မန္တလေး ၉ ဖေဖော်ဝါရီ 

    
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဦးဆောင်ကျင်းပသည့် မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆွေးနွေးပွဲ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ အထွေထွေညီလာခံနှင့် နှစ်ပတ်လည်အထွေထွေ အစည်းအဝေးများ၏  ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်  ၉ နာရီတွင် မန္တလေးမြို့ရှိ မန္တလေးကွန်ဗင်းရှင်းစင်တာ၌ ကျင်းပရာ  တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့၏ အဖွဲ့ခေါင်းဆောင် 


ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။


အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် ဒေါက်တာသန်းမြင့်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနှင့်  အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာ ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊  မန္တလေးတိုင်း ကုန်သည်စက်မှုအသင်း ကိုယ်စားလှယ်များ၊ International Finance Corporation IFC  ကိုယ်စားလှယ်များ၊ NGO နှင့် INGO များ၊ တောင်သူလယ်သမားများ၊ ဆန်စက်ပိုင်များ၊ ဆန်ကုန်သည်ကြီးများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
    

ရှေးဦးစွာ မြန်မာ့ဆန်စပါးသမိုင်း Video Clip ကိုဖွင့်လှစ်ပြသသည်။


အခမ်းအနားတွင် ဒုတိယသမ္မတက ယမန်နှစ် ကနေပြည်တော်တွင် ကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်ခဲ့ပြီး ဆန်စပါးသီးနှံ အခြေခံဈေးနှုန်း Floor Price ကိုတောင်သူများ၏ အကျိုးစီးပွားအလို့ငှာ ထုတ်ပြန်ကြေညာ ပေးနိုင်ခဲ့ပါကြောင်း၊ ထိုသို့ ကြေညာပေးနိုင်ခဲ့သည့်အတွက် တောင်သူလယ်သမားများသည် ဈေးနှိမ်ခံရမှုများမှ ကင်းဝေးခဲ့ပါကြောင်း၊ အခြေခံဈေးနှုန်းကိစ္စတွင် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် အသင်းဝင်များကို ကျေးဇူးတင်ရှိပါကြောင်း၊ အဆိုပါလုပ်ငန်းစဉ် အောင်မြင်မှုကို အခြေတည်၍ ပိုမိုကောင်းမွန်သည့်စနစ်တစ်ခု တည်ဆောက်သွားနိုင်ရန် “ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းလေ့လာ သုံးသပ်ရေးလုပ်ငန်းအဖွဲ့” ဦးဆောင်အဖွဲ့ကို တာဝန်ခံဖွဲ့စည်းပြီး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားရန် ရှိပါကြောင်း၊ အခြေခံဈေးဆိုသည်မှာ တောင်သူများ သီးနှံပေါ်ချိန်တွင် ထိုက်သင့်သည့်ဈေးနှုန်း ရရှိရန်နှင့် ဈေးနှိမ်မခံရစေရန် ကြိုတင်ကြေညာ ထုတ်ပြန်ထားသည့် ဈေးနှုန်းဖြစ်၍ တောင်သူများအတွက် စိုက်ပျိုးထုတ်လုပ်မှုကို ယုံကြည်မှုရှိရှိဖြင့် အာရုံစိုက်လုပ်နိုင်စေနိုင်မည် ဖြစ်ပါကြောင်း၊ နှစ်စဉ်စနစ်တကျ တွက်ချက်၍ စိုက်ပျိုးရာသီချိန်မတိုင်မီ ထုတ်ပြန်ကြေညာ ပေးနိုင်မည်ဆိုလျှင် အခြေခံကျသည့် တောင်သူလယ်သမားများအတွက် ကြီးမားသည့် အထောက်အပံ့ ဖြစ်စေမည်ဖြစ်ပါကြောင်း။    
    

တောင်သူလယ်သမားများ၏ အဓိကကျသည့် အခြေခံလိုအပ်ချက်များနှင့် လုပ်ငန်းစဉ်များကို နိုင်ငံတော်အစိုးရအနေဖြင့် ပံ့ပိုးထောက်ပံ့ကူညီ ဆောင်ရွက်ပေးနေသကဲ့သို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကဲ့သို့သော ပုဂ္ဂလိကအသင်းအဖွဲ့များ၊ NGO, INGO များကလည်း နိုင်ငံတော်အစိုးရနှင့်ပူးပေါင်း၍ အကျိုးပြု လုပ်ဆောင်ပေးနေကြသည်ကို တွေ့မြင်ရပါကြောင်း၊ တောင်သူလယ်သမားများအတွက် အကျိုးရှိနိုင်စေမည့် အကျိုးတူ ကန်ထရိုက်လယ်ယာစနစ် Contract Farming ကို တောင်သူများ၊ ကုမ္ပဏီအဖွဲ့အစည်းများနှင့် လုပ်ငန်းရှင်များစနစ်တကျ ယုံကြည်မှုရှိရှိ ပူးပေါင်းလုပ်ဆောင်ကြရန် အရေးကြီးပါကြောင်း။ 
    

စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ၏ တတိယမဏ္ဍိုင်ဖြစ်သည့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိမှု၏ ထပ်ဆင့်ရလဒ်သည် တန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းပါဝင်သော PPP ဖြစ်ထွန်းရေး အားပေးကူညီရန် ပါဝင်ပြီးဖြစ်ပါကြောင်း၊ ကန်ထရိုက်လယ်ယာ အကောင်အထည်ဖော်ရေး၊ ကန်ထရိုက်လယ်ယာနှင့် ပတ်သက်သောပုံစံများ၊ သင်ခန်းစာများ၊ လမ်းညွှန်ချက်များ ဖော်ထုတ်ရေးနှင့် စံသတ်မှတ်ထားသော လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အကောင်အထည်ဖော်ရန် ထည့်သွင်းရေးဆွဲထားပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် လယ်ယာကဏ္ဍဆိုင်ရာ အသင်းအဖွဲ့များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များတွေ့ဆုံ၍ Contract Farming ကို သုံးသပ်ဆွေးနွေးခြင်းနှင့် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရေးအတွက် လမ်းညွှန်ချက် Guideline များ ထုတ်ပြန်ခြင်း၊ လွယ်ကူရိုးရှင်းပြီး စနစ်ကျသည့် Standard Operation Procedures များ ထုတ်ပြန်ခြင်းတို့ကို အမြန်ဆုံးဆောင်ရွက်ရန် တိုက်တွန်းလိုပါကြောင်း။
    

နိုင်ငံ၏စီးပွားရေးကဏ္ဍတွင် ဆန်စပါးလုပ်ငန်းသည် အထူးအရေးပါသည့် စီးပွားရေး လုပ်ငန်းတစ်ရပ်ပြီး  ပြည်ပတင်ပို့မှုအနေဖြင့် နှစ်စဉ် ကျပ် ဘီလီယံ ၁၀ဝဝ ကျော် ဝင်ငွေရှာဖွေပေးနိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊
    

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၃ ဒသမ ၅ သန်း ပြည်ပတင်ပို့ ရောင်းချနိုင်ခဲ့သည်ဖြစ်၍ နှစ်ပေါင်း(၇၃)နှစ်အတွင်း အများဆုံးစံချိန်တင် တင်ပို့ရောင်းချ နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊  G to G ညှိနှိုင်းပေးမှုများနှင့် ကိုတာ(Quota) ရရှိရေးကိစ္စရပ်များကို ပိုမိုမြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာဈေးကွက်တွင် အရည်အသွေးအရရော ဈေးနှုန်းအရပါ ယှဉ်ပြိုင်နိုင်ရန် စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်ကြစေလိုပါကြောင်း၊ နိုင်ငံတကာဈေးကွက်တွင် ရေရှည်ရပ်တည်နိုင်ရန် အရည်အသွေး ထိန်းသိမ်းထားနိုင်မှု၊ food safety ပိုင်းဆိုင်ရာ ဂရုစိုက်ဆောင်ရွက်မှု၊ ထုတ်လုပ်သန့်စင်မှုနှင့် ထုပ်ပိုးမှုအပိုင်းတွင် ခေတ်မီဆန်းသစ်မှုများ လိုအပ်မည်ဖြစ်၍ လေ့လာကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းလိုပါကြောင်း။
    

တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တစ်ဧကစိုက်ပျိုးစရိတ်ချေးငွေ ကျပ်(၁)သိန်းမှ ကျပ်(၁)သိန်းခွဲအထိ ၂၀၁၆ ခုနှစ်ကတည်းကပင် တိုးမြှင့်ပေးနိုင်ခဲ့ခြင်း၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်သို့ ပြောင်းရွှေ့ဖွဲ့စည်း ဆောင်ရွက်ခြင်း၊ နိုင်ငံပိုင်ဘဏ်များဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်များမှ တောင်သူများ အပါအဝင် အသေးစားနှင့် အလတ်စား လယ်ယာစီးပွားရေး လုပ်ငန်းများအတွက် JICA နှင့် ပူးပေါင်းဆောင်ရွက်သည့် Two Step Loan အပြင် နိုင်ငံပိုင်ဘဏ်များ အစီအစဉ်ဖြင့် ချေးငွေများကို ယခင်ကာလများထက် ပိုမိုထုတ်ချေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အာမခံလုပ်ငန်းများတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာနိုင်စေရန် မူဝါဒပိုင်းဆိုင်ရာ ဖြေလျော့မှုများ လုပ်ဆောင်ပေးခဲ့ပြီး လယ်ယာကဏ္ဍအတွက် သီးနှံအာမခံစနစ်များကို ရှေ့ပြေးအဖြစ် ကျင့်သုံးနိုင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊ မြန်မာ့အာမခံလုပ်ငန်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်း၍ ရာသီဥတုအခြေခံ အာမခံစနစ်ကိုစတင် ဝန်ဆောင်မှုပေးနိုင်ရန် လုပ်ဆောင်နေပြီဖြစ်ပါကြောင်း။
    

နိုင်ငံတော်အစိုးရအနေဖြင့် လယ်ယာမြေအသုံးချမှု ကိစ္စများကို စနစ်တကျစီမံ ဆောင်ရွက်လျက်ရှိပြီး မြေလွတ်၊ မြေလပ်၊ မြေရိုင်းများတွင် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်လိုသူများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ လယ်ယာမြေဥပဒေများ၊ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေများကိုလည်း ခေတ်ကာလအခြေအနေနှင့် ဆီလျော်အောင် ပြုပြင်ထားပြီး လုပ်ထုံးလုပ်နည်းအပိုင်းတွင်လည်း ပိုမိုကောင်းမွန်အောင် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့်လည်း ဆန်စပါးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပုဂ္ဂလိကနှင့်အစိုးရ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဥပဒေပညာရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းတိုင်ပင်၍ မြန်မာ့ဆန်စပါးဥပဒေ ရေးဆွဲဆောင်ရွက်လျက်ရှိနေသည်ကို သိရှိရပါကြောင်း။


ဆန်စပါးလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ဆက်လက်ဆောင်ရွက်ရန် လိုအပ်နေသည့် SME ချေးငွေများရရှိရေး၊ သိုလှောင်ရုံများနှင့် အခြောက်ခံစက်များ၊ ခေတ်မီဆန်စက်များ၊ တည်ထောင်ရင်းနှီးမြှုပ်နှံမည့် ကိစ္စရပ်၊ ဒေသအသီးသီးမှာ တောင်သူများကို ဝန်ဆောင်မှုပေးမည့် လယ်ယာစီးပွားရေး ဝန်ဆောင်မှုစင်တာ (Agro Service Center)များ လုပ်ဆောင်ရေး စသည့် လုပ်ငန်းများကို စနစ်တကျ လျင်လျင်မြန်မြန် သုံးသပ်၍ ပုဂ္ဂလိကနှင့် အစိုးရပူးပေါင်းညှိနှိုင်း၍ အမြန်ဆုံးဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့်လည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အားပေးကူညီဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တန်ဖိုးမြှင့်တင်သည့် value-added လုပ်ငန်းများတွင်  ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်လာရန်ဖြစ်ပါကြောင်း။ ဆန်စပါးလုပ်ငန်း၏ ဘေးထွက်ပစ္စည်းဖြစ်သော စပါးခွံများကို အလေအလွင့်မရှိစေဘဲ စပါးခွံလောင်စာတောင့် ပြုလုပ်ခြင်း၊ စပါးခွံမှ လျှပ်စစ်ဓါတ်အား ထုတ်လုပ်သည့် (Waste to Energy)အဖြစ် ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်၏ လျှပ်စစ်လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးခြင်း၊ စွန့်ပစ်ရခက်သည့် စပါးခွံပြဿနာကို ဖြေရှင်းပေးခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ အလားတူကိစ္စရပ်များဖြစ်သည့် လယ်ယာကဏ္ဍ ဘေးထွက်ပစ္စည်း၊ စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးချနိုင်ရေးအတွက် တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရန် Action Plan တစ်ခု ရေးဆွဲတင်ပြနိုင်ရေးအတွက် အစိုးရဌာနများနှင့်  ပညာရှင်များ ပူးပေါင်းဆောင်ရွက်သွားရေးနှင့် အဆိုပါလုပ်ငန်းများတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရေးတို့ကို  ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း။
     

နိုင်ငံတော်အစိုးရအနေဖြင့် ရေရှည်တည်တံ့ပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးမှုစီမံကိန်း (MSDP)ကို ရေးဆွဲပြဋ္ဌာန်းပြီး ဘက်စုံကဏ္ဍစုံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းလုပ်ဆောင်လျက် ရှိပါကြောင်း၊ MSDP မဏ္ဍိုင်ကြီး (၃)ရပ်အနက် လူသားများနှင့် ကမ္ဘာမြေ ဖွံ့ဖြိုးတိုးတက်စေရေး မဏ္ဍိုင်သည် စားနပ်ရိက္ခာထုတ်လုပ်နေသည့် ဆန်စပါးအပါ အဝင်လယ်ယာလုပ်ငန်းများနှင့် သက်ဆိုင်ပါကြောင်း၊ အနာဂါတ်ကာလကို ရှေ့ရှုဆောင်ရွက်ရမည်ဖြစ်၍ လူငယ်လူရွယ်မျိုးဆက်သစ်များ၏ ပါဝင်ဆောင်ရွက်မှုကို မဖြစ်မနေ ဖော်ဆောင်ပေးကြရမည် ဖြစ်ပါကြောင်း၊  အတွေ့အကြုံများ သင်ခန်းစာများကို လူငယ်များ၏ စွမ်းရည်၊ ခေတ်အမြင်၊ အယူအဆနှင့် ဆန်းသစ်တီထွင်မှုတို့ဖြင့် ပေါင်းစပ်လုပ်ကိုင်နိုင်ရန် လမ်းဖွင့်ပေးကြရမည် ဖြစ်ပါကြောင်း၊ သို့မှသာ ဖွံ့ဖြိုးမှုသည် ရေရှည်တည်တံ့ ခိုင်မြဲမည်ဖြစ်ပါကြောင်း။ 
    

လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးလာစေရေး ကြိုးပမ်းဆောင်ရွက်ကြသည့်အခါ တစ်ဦးကောင်း၊ တစ်ယောက်ကောင်း၊ တစ်ဖွဲ့ကောင်းဖြင့် ဆောင်ရွက်၍မရနိုင်ပါကြောင်း၊ တောင်သူလယ်သမားများ အနေဖြင့်လည်း အထွက်နှုန်းများ တိုးတက်ရေးနှင့် ဝင်ငွေတိုးတက်ရေး နည်းလမ်းများကိုစနစ်တကျ လိုက်နာဆောင်ရွက်ကြရန် လိုအပ်သကဲ့သို့ အစိုးရအဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းများ အနေဖြင့်လည်း ပြည်သူ့ဝန်ထမ်း (Quality Service) စိတ်ဓါတ်ဖြင့် တာဝန်သိသိ ကူညီဆောင်ရွက် ပေးကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့အနာဂတ်အတွက်၊ မျိုးဆက်သစ်ပြည်သူများ အားလုံးအတွက် ခိုင်မာတည်တံ့သော ဆန်စပါးလုပ်ငန်းကြီး ထူထောင်တည်ဆောက်နိုင်ပါစေဟု ဆုတောင်းမေတ္တာ ပို့သအပ်ပါကြောင်း ပြောကြားသည်။
    

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့က မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။ 
    

ယင်းနောက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က ကျေးဇူးတင်စကား ပြောကြားသည်။

 

123


    

ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပြခန်းများကို လှည့်လည်ကြည့်ရှုသည်။
    

ဆက်လက်၍ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ တာဝန်ရှိသူများနှင့်အတူ မော်တော်ယာဉ်များဖြင့် မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်ရှိ မန္တလေး-မြို့သာစက်မှုဥယျာဉ်မြို့တော် စီမံကိန်း ယာယီရှင်းလင်းဆောင်သို့ ရောက်ရှိရာ တာဝန်ရှိသူများက မြို့သာစက်မှု ဥယျာဉ်မြို့တော် စီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။ 

 

123


    

ယင်းနောက် ဒုတိယသမ္မတသည် စက်မှုဥယျာဉ်မြို့တော်အတွင်းရှိ Long Year Shoe Factory သို့ရောက်ရှိပြီး စက်ရုံအတွင်းလှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
    

ထို့နောက် ဒုတိယသမ္မတသည် မန္တလေး - မြို့သာ စက်မှုဥယျာဉ်မြို့တော် စီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ  မန္တလေး-မြို့သာ စက်မှုဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်နှင့် မန်းနေးဂျင်းဒါရိုက်တာ ဒေါက်တာ ထွန်းထွန်းအောင်တို့က မြို့သာစက်မှု ဥယျာဉ်မြို့တော်စီမံကိန်း၊ ဆီမီးခုံ(ဧရာဝတီ) ဆိပ်ကမ်းနှင့် နိုင်ငံတကာအဆင့်မီ ဂေါက်ကွင်းတို့နှင့် စပ်လျဉ်းသည့် ဆောင်ရွက်ပြီးစီးမှုများ၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။
    

ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက အဆိုပါစီမံကိန်းသည် ဒေသအကျိုး၊ နိုင်ငံအကျိုး ဖြစ်ထွန်းစေမည့် စီမံကိန်းတစ်ခုဖြစ်သကဲ့သို့ မြန်မာနိုင်ငံ အလယ်ပိုင်းတွင် စံပြစက်မှုစီမံကိန်းတစ်ခုအဖြစ် စံနမူနာပြုရသည်အထိ အောင်မြင်အောင် စနစ်တကျ စီမံဆောင်ရွက် သွားကြစေလိုပါကြောင်း၊ စီမံကိန်းပြီးစီးပါက ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးလာနိုင်မည် ဖြစ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုလည်း စီမံဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ စီမံကိန်းအတွင်းရှိ စက်ရုံများ၏ ရေဆိုးများနှင့် စွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်နိုင်ရေး ကြပ်မတ်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ စီမံကိန်းကို Green City မြို့တော်ဖြစ်ရန် နှစ်ရှည်ပင်များနှင့် နှစ်တိုပင်များကို ပိုမိုတိုးမြှင့် စိုက်ပျိုးသွားကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
    

ယင်းနောက် ဒုတိယသမ္မတသည် မန္တလေး - မြို့သာ စက်မှုဥယျာဉ်မြို့တော် ဧည့်သည်တော်မှတ်တမ်း၌ လက်မှတ်ရေးထိုးသည်။

 

123


    

ထို့နောက် ဒုတိယသမ္မတသည် မော်တော်ယာဉ်ဖြင့် စီမံကိန်းအတွင်းရှိ Myotha National Golf Course သို့ရောက်ရှိကာ စီမံကိန်းပုံစံငယ်ကိုကြည့်ရှုပြီး Myotha National Golf Course အတွင်း လှည့်လည်ကြည့်ရှုသည်။

 

123


    

မန္တလေး-မြို့သာ စက်မှုဥယျာဉ်မြို့တော် စီမံကိန်းကို ဖွံ့ဖြိုးတိုးတက်သော စက်မှုဥယျာဉ်နှင့် နိုင်ငံတကာအဆင့်မီ သဘောဆိပ်ကမ်း ဖြစ်ပေါ်လာရေး၊ ကျန်းမာစွာနေထိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့် လူနေမှုအဆင့်အတန်းများ မြင့်မားလာစေရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများအတွက် ပတ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်ပေါ်လာစေရေးတို့ကို ရည်ရွယ်တည်ဆောက်ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ဒေသတွင်း ဆင်းရဲနွမ်းပါးမှုလျော့ကျ၍ လူမှုစီးပွားဘဝတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွက်လာရေးနှင့် ပြည်တွင်း ပြည်ပ ရင်းနှီးမြှပ်နှံသူများအတွက် ဝန်ဆောင်မှုပြည့်ဝသော စီးပွားရေး ပတ်ဝန်းကျင် ဖော်ထုတ်ရေးတို့ကို မျှော်မှန်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါစီမံကိန်းသည် မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်း တည်ရှိပြီး မြေဧက (၁၁၄၀၃) ဧကကျယ်ဝန်းကြောင်း၊ စီမံကိန်းကို ၂၀၁၃ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၄၊ ၂၀၁၅ ခုနှစ်များတွင် လိုအပ်သည့် စီမံကိန်းဆိုင်ရာ အဆောက်အအုံများ ဆောက်လုပ်ပြီးစီးခဲ့ကြောင်း၊ အဆိုပါစီမံကိန်းကို အဆင့် ၅ ဆင့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး Phase 1 - ၂၅၀ဝ ဧကကို ၂၀၁၃ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိလည်းကောင်း၊ Phase 2, 3, 4 - ၄၅၀ဝ ဧကကို ၂၀၂၀ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိလည်းကောင်း၊ Phase 5 - ၃၅၀ဝ ဧကကို ၂၀၂၅ ခုနှစ်မှ ၂၀၂၈ ခုနှစ် အထိလည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် တည်ဆောက်ပြီး စက်ရုံ ၈ ရုံ၊ တည်ဆောက်ဆဲစက်ရုံ ၁၃ ရုံဖြင့် အလုပ်အကိုင်အခွင့်အလမ်း ၃၀ဝ၀ ကျော် ဖန်တီပေးနိုင်ခဲ့ပြီး စီမံကိန်းတစ်ခုလုံးပြီးစီးပါက အလုပ်အကိုင်အခွင့်အလမ်း ၂ သိန်းမှ ၄ သိန်းခွဲအထိ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ 
     

ဆီမီးခုံ(ဧရာဝတီ) ဆိပ်ကမ်းသည် မြို့သာစက်မှုဥယျာဉ်မြို့တော်နှင့် ၁၁ မိုင်ကွာ ဝေးပြီးမြေဧက (၃၈၀) ကျယ်ဝန်းကြောင်း၊ ၂ ဒသမ ၅ ဧကရှိ Cargo Yard တစ်ခု၊ Ramp တစ်ခုနှင့် တန် ၅၀ အတင်အချ ပြုလုပ်နိုင်သည့် Crane တစ်ခုရှိပြီး ပေ ၄၀ ကွန်တိန်နာများကို အတင်အချပြုလုပ်နိုင်ကြောင်း၊ အဆိုပါဆိပ်ကမ်းကို ၂၀၁၃ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ၂၀၁၇ ခုနှစ်တွင် လုပ်ငန်းများပြီးစီးခဲ့ကြောင်းနှင့် အဆိုပါဆိပ်ကမ်းတွင် ဆိပ်ကမ်းဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက် ရှိနေပြီဖြစ်ကြောင်း သိရသည်။
    

စက်မှုဥယျာဉ်မြို့တော် စီမံကိန်းအတွင်း ဆောင်ရွက်ရန်လျာထားသည့် နိုင်ငံတကာ အဆင့်မီရုံးများ၊ ကျောင်းများ၊ ဆေးရုံများ၊ ဟိုတယ်များ၊ အရောင်းပြခန်းများ၊ အပမ်းဖြေနေရာများ၊ ကုန်သွယ်ရေးစင်တာများ၊ ဆီမီးခုံ(ဧရာဝတီ) ဆိပ်ကမ်းတွင် ကုန်တင်ကုန်ချ လုပ်ငန်းများ၊ ကုန်စည်သိုလှောင်ရေးလုပ်ငန်းများ၊ ဆိပ်ကမ်း အဆင့်မြှင့်တင်ရေး လုပ်ငန်းများ၊ မြို့သာနိုင်ငံတကာအဆင့်မီ ဂေါက်ကွင်းအတွင်း အဆင့်မြင့်အိမ်ရာများ၊ အပမ်းဖြေနားနေရန်နေရာများ၊ ကုန်စည်စီးဆင်းမှု မြန်ဆန်ရေးအတွက် တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်သွားလမ်းမကြီးမှ စီမံကိန်းသို့ လမ်းသစ်ဖောက်လုပ်ရေးတို့ကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။


(သတင်းစဉ်)