံ့ဖြိုးရေးနှင့် မြို့ပြယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး မဟာဗျူဟာ စီမံကိန်းအတွက် ပြင်သစ် ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီထံမှ ယူရိုသန်း ၇၀ ချေးယူမည့်အစီအစဉ်ကို လွှတ်တော်မှ လတ်တလောဆိုင်းငံ့ထားသင့်သည်ကို သုံးသပ်ရရှိပါ၍ ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီအနေဖြင့်လည်း ဆိုင်းငံ့ထားသင့်သည်ကို သဘောထားမှတ်ချက် ပြုအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော Vienna Convention on Road Traffic 1968 နှင့် Vienna Convention on Road Signs and Signals 1968 တို့ကို လက်ခံကျင့်သုံးခြင်းဆောင်ရွက်ရန် ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်း တင်ပြရာတွင် အဆိုပါ ကွန်ဗင်းရှင်း (၂)ရပ်လုံးကိုလက်ခံကျင့် သုံးခြင်း(Accession)ဆောင်ရွက်ခြင်းအားဖြင့် ကွန်ဗင်းရှင်း၏ အဖွဲ့ဝင်နိုင်ငံများသည် အခြားအဖွဲ့ဝင်နိုင်ငံများ၏ မော်တော်ယာဉ်များကို အပြန်အလှန် အသိအမှတ်ပြုသည့်အတွက် ယာဉ်များနိုင်ငံ ဖြတ်ကျော် ဖြတ်သန်းသွားလာရာတွင် လျင်မြန်ချောမွေ့ပြီး မြန်ဆန်နိုင်စေခြင်း၊ အပြည်ပြည်ဆိုင်ရာ ယာဉ်သွားလာမှု ကိစ္စရပ်များကို အထောက်အကူပြုနိုင်ခြင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းမှု တိုးတက်လာနိုင်စေခြင်း၊ အပြည်ပြည်ဆိုင်ရာ ယာဉ်သွားလာမှု ကိစ္စရပ်များ လွယ်ကူလျင်မြန်နိုင်စေမည် ဖြစ်ပါကြောင်း။

 

လမ်းညွှန်များ၊ အချက်ပြများ၊ သင်္ကေတများနှင့် လမ်းအမှတ်အသားများသည် အပြည်ပြည်ဆိုင်ရာ ယာဉ်သွားလာမှုနှင့် တစ်ပြေးညီရှိလာနိုင်ခြင်း၊ ASEAN၏ သဘောတူ စာချုပ်ဖြစ်သည့် ASEAN Framework Agreement on the facilitation of Goods in Transit (AFAFGIT)တွင်ပါရှိသည့် Traffic Regulation သည်Vienna Convention on Road Traffic 1968 နှင့် Vienna Convention on Road Signs and Signals 1968 တို့ကိုအခြေခံထားသည့်အတွက် အာဆီယံ၏ သဘောတူစာချုပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့နိုင်စေမည် ဖြစ်ပါကြောင်း။

 

International Driving Permit (IDP) ကိုကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက လက်ရှိတွင် ထုတ်ပေးနေသော်လည်း နိုင်ငံတကာက အသိအမှတ်ပြုခြင်း မရှိသေးပါကြောင်း၊ အဆိုပါကွန်ဗင်းရှင်း နှစ်ရပ်လုံးကို လက်ခံကျင့်သုံးလိုက်ပါက မိမိတို့ ထုတ်ပေးသည့် IDP (International Driving Permit)ကို နိုင်ငံတကာက အသိအမှတ်ပြု လက်ခံလာနိုင်မည်ဖြစ်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့်  Vienna Convention on Road Traffic 1968 နှင့် Vienna Convention on Road Signs and Signals 1968 တို့ကိုလက်ခံ ကျင့်သုံးနိုင်ရေးအတွက်(Accession) ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေး နိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကက အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း  ကြေညာသည်။

 

ဆက်လက်၍ ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၇ - ၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ် ဒုတိယ (၆)လပတ် အခွန်ကောက်ခံရရှိမှု အခြေအနေ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ် ချက်အစီရင်ခံစာ (၁၁/၂၀၁၈) အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။

 

 

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက နိုင်ငံတော်အတွက် အကျိုးရှိမည်ဖြစ်သော အခွန်အကောက်များကို ဝန်ကြီးဌာနအနေဖြင့် တစိုက်မတ်မတ် ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အထူးသဖြင့် အရက်ချက်စက်ရုံများမှ အခွန်တိမ်းရှောင်မှုများကိုလည်း ခေတ်မီနည်းစနစ်များ အသုံးပြု၍ ထိန်းချုပ်နေခြင်းဖြစ်ပါကြောင်း၊ အလားတူ စွန့်ပစ်အရည်များသည် သဘာဝပတ်ဝန်းကျင်ကို အမှန်တကယ် ပျက်စီးနေမည်ဆိုပါက စက်ရုံများကို ပိတ်သိမ်းသည်အထိ အရေးယူရန် ညွန်ကြားချက် များထုတ်ပြန်ထားပြီး ဖြစ်ပါကြောင်း။

 

ထိုသို့ အရေးယူခြင်းအားဖြင့် ၂၀၁၉ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်နောက်ဆုံးထား၍ သက်ဆိုင်ရာ စက်ရုံများ အသီးသီးသည် ၎င်းတို့၏ စက်များကို သတ်မှတ်ညွှန်ကြား ချက်နှင့်အညီ လိုက်နာ၍ အမှန်တကယ် ထုတ်လုပ်နိုင်မှု စွမ်းအားကို ထုတ်လုပ်ခွင့်ပြုနိုင်မည် ဖြစ်ပါကြောင်း၊ လိုက်နာနိုင်ခြင်း မရှိပါက ပိတ်သိမ်းသည်အထိ အရေးယူ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ လတ်တလော အခြေအနေတွင် စမ်းသပ်လည် ပတ်နေသည့် စက်ရုံများသည် ၎င်းတို့ စွမ်းအားပြည့် လည်ပတ်မှု၏ ၅၀ ရာခိုင်နှုန်း ခန့်ကိုသာ လည်ပတ်ခိုင်း၍ စစ်ဆေးသည့်အခါတွင် တပ်ဆင်ထားသည့် စက်ကိရိယာ များ၏ အချက်အလက်များသည် တိကျမှုရှိ/မရှိ၊ ဓာတ်ခွဲခန်းများမှ ရရှိသည့်အချက် အလက်များသည် မှန်ကန်မှု ရှိ/မရှိကို အသေးစိတ်စစ်ဆေး၍ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားသည်။

 

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ယစ်မျိုးလိုင်စင် အမျိုးအစားအလိုက် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရောင်းချရန်အတွက် ကြပ်မတ်ခြင်းဖြင့် အခွန်ထမ်း ပြည်သူများ၏ အခွင့်အရေးကို ကာကွယ်ပေးရန်နှင့် စပ်လျဉ်း၍ နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်များအပြည့်အ၀ ရရှိစေရန်၊ ယစ်မျိုးဆိုင်ရာ ကိစ္စရပ်များတွင် လိုင်စင်ရယူခြင်း မရှိဘဲ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ လိုင်စင်ခွင့်ပြုချက်မရှိဘဲ ဆောင်ရွက်လုပ်ကိုင်နေခြင်းများအား တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန်အတွက် ယစ်မျိုးလိုင်စင်ခွန်များ တိုးမြှင့်ကောက်ခံရေးနှင့် စိစစ်ကြီးကြပ်မှုဗဟိုအဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်များအလိုက် စိစစ်ကြပ်မတ်ရေးအဖွဲ့ (Task Force) အဆင့်ဆင့်ကို ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါကြောင်း။

 

လယ်ယာမြေခွန်များ တိုးမြှင့်ကောက်ခံနိုင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များက ဥပဒေရေးဆွဲလျက်ရှိရာ ကရင်၊ ကယား၊ မွန်ပြည်နယ်တို့တွင်  ရေးဆွဲပြီးကြောင်းနှင့် ကျန်တိုင်းဒေသကြီး/ ပြည်နယ်များတွင် ရေးဆွဲလျက်ရှိသည်ကို သိရှိရပါကြောင်း၊ စက်မှုမြေငှားဂရန် အခွန်နှုန်းတိုးမြှင့်ရေးနှင့် စပ်လျဉ်း၍ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဂရန်မြေငှားရမ်းခနှုန်းထားများ ကောက်ခံရာတွင် လူနေထိုင်ရန် အတွက်ဖြစ်ပါက ၁၈၈၉ခုနှစ်၊ အထက်မြန်မာနိုင်ငံမြေနှင့် အခွန်နည်းဥပဒေ ၄၄ (က) (၂)အရလည်းကောင်း၊ ၁၈၉၈ ခုနှစ်၊ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများနည်း ဥပဒေ ၁၇ အရ ကောက်ခံလျက် ရှိပါကြောင်း၊ တာတမံခွန်ကောက်ခံရန် နယ်မြေပိုင်း ခြားသတ်မှတ်ရေးနှင့် စပ်လျဉ်း၍ တာတမံခွန်ကောက်ခံရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ကိုင်တွယ်ကျင့်သုံးလျက်ရှိသော ၂၀၁၇ခုနှစ်၊ ရေခွန်နှင့် တာတမံခွန် ဥပဒေပုဒ်မ ၄(ခ) အရ ကောက်ခံနေခြင်း ဖြစ်ပါကြောင်း။

 

အရက်ချက်စက်ရုံများအပေါ် အခွန်တိုးမြှင့်ကောက်ခံနိုင်ရေးနှင့် စပ်လျဉ်း၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အနေဖြင့် ဌာနမှ လိုင်စင်ခွင့်ပြုထားသော အရက်ချက် စက်ရုံများအတွက် လိုင်စင်ခွန်ကိုသာ ယစ်မျိုးခွန်အဖြစ် ကောက်ခံခြင်းဖြစ်ပြီး အရက်ထုတ်လုပ်မှု၊ တင်သွင်းမှု၊ ဖြန့်ဖြူးရောင်းချမှုအပေါ်တွင် ကောက်ခံသည့် အထူးကုန်စည် ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွင်ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ကောက်ခံခြင်းဖြစ်ပါကြောင်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အရက်ချက်စက်ရုံလိုင်စင် ၇၀ ကို ခွင့်ပြုထားပါကြောင်း၊ ထုတ်လုပ်မှု ဂါလံ ၅၀ မှ ၅၀၀ ထိ၊ ၅၀၀ အထက်မှ ၁၀၀၀ အထိနှင့် ၁၀၀၀ အထက်ဟူ၍ စက်ရုံအကြီး/ အလတ်/ အငယ်ခွဲခြား၍ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ ယစ်မျိုးခွန် ဥပဒေနှင့်အညီ ယစ်မျိုးခွန်နှုန်းထားများ သတ်မှတ်ကောက်ခံလျက် ရှိပါကြောင်း ပြောကြားသည်။

 

ယင်းကိစ္စနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့က ဆက်လက်ရှင်းလင်း ဆွေးနွေးကြသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီဝင် ဦးဘိုကြီးက အဆိုပါ အစီရင်ခံစာ (၁၁/၂၀၁၈) ကို လွှတ်တော်က သဘောတူ လက်ခံရန် အဆိုတင်သွင်းသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကက အဆိုပါ အစီရင်ခံစာ (၁၁/ ၂၀၁၈)ကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘော တူအတည်ပြုကြောင်း  နှင့် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၇ - ၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ် ဒုတိယ (၆)လပတ် အခွန်ကောက်ခံရရှိမှု အခြေအနေအစီရင်ခံစာကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော တောင်သူလယ်သမားအခွင့် အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင် သည့် ဥပဒေကြမ်း၏ အပိုဒ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဦးနေမျိုးထွန်း ကအဆိုတင်သွင်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြပြီး တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေးနဝမနေ့ကို ဒီဇင်ဘာ ၁၃ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်