နေပြည်တော် ၁၈ ဧပြီ
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး ဒေါက်တာရွှေလွှမ်းတို့သည် မြန်မာနိုင်ငံသို့ အလွတ်သဘောခရီး ရောက်ရှိလည်ပတ်လျက်ရှိသော ဆေးရှဲလ်နိုင်ငံ ဒုတိယသမ္မတ H.E. Mr. Vincent Meriton နှင့်ဇနီး Mrs. Daniella Hoareau ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
ညစာစားပွဲသို့ တက်ရောက်လာကြသည့် ဆေးရှဲလ်နိုင်ငံ ဒုတိယသမ္မတနှင့်ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ဇနီး ဒေါက်တာရွှေလွှမ်းတို့က ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်သည်။
ယင်းနောက် ဒုတိယသမ္မတနှင့်ဇနီးတို့သည် ဧည့်သည်တော် ဆေးရှဲလ်နိုင်ငံ ဒုတိယသမ္မတနှင့်ဇနီးတို့နှင့်အတူ ညစာအတူတကွ သုံးဆောင်ကြသည်။
ညစာစားပွဲသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့်ဇနီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)


