mdn

သတင်းဆောင်းပါး - ပါမောက္ခဒေါက်တာမောင်

 

နှာခေါင်းစည်းမတပ်သူများ

 

စာရေးသူ၏နေအိမ်သည် ရပ်ကွက်တွင်း ဈေးကလေး တစ်ခုနှင့်နီးသဖြင့် ဝရန်တာမှကြည့်လျှင် နေ့စဉ်ဈေးသွား ဈေးပြန်များကို မြင်နေရသည်။ လူတွေအကြားတွင် နှာခေါင်းစည်းတပ်သော အမူအကျင့်ကို စိတ်ဝင်စားသဖြင့် ဖြတ်သန်းသွားသူများတွင် နှာခေါင်းစည်းတပ်သူများ၊ မတပ်သူများနှင့် မေးစေ့ချိတ်သူများ အရေအတွက်ကို စောင့်ကြည့်ရေတွက်မိခဲ့သည်။

 

နံနက် ၉ နာရီမှ ၁၀ နာရီအထိ တစ်နာရီအတွင်း အမျိုးသား ၁၇၁ ဦးနှင့် အမျိုးသမီး ၁၇၄ ဦး စုစုပေါင်း ၃၄၅ ဦးတို့၏ အခြေအနေကို သတိပြုမိခဲ့သည်။

 

အမျိုးသားများ၏ ၅၆ ဒသမ ၁ ရာခိုင်နှုန်းသည် နှာခေါင်းစည်းတပ်ကြပြီး မတပ်သူများမှာ ၁၈ ဒသမ ၁ ရာခိုင်နှုန်းရှိသည်။ မေးစေ့ချိတ်သူများမှာ ၂၅ ဒသမ ၇ ရာခိုင်နှုန်းတွေ့ရသည်။ အမျိုးသမီးများတွင် နှာခေါင်းစည်း တပ်သူများမှာ ၆၆ ဒသမ၆ရာခိုင်နှုန်းရှိပြီးမတပ်သူများမှာ ၂၅ ဒသမ ၈ ရာခိုင်နှုန်းရှိကာ မေးစေ့ချိတ်သူများမှာ ၇ ဒသမ ၅ ရာခိုင်နှုန်းရှိနေသည်။

 

အဓိပ္ပာယ်မှာ တစ်နာရီအတွင်း ဖြတ်သန်းသွားလာ သူများတွင် အမျိုးသားများ၏ တစ်ဝက်နီးပါး (၄၃ ဒသမ ၈ ရာခိုင်နှုန်း) နှင့် အမျိုးသမီးများ၏သုံးပုံတစ်ပုံ(၃၃ ဒသမ ၃ ရာခိုင်နှုန်း) တို့သည် အကာအကွယ်မဲ့နေကြပြီး ကိုဗစ်၁၉ ကူးစက်ခံရနိုင်သူများ သို့မဟုတ် (ရောဂါရှိနေလျှင်) ကိုဗစ်-၁၉ ဖြန့်ဖြူးသူများဖြစ်နေကြသည်။

 

ထိုသူများသည်ကိုဗစ်-၁၉ရောဂါ မိမိထံရောက်မလာ နိုင်ဟူ၍လည်းကောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြီး ပြီးဆုံးသွားပြီဟူ၍လည်းကောင်း ထင်မှတ်ကောင်းထင် မှတ်နေပေလိမ့်မည်။

 

မပြီးသေးသော ကိုဗစ်-၁၉ ဇာတ်လမ်း

 

နောင် နှစ်ပေါင်းများစွာကြာသောတစ်နေ့တွင် ဤကမ္ဘာကြီးသည် တစ်ချိန်က ကိုဗစ်-၁၉ ဟုခေါ်သော ကပ်ရောဂါကြီးဖြစ်ခဲ့ဖူးသည်ဟု စာရေးသူတို့၏ မြေး၊ မြစ်၊ တီ၊ တွတ်တို့အတွက် ပြောစရာဇာတ်လမ်း တစ်ပုဒ်ဖြစ်လာ ခဲ့ပေမည်။

 

သို့သော် ယနေ့အချိန်တွင်မူ ကိုဗစ်-၁၉ ဇာတ်လမ်း သည် ပြီးဆုံးရန် အဝေးကြီးလိုသေးသည်။ ကမ္ဘာ -တစ်ဝန်းတွင် ဇာတ်ရှိန်တက်နေဆဲဖြစ်သည်။ မည်သည့် အချိန်တွင် မည်သို့ အဆုံးသတ်မည်ဆိုသည်ကိုပင် မှန်းဆ ဗ၍ မရသေးချေ။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဇူလိုင်လ ၂၈ ရက်နေ့ ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝန်းတွင် ကူးစက် ခံထားရသူပေါင်း ၁၆ သန်းကျော်ရှိနေပြီး သေဆုံးသူအရေအတွက်မှာ ခြောက်သိန်းကျော်နေပြီဖြစ်သည်။ ထိုကိန်းဂဏန်းများ သည်လည်း နေ့စဉ်တိုးပွားလျက်ရှိနေသည်။

 

အမေရိကန်နိုင်ငံ၏ ထိပ်တန်း ကူးစက်ရောဂါပညာ ရှင် Dr. Fauci က နေ့စဉ်ကူးစက်ခံရသူများ တိုးပွားလာနေ သဖြင့် အမေရိကန်နိုင်ငံ၏အခြေအနေမှာ ဆိုးရွားလာနေကြောင်း ဇူလိုင်လ ၆ ရက်နေ့က ထုတ်ဖော်ပြောကြား ခဲ့သည်။

 

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ကူးစက်မှုနှုန်း မြင့်တက်လာသဖြင့် ဗစ်တိုးရီးယားပြည်နယ် အဝင်၊ အထွက်ကို ဇူလိုင်လ ၇ ရက်နေ့မှစ၍ ပိတ်ဆို့ထားလိုက် သည်။ ပြည်နယ်အတွင်းရှိ ၆ ဒသမ ၆သန်းသော ပြည်သူ လူထု၏ အသွားအလာကို ရဲနှင့်စစ်တပ်က တင်းကျပ်စွာ စောင့်ကြပ်နေရသည်။

 

အိမ်နီးချင်းဖြစ်သော အိန္ဒိယနိုင်ငံတွင်လည်း နေ့စဉ် ရောဂါဖြစ်ပွားမှုနှုန်းမြင့်မားနေသည်။ ဇူလိုင်လ ၅ ရက်နေ့ တစ်ရက်တည်းတွင် ကူးစက်ခံရသူပေါင်း ၂၅၀၀၀ ရှိခဲ့ပြီး သေဆုံးသူပေါင်း ၆၁၃ ဦးရှိခဲ့သည်။ ဇူလိုင်လ ၂၉ ရက်နေ့ အထိရောဂါဖြစ်သူပေါင်း ၁၅သိန်းကျော်ရှိနေပြီး သေဆုံးသူ သုံးသောင်းကျော် ရှိနေပြီဖြစ်သည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဇူလိုင်လ ၂၉ ရက်နေ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကိုပေးပို့သော ကိန်းဂဏန်းအရ ရောဂါဖြစ်သူ နှစ်သိန်းနှစ်သောင်းကျော်ရှိနေပြီး သေဆုံးသူ သုံးထောင်ကျော် ရှိနေသည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှထုတ်ပြန်သော မြေပုံကို ကြည့်လျှင် မြန်မာနိုင်ငံပတ်ချာလည်တွင် ပွက်လောရိုက်နေ သော ကိုဗစ်-၁၉ အခြေအနေကို တွေ့မြင်နိုင်သည်။

 

ထင်မှတ်သည်ထက် ပိုမိုဆိုးရွားသော ကိုဗစ်-၁၉ ဗိုင်းရပ်စ်

 

မူလက ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကို တုပ်ကွေးရောဂါပိုး တစ်မျိုးဟုသာ ထင်မှတ်ခဲ့ကြသည်။

 

သို့ရာတွင် ရာသီအလိုက်ဖြစ်ပေါ်သော တုပ်ကွေး ရောဂါပိုးကဲ့သို့ အဆုတ်နှင့် အသက်ရှူလမ်းကြောင်းကိုသာ ထိခိုက်ပြီး တစ်ပတ်ဆယ်ရက်အကြာတွင် ပျောက်ကင်း သွားသော ဗိုင်းရပ်စ်မျိုးမဟုတ်ကြောင်း ယနေ့တွေ့ရှိလာ ကြသည်။

 

ကိုဗစ်-၁၉ ဗိုင်းရပ်စ်သည် ဦးခေါင်းမှစ ခြေဖျားအဆုံး တစ်ကိုယ်လုံး ဖျက်ဆီးနိုင်စွမ်းရှိကြောင်း သိလာကြသည်။ လေဖြတ်ခြင်း၊ သတိလစ်ခြင်း၊ အနံ့နှင့်အရသာ ခံစားမှု ပျက်စီးစေခြင်းတို့အပြင် နှလုံး၊ ကျောက်ကပ်၊ အသည်း၊ သရက်ရွက်တို့ကိုပါ ဖျက်ဆီးသောဗိုင်းရပ်စ်ဖြစ်ကြောင်း နှလုံးအထူးကုပါရဂူဖြစ်သော Dr.Sadiya Khan, North western Medicine Chicago ၏  မှတ်တမ်းတွင် ဖော်ပြထားသည်။

 

ကိုဗစ်-၁၉ ဗိုင်းရပ်စ်သည် ခန္ဓာကိုယ်အတွင်းတွင် ပုန်းအောင်းငုပ်လျှိုး နေနိုင်စွမ်းရှိသော ဗိုင်းရပ်စ်လည်း ဖြစ်သည်။ အပျော်စီးသင်္ဘောပေါ်မှ ကူးစက်ခံခဲ့ရသော သြစတြေးလျနိုင်ငံသူတစ်ဦးသည် ဆေးကုသမှုခံယူအပြီး ပိုးကင်းစင်ပြီးမှ သုံးပတ်အကြာတွင် ပိုးထပ်မံတွေ့ရသဖြင့် ဒုတိယအကြိမ် ကုသမှုခံယူရပြန်သည်။

 

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ Dr.Helen Salisbury သည် ရောဂါလက္ခဏာများကင်းစင်၍ ပိုးမတွေ့တော့သော လူနာ ၁၀ ဦးတွင် တစ်ဦးမှာ ပုံမှန်ကျန်းမာရေးကို ပြန်လည် မရရှိတော့ကြောင်း BMJ ဂျာနယ်တွင် တင်ပြခဲ့သည်။ ဆေးရုံမှဆင်းပြီးနောက် ခေါင်းမူးခြင်း၊ နုံးခွေခြင်း၊ မောပန်းခြင်း၊ အသက်ရှူမဝခြင်း၊ အာရုံစူးစိုက်မှုမလုပ်နိုင် ခြင်း၊ ကြွက်သားများ ကိုက်ခဲခြင်းတို့ဆက်လက်ဖြစ်ပေါ်နေ ကြောင်း ဖော်ပြခဲ့သည်။

 

ထိုတွေ့ရှိချက်များအားလုံးသည် ကိုဗစ်-၁၉ ဗိုင်းရပ်စ် သည် သာမန်တုပ်ကွေးရောဂါပိုးမဟုတ်ဘဲ ဆိုးရွားစွာ ဒုက္ခပေးနိုင်စွမ်းရှိသော ဗိုင်းရပ်စ်မျိုးဖြစ်ကြောင်း ဖော်ပြနေ သည်။

 

ထိုထက်ပို၍ဆိုးရွားသည်မှာ ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်းဖြစ်သည်။

 

ဒုတိယလှိုင်း

 

ကိုဗစ်-၁၉ ဗိုင်းရပ်စ်သည် လူတစ်ဦး၏ကိုယ်ခန္ဓာ အတွင်းတွင် ပုန်းအောင်းငုပ်လျှိုးနေနိုင်သကဲ့သို့ လူထု တစ်ရပ်အတွင်းတွင်လည်း ပုန်းအောင်းငုပ်လျှိုးနေနိုင်သော ဗိုင်းရပ်စ်ဖြစ်သည်။ အခွင့်သာသောအချိန်၊ သတိလက်လွတ် သောအချိန်တွင် ပြန်လည်ထကြွလာနိုင်စွမ်းရှိသည်။

 

ကူးစက်ခံရသူ အသစ်တွေ့ရှိသဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို ကျော်လွှားနိုင်ပြီဟုယူဆ၍ ကန့်သတ်မှုများ ကို ဖြေလျှော့ပေးလိုက်သောအချိန်၊ လူအများ သတိ လက်လွတ်ပေါ့လျော့သွားသောအချိန်သည် ဒုတိယလှိုင်း စတင်လာနိုင်သော အချိန်ဖြစ်သည်။

 

ထိုကဲ့သို့ ဒုတိယလှိုင်းကို ယနေ့အချိန် ဂျပန်၊ ကိုရီး ယား၊ ဂျာမနီနှင့် အီရန်နိုင်ငံတို့တွင် ကြုံတွေ့နေကြရသည်။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင်လည်း လတ်တလော ပြန်လည်များလာသော လူနာများနှင့် ရင်ဆိုင်နေရ သည်။ ထိုနိုင်ငံများတွင်ဖြေလျှော့ပေးလိုက်သောကန့်သတ်ပိတ်ပင် မှုများကို ပြန်လည်လုပ်ဆောင် နေကြရသည်။

 

၁၉၁၈ ခုနှစ် မတ်လတွင်ဖြစ်ပေါ်ခဲ့သော စပိန် တုပ်ကွေးခေါ်ကတုပ်ကွေးကပ်ရောဂါသည်လည်းခြောက်လ အကြာတွင် ဒုတိယလှိုင်းအသွင်ဖြင့် ထပ်မံပေါ်ပေါက် လာခဲ့ဖူးသည်။ ထိုဒုတိယလှိုင်းသည် ပထမအကြိမ်ထက် များစွာပိုမိုပြင်းထန်ခဲ့သည်။ အမေရိကန်တစ်နိုင်ငံတည်းတွင် အောက်တိုဘာလအတွင်း လူပေါင်းနှစ်သိန်းနီးပါး သေဆုံး ခဲ့ရသည်။ ထို့အတူ ၂၀၀၉-၂၀၁၀ ခုနှစ်တွင် ဖြစ်ပွားခဲ့သော H1 N1 တုပ်ကွေးဒုတိယလှိုင်းသည်လည်း ပထမအကြိမ်ထက် ပိုမိုဆိုးရွားခဲ့သည်။

 

စာရေးသူတို့နိုင်ငံသည် မှန်ကန်သောဦးဆောင်မှု၊ ထိ ရောက်သောအကောင်အထည်ဖော်မှုနှင့် ပြည်သူလူထု၏  ပူးပေါင်းကူညီမှုတို့ကြောင့် ဆိုးရွားသော အခြေအနေ မရောက်အောင် ထိန်းချုပ်ထားနိုင်ခဲ့သည်။ သို့ရာတွင် ဗိုင်းရပ်စ်သည်လည်းရှိနေ၊ ကူးစက်ခံရမည့်သူများလည်း ရှိနေ၊ ကူးစက်နိုင်သည့် အခြေအနေလည်းရှိနေလျှင် အချိန်မရွေး ပြန်လည်ခေါင်းထောင်ထကြွလာနိုင်သည်။ တောအုပ်ကြီးတစ်ခုလုံးကို လောင်ကျွမ်းပြာကျ သွားစေရန် မီးစ တစ်စ၊ မီးပွားတစ်စက်သာလိုအပ်ကြောင်း သတိပြုကြရမည် ဖြစ်သည်။

 

စာရေးသူတို့အားလုံး၏တာဝန်မှာ ထိုကပ်ရောဂါ ဆိုးကြီး ခေါင်းထောင်ထကြွမလာရန်လူတိုင်း အသိကိုယ်စီ သတိကိုယ်စီ ထားကြရန်ဖြစ်သည်။

 

အသိတရားနှင့်သတိတရား

 

 စာရေးသူတို့အားလုံးသည် လိုအင်ဆန္ဒနှင့် လက်တွေ့ ဘဝတို့ လွန်ဆွဲအားပြိုင်လာလျှင်လိုအင်ဆန္ဒကို အနိုင်ပေးလေ့ရှိကြသည်။ လက်တွေ့ဘဝအရ အိမ်တွင်း တွင် နေရန်ဖြစ်သော်လည်း အပေါင်းအသင်းများနှင့် စားသောက်ဆိုင်တွင် ဆုံတွေ့ လိုသောဆန္ဒက အနိုင် ရသွားလေ့ရှိသည်။

 

ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်းအားလုံး၏ အခြေခံ အကြောင်းတရားမှာ စာရေးသူတို့အား ဆွဲဆောင်နေသော အာရုံများကြောင့်ဖြစ်သည်။ သို့သော် ထိုအာရုံများ ဆွဲဆောင်ရာသို့ လိုက်ပါမသွားရန် ခုခံတွန်းလှန်နိုင်သော နည်းလမ်းသည် ကံကောင်းထောက်မသဖြင့် စာရေးသူတို့ အားလုံးတွင် ရှိနေသည်။ ထိုနည်းလမ်းမှာ သတိတရားဖြစ် သည်။

 

သတိတရားကို လေ့ကျင့်နိုင်သောသတိပဋ္ဌာန်တရား တော်ကြီးသည် စာရေးသူတို့ အားလုံးနှင့် ရင်းနှီးပြီးသား ဖြစ်သည်။ ဗုဒ္ဓမြတ်စွာသည် ၄၅ ဝါ ကာလပတ်လုံး သတိတရားကို အလေးထား ဟောကြားခဲ့ရုံမျှမက ပရိနိဗ္ဗာန် ပြုမည့်အချိန်တွင် နောက်ဆုံးမှာကြားတော်မူခဲ့သော တရားတော်လည်းဖြစ်သည်။

 

သတိတရားသည် အသိတရားနှင့် ဒွန်တွဲလျက်ရှိ သည်။ သတိတရားသည် အသိတရားကို ဖြစ်ပေါ်စေပြီး အသိတရားကြောင့် သတိတရားလည်း ဖြစ်ပေါ်လာသည်။ အသိတရားသည် လေ့လာဆည်းပူးယူရမည့် အရာဖြစ်ပြီး သတိတရားသည် လေ့ကျင့်ထူထောင်ယူရမည့် အရာ ဖြစ်သည်။

 

ယခုအချိန်တွင် အရေးတကြီးလိုအပ်နေသည်မှာ ကိုဗစ်-၁၉ ဆိုင်ရာ အသိတရားနှင့် ကိုဗစ်-၁၉ ဆိုင်ရာ သတိတရားတို့ ဖြစ်သည်။ ကိုဗစ်-၁၉ ဆိုင်ရာ အသိတရား ရရှိရန် မပြတ်လေ့လာနေရန်လိုအပ်ပြီး ကိုဗစ်-၁၉ ဆိုင်ရာ သတိတရား ဖြစ်ပေါ်စေရန် မပြတ်လေ့ကျင့်ထူထောင် နေရမည်ဖြစ်သည်။

 

ကိုဗစ်-၁၉ ကပ်ရောဂါကြီးသည် စာရေးသူတို့၏ နေ့စဉ်ဘဝလူနေမှုပုံစံကို များစွာပြောင်းလဲစေခဲ့ပြီဖြစ် သည်။ အသိတရားနှင့်သတိတရားကို ဖြစ်ပေါ်စေသော နေ့စဉ်လူနေမှု ပုံစံသစ်တစ်ခုအဖြစ် တစ်ဦးနှင့်တစ်ဦး တွေ့လျှင် နှုတ်ဆက်နေကျ ပဋိသန္ဓာရ စကားဖြစ်သော မင်္ဂလာပါ” “ကျန်းမာပါရဲ့ လားတို့အပြင် ယနေ့ ကိုဗစ်၁၉ အခြေအနေ ဘယ်လိုပါလဲကိုပါ ထည့်သွင်းပြောကြား သင့်သည်ဟု ထင်မြင်မိပါသည်။

 

ဤတွင် အမြဲမပြတ် သတိတရပြုလုပ်နေရမည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ နှိုးဆော်ချက် များအတိုင်း တတ်နိုင်သမျှ လူစုလူဝေးကိုရှောင်ကြဉ်၍ အိမ်တွင်း၌သာနေထိုင်ရန်၊ အပြင်ထွက်တိုင်းပါးစပ်နှင့် နှာခေါင်းစည်းကို မဖြစ်မနေတပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန်နှင့် လက်ကိုမကြာခဏ စနစ်တကျ ဆေးကြောခြင်းတို့ကို လိုက်နာဆောင်ရွက်ကြရမည် ဖြစ်သည်။

 

သို့ပါ၍ မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုကို ဆက်လက်ထိန်းချုပ်ထားနိုင်ပြီး ဒုတိယလှိုင်း ဖြစ်ပေါ်မလာရန် လူတိုင်းအသိတရားနှင့်သတိတရားတို့ကို ကိုယ်စီလက်ကိုင်ထားကြရန် အရေးကြီးပါကြောင်း ရေးသားလိုက်ရပါသည်။ ။