နေပြည်တော် ၁၉ ဧပြီ
လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၂/၂၀၁၉)ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် က အစည်းအဝေးသို့ တက်ရောက်လာကြသူအားလုံး ၁၃၈၁ ခုနှစ် မြန်မာနှစ်သစ် အခါသမယမှာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း၊ ဒုတိယအကြိမ်လွှတ်တော် အသီးသီး၏ (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးများကို ၂၀၁၉ ခုနှစ်၊ ဧပြီ ၂၉ ရက်တွင် စတင်ကျင်းပ သွားမည်ဖြစ်ပါကြောင်း၊ ယင်းလွှတ်တော်အစည်းအဝေးများတွင် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို ဆွေးနွေး အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထို့အပြင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေးကိစ္စရပ်များ၊ လွှတ်တော်အသီးသီးတွင် ဆောင်ရွက်နေဆဲဖြစ်သည့် ဥပဒေကြမ်းနှင့် အခြားသောလွှတ်တော်ဆိုင်ရာ လုပ်ငန်းများကို ဦးစားပေးအလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများက သက်ဆိုင်ရာလုပ်ငန်းတာဝန်အလိုက် ဆွေးနွေးညှိနှိုင်းပြီးပေါင်းစပ် ဆောင်ရွက်ပါက ယခင်လွှတ်တော်အစည်းအဝေးများကဲ့သို့ အောင်မြင်စွာကျင်းပနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီအသီးသီးကို တာဝန်ယူထားကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက လုပ်ငန်းကော်မတီအလိုက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက ကလုပ်ငန်းကော်မတီများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ် အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ သက်ဆိုင်ရာ လုပ်ငန်းကော်မတီအတွင်းရေးမှူးများနှင့် လွှတ်တော်ရုံးအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)


