ဒုတိယသမ္မတ ဦးမြင့်ဆွေ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား

၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ (International Migrants Day) အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့််ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။
 
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးကျော်တင့်ဆွေ၊ ဒေါက်တာဖေမြင့်၊ ဦးသိန်းဆွေ၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေးနှင့် ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်သန်းထွဋ်နှင့် ဦးကျော်မျိုး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း (INGOs) များမှ ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း (NGOs) များမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
 
အခမ်းအနားတွင် ဒုတိယသမ္မတက ယနေ့ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်း သွားလာသူများနေ့ အခမ်းအနားကို ကျင်းပရသည့် ရည်ရွယ်ချက်မှာ ရွှေ့ပြောင်းသွားလာနေထိုင် လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကြုံတွေ့ခံစားနေကြရသည့် အခြေအနေများ၊ ၎င်းတို့၏ အခွင့်အရေးများနှင့် လူမှုအကျိုးစီးပွားများကို ကာကွယ်မြှင့်တင်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ကြိုးပမ်းအားထုတ် ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအမံများကို အများပြည်သူသိရှိစေနိုင်ရန် ရည်ရွယ်ကျင်းပရခြင်း ဖြစ်ပါကြောင်း။ 
 
အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်၍ ၂ဝဝဝ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် (၅၅)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံက ဒီဇင်ဘာလ (၁၈)ရက်နေ့ကို “နိုင်ငံတကာ ရွှေ့ပြောင်းသွားလာသူများနေ့” အဖြစ် သတ်မှတ်ကာ နိုင်ငံအလိုက် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် အဆိုပါအခမ်းအနားကို ကျင်းပခဲ့သည်မှာ ယခုဆိုလျှင် သတ္တမအကြိမ် တိုင်ခဲ့ပြီဖြစ်ပါကြောင်း။
 
နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူဦးရေတိုးတက်မှုနှုန်း မတူညီခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း၊ လုပ်သားအင်အားနှင့် လုပ်အားခမညီမျှခြင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်ခြင်း၊ လူသားများကြောင့် ဖြစ်ပေါ်လာသည့်ပဋိပက္ခများနှင့် လူမှုစီးပွားအကျပ်အတည်းများ၏ တွန်းအားရှိနေခြင်း၊ ဖွံ့ဖြိုးတိုးတက်လာသည့် သတင်း၊ ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး နည်းပညာများကို လွယ်လင့်တကူ ရယူအသုံးပြုနိုင်ခြင်းများကြောင့် ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းများသည် ကမ္ဘာအနှံ့၊ နိုင်ငံအနှံ့ တိုးပွားပြန့်နှံ့လျက်ရှိနေပါကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ လူ (၇)ဦးတွင် (၁)ဦးသည် ရွှေ့ပြောင်းသွားလာ နေထိုင်ကြသူများ ဖြစ်သည်ဟု သိရှိရပါကြောင်း။
 
မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အခြေခံကောင်းများ ရှိနေသော်လည်း ကာလရှည်ပြည်တွင်း ပဋိပက္ခများနှင့် သဟဇာတမရှိမှုများကြောင့် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးမှုများ မလုံလောက်သဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်သည့် ပြည်ပနိုင်ငံများသို့ မြန်မာနိုင်ငံသား (၂)သန်းကျော်သည် သွားရောက်ရွှေ့ပြောင်း နေထိုင်လုပ်ကိုင်လျက် ရှိနေကြကြောင်းကို ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းအရ သိရှိရပါကြောင်း၊ ၎င်းတို့၏ မိသားစုလွှဲပို့ငွေသည် ၂ဝ၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၃၉၅)သန်းခန့် ရှိပြီး ၂ဝ၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း(၇၀ဝ)ခန့် ရှိနေကြောင်းကို ကမ္ဘာ့ဘဏ်၏ ၂ဝ၁၇ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားသည်ကို သိရှိရပါကြောင်း။
 
Globalization ဖြစ်စဉ်နှင့်အညီ ကမ္ဘာအနှံ့ရွှေ့ပြောင်းသွားလာမှုသည် ဆက်လက်တိုးပွား ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့မြင်ရပြီး ရွှေ့ပြောင်းအလုပ်သမားများသည် မူရင်းနိုင်ငံနှင့် လက်ခံနိုင်ငံတို့၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အထောက်အကူ ပြုလျက်ရှိပါကြောင်း၊ နိုင်ငံတကာ၌ ရွှေ့ပြောင်းအလုပ်သမားများသည် အခြေခံအခွင့်အရေးနှင့် ဝန်ဆောင်မှုများကို အနိမ့်ဆုံးအဆင့်ဖြင့်သာ ခံစားခွင့်ရရှိနေကြပြီး ခြိမ်းခြောက်အနိုင်ကျင့်ခံရခြင်း၊ ဆိုးရွားစွာ အကြမ်းဖက်ခံရခြင်း၊ ခွဲခြားဆက်ဆံခံရခြင်း၊ အလေးထားမှုနှင့် တန်ဖိုးထားမှုမခံရခြင်း စသည်တို့ကို တွေ့ကြုံခံစားရလျက်ရှိပါကြောင်း။
 
ရွှေ့ပြောင်းသွားလာသူများအနေဖြင့် ရွှေ့ပြောင်းသွားလာခြင်းမပြုမီကတည်းက သွားရောက်မည့်ဒေသနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များနှင့်  ကုန်ကျမည့်စရိတ်အတွက် ရှာဖွေစုဆောင်းခြင်းတို့ ပြုလုပ်ကြရမည့်အပြင် မိမိလုပ်ကိုင်မည့် အလုပ်များအတွက် လိုအပ်သည့် ကျွမ်းကျင်မှုများ၊ ဘာသာစကားအခြေခံများနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာများကို ပြည်ပသို့ မထွက်ခွာမီ လေ့လာသင်ယူကြရပါကြောင်း၊ ဖြတ်သန်းသွားရာနေရာများတွင် လူအမျိုးမျိုး၊ အခြေအနေအမျိုးမျိုးနှင့် တွေ့ကြုံရနိုင်သည့်အတွက် အခန့်မသင့်လျှင် ဒုက္ခအမျိုးမျိုးနှင့် ကြုံတွေ့ရနိုင်ပါကြောင်း။
 
ရွှေ့ပြောင်းသွားလာရသည့် လုပ်ငန်းစဉ် ကြမ်းတမ်းနိုင်သော်လည်း ပါဝင်ပတ်သက်ကြသည့် သက်ဆိုင်သော အဖွဲ့အစည်းများအားလုံးအနေဖြင့် လူသားချင်းစာနာစွာ စနစ်တကျ စီမံခန့်ခွဲမည်ဆိုပါက ရွှေ့ပြောင်းသွားလာသူများ အပါအဝင် လူ့အသိုက်အဝန်းတစ်ခုလုံးကို အကျိုးဖြစ်ထွန်း စေနိုင်မည်ဖြစ်ပြီး ဆင်းရဲမှုကို လျော့ကျစေနိုင်ခြင်း၊ အလုပ်လက်မဲ့ပြဿနာကို ဖြေရှင်းပေးနိုင်ခြင်း၊ လွှဲပို့ငွေများဖြင့် မိသားစုဝင်ငွေနှင့် တိုင်းပြည်၏ နိုင်ငံခြားဝင်ငွေ တိုးတက်စေနိုင်ခြင်း၊ ကျွမ်းကျင်မှုနှင့် အရင်းအနှီး စုဆောင်းမိနိုင်ခြင်း၊ တီထွင်ဖန်တီးမှုနှင့် စွန့်စားလုပ်ကိုင်တတ်သည့် အလေ့အထနှင့် ကြိုးစားအားထုတ်တတ်သည့် လူမှုအသိုက်အဝန်း ဖြစ်လာစေရေးကို အထောက်အကူဖြစ်စေခြင်း စသည့် ကောင်းကျိုးများကို ဖြစ်ထွန်းစေပါ‌ကြောင်း။
 
ရွှေ့ပြောင်းသွားလာသူများ လုံခြုံစိတ်ချရသည့် ရွှေ့ပြောင်းသွားလာနေထိုင်မှု (Safe Migration) ဖြစ်စေရန်အတွက် အားလုံးက ဝိုင်းဝန်းကူညီ လုပ်ဆောင်ပေးရန်နှင့် စနစ်တကျစီမံခန့်ခွဲရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင် ဝန်ကြီးဌာနတစ်ခုတည်း၊ တစ်နိုင်ငံတည်း ဖြေရှင်းခြင်းထက် ဝန်ကြီးဌာနပေါင်းစုံ ပူးပေါင်းဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာနိုင်ငံများ၊ ဒေသတွင်းနှင့် နိုင်ငံတကာသက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းများရှိမှသာ ထိရောက်အကျိုးရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း။
 
ကုလသမဂ္ဂအဖွဲ့ကြီးက “ရေရှည်တည်တံ့သည့် ဖွံ့ဖြိုတိုးတက်မှုဆိုင်ရာ ၂ဝ၃ဝ လုပ်ငန်း အစီအစဉ် (UN 2030 Agenda)” ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့်လည်း “မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan- MSDP)” ကို အာဆီယံ၏ ကတိကဝတ်များ၊ ကမ္ဘာလုံးဆိုင်ရာ ရေရှည်ဖွံ့ဖြိုးမှု ရည်မှန်းချက်ပန်းတိုင်များနှင့်အညီ ဘက်စုံဖွံ့ဖြိုးမှု စီမံချက်တစ်ခုအနေဖြင့် ဝန်ကြီးဌာနများနှင့် မိတ်ဖက်အဖွဲ့အစည်းများ ကဏ္ဍစုံပါဝင်နိုင်မည့် မူဘောင်တစ်ခုအနေဖြင့် ဆောင်ရွက်နေပါကြောင်း။
 
မြန်မာနိုင်ငံအနေဖြင့် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပခဲ့သည့် (၃၁)ကြိမ်မြောက် အာဆီယံ အစည်းအဝေးတွင် “ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ခြင်းနှင့် မြှင့်တင်ခြင်းဆိုင်ရာ အာဆီယံသဘောတူညီချက်”ကို အာဆီယံနိုင်ငံများ၏ နိုင်ငံ့ခေါင်းဆောင်များနှင့်အတူ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ အာဆီယံသဘောတူညီချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သည့် အာဆီယံအစည်းအဝေးများတွင် ဆွေးနွေးခဲ့ကြရာ ၂ဝ၁၉ ခုနှစ်အတွင်း တိုးတက်မှုများကို အကဲဖြတ်ဆန်းစစ်နိုင်မည်ဖြစ်ပါကြောင်း။  
 
ထို့ပြင် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းနှင့် စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတွင် အကျိုးကျေးဇူးရရှိစေရေးအတွက် ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ဝ ရက်မှ ၁၁ ရက်ထိ မော်ရိုကိုနိုင်ငံ၌ ကျင်းပခဲ့သော ကမ္ဘာလုံးဆိုင်ရာ အစည်းအဝေးတွင် “လုံခြုံစိတ်ချရပြီး စနစ်ကျသည့် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းနှင့် စပ်လျဉ်းသည့် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက် (Global Compact for Safe, Orderly  and Regular Migration - GCM)” ကို  အတည်ပြုချမှတ်ခဲ့ရာ မြန်မာနိုင်ငံအနေဖြင့်လည်း အခြားသောနိုင်ငံများနှင့်အတူ သဘောတူညီချက် အတည်ပြုချမှတ်နိုင်ရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း။
 
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအနေဖြင့် ရွှေ့ပြောင်း သွားလာသူများနှင့် နိုင်ငံတော်၏ အကျိုးဖြစ်ထွန်းစေရေးအတွက် အလုပ်သမားများ ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ အမျိုးသားမူဝါဒများ ချမှတ်ခြင်းနှင့် အဆိုပါမူဝါဒများကို အကောင်အထည်ဖော်နိုင်မည့် မဟာဗျူဟာများ၊ နည်းဗျူဟာများပါရှိသော ဒုတိယအမျိုးသား (၅)နှစ်တာ စီမံချက် (၂ဝ၁၈-၂ဝ၂၂) ရေးဆွဲခြင်းကို သက်ဆိုင်ရာနိုင်ငံများ၊ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စနစ်တကျ စီမံခန့်ခွဲလုပ်ဆောင်လျက်ရှိပါကြောင်း။
 
မြန်မာနိုင်ငံသားအများအပြား သွားရောက်လုပ်ကိုင်နေကြသည့် ဒေသတွင်းနိုင်ငံများ၏ အစိုးရများနှင့် ဆွေးနွေးညှိနှိုင်းကာ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်မှု မြှင့်တင်ပေးလျက်ရှိပါကြောင်း၊ အဆိုပါလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နေကြသည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရပုဂ္ဂလိက အေဂျင်စီများနှင့် သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာများကို ဥပဒေ၊ ကျင့်ဝတ်များနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း။
 
ယနေ့ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အခမ်းအနား၏ ရည်ရွယ်ချက်နှင့်အညီ ရွှေ့ပြောင်းလုပ်သားများ လုံခြုံစိတ်ချရသည့် ရွှေ့ပြောင်းသွားလာမှုဖြစ်စေရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုမြှင့်တင်ရေးတို့ကို ရွှေ့ပြောင်း အလုပ်သမားများဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ အချင်းချင်း ပူးပေါင်းဆောင်ရွက်နေမှုများကို ပိုမိုထိရောက်အောင် ဆောင်ရွက်ပြီး ရွှေ့ပြောင်းလုပ်သားများ၏ ဘဝလုံခြုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူပြုနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။ 
 
ထို့နောက် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
 
ယင်းနောက် အခမ်းအနားအစီအစဉ် “ဒုတိယပိုင်း” ကို ဆက်လက်ကျင်းပရာ ရွှေ့ပြောင်းအလုပ်သမားနှင့် ပတ်သက်သည့် လှုပ်ရှားဆောင်ရွက်မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။
 
ထို့နောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့နှင့် စပ်လျဉ်း၍ အမှာစကားပြောကြားသည်။
 
ထို့နောက် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း၏ Chief of Mission ဖြစ်သူ Mr. Akio Nakayama က ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်နှင့် ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း၏ ညွှန်ကြားရေးမှူးချုပ်တို့က ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။
 
ယင်းနောက် မြန်မာနိုင်ငံအတွက် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသားရွှေ့ပြောင်းသွားလာမှုကို မြှင့်တင်ခြင်းဆိုင်ရာစီမံချက်မှ တွေ့ရှိချက်များကို အများပြည်သူတို့ သိရှိစေရန်အတွက် ဗီဒီယိုမှတ်တမ်းကို ပြသသည်။
 
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး၊ မိသားစုဝင်များ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးတို့တွင် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့သည့် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ၊ ဘန်ကောက်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားကွန်ရက်၊ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်၊ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းနှင့် အလုပ်သမားဟစ်တိုင်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။ 
 
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အထိမ်းအမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။     
 
(သတင်းစဉ်)