ဒုတိယသမ္မတ ဦးမြင့်ဆွေ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် (၂၂)ကြိမ်မြောက်ပုံမှန်တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြား

ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ (၂၂)ကြိမ်မြောက်ပုံမှန်တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားသည်။
 
 
တွေ့ဆုံဆွေးနွေးပွဲသို့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်း၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ အလှကုန်အသင်း၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ Myanmar Business Initiatives မှ ဟိုတယ်နှင့် ခရီးလုပ်ငန်းအဖွဲ့နှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဖွဲ့တို့မှ တာဝန်ရှိသူ များ တက်ရောက်ကြသည်။
 
 
ရှေးဦးစွာ ဒုတိယသမ္မတဦးမြင့်ဆွေက အမှာစကားပြောကြားရာတွင် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမူဘောင်ပါ ကိစ္စရပ်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်အတွက် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ(၂၄)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ နိုင်ငံ၏ စီးပွားရေး ပြောင်းလဲ တိုးတက်ရန်အတွက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများကို အမြန်ဆုံးဖြေရှင်းနိုင်ရန်အတွက် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များနှင့် ပုံမှန်တွေ့ဆုံ ဆွေးနွေးပွဲများကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလမှစတင်ပြီး ကဏ္ဍအလိုက် ဖြေရှင်း ဆောင်ရွက် ပေးလျက်ရှိရာ ယခုတွေ့ဆုံဆွေးနွေးပွဲသည် (၂၂)ကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့သည့်(၂၁) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲအထိ စီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲအကြံပြု တင်ပြချက်များ အားလုံးကို သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များထံသို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှတစ်ဆင့် အကြောင်းပြန်ကြားပေးခဲ့ပြီး ဖြစ်ပါကြောင်း။ 
 
 
ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲ အကြံပြုတင်ပြချက်များအပေါ် အမြန်ဖြေရှင်းဆောင်ရွက်ပေးနိုင်သည့် ကိစ္စရပ်များကို အမြန်ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဥပမာအားဖြင့် ပြည်ပသို့ အပင်နှင့် အပင်ထွက်ပစ္စည်းများ တင်ပို့ရာတွင် သီးနှံဓာတ်ကြွင်းပါဝင်မှု စစ်ဆေးထောက်ခံချက် (Phytosanitary Certificate - PC )ကို နှစ်ကြိမ်လျှောက်ထားနေရခြင်းအား ဖြေလျှော့ပေးရန် တင်ပြခဲ့ခြင်းအပေါ် တစ်ကြိမ်သာ လျှောက်ထားရန် ဖြေလျှော့ပေးနိုင်ခဲ့ပါကြောင်း။ 
 
 
နယ်စပ်ဒေသများမှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်လာမှုကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ရပ်တည်ရန်ခက်ခဲလာနိုင်သဖြင့် တရားမဝင် ကုန်ပစ္စည်းများကို တားဆီးထိန်းချုပ်ပေးရန် တင်ပြလာမှုအပေါ် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အနေဖြင့် နယ်စပ်ဒေသနှင့် ထိစပ်လျက်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် (၉)ခုတွင် တရားမဝင်ကုန်ပစ္စည်းများကို တားဆီးထိန်းချုပ် နိုင်ရေးအတွက် အထူးအဖွဲ့များ ဖွဲ့စည်းပြီး ဖမ်းဆီးအရေးယူခဲ့ရာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလအထိ ဖမ်းဆီးအရေးယူမှု ၂၄၀ ကြိမ် တန်ဖိုးငွေကျပ် ၅ ဒသမ ၁၃ဘီလီယံ ဖမ်းဆီးနိုင်ခဲ့ပါကြောင်း။
 
 
အချို့အချက်များသည် အချိန်ယူ၍ ဆက်လက် ဖြေရှင်းဆောင်ရွက်ပေးရမည့် လုပ်ငန်းများဖြစ်သည့်အတွက် လုပ်ငန်းကော်မတီ(၅)ရပ်မှ တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်သည့် ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံပြီး ဆွေးနွေးပွဲများ ပြုလုပ်၍ ပြီးပြတ်သည်အထိ အဆင့်ဆင့်ဖြေရှင်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။
 
 
နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သည့်နေရာတွင် ကုန်သွယ်ရေးကဏ္ဍသည် အရေးကြီးသောအခန်းကဏ္ဍတွင် တည်ရှိပြီး နှစ်စဉ် ကုန်သွယ်မှု ပမာဏ တိုးတက်စေရန် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများမှ တက်ညီလက်ညီပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ကုန်သွယ်မှုပမာဏသည်  အမေရိကန်ဒေါ်လာ (၃၃ ဒသမ ၅၃)ဘီလီယံအထိ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလထိ (၆) လတာ ကာလအတွင်း ကုန်သွယ်မှုပမာဏသည် အမေရိကန် ဒေါ်လာ(၁၈ ဒသမ ၃)ဘီလီယံကျော်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလမှ နိုဝင်ဘာလကုန်တို့၏ ကုန်သွယ်မှုပမာဏမှာ မေရိကန်ဒေါ်လာ (၅ ဒသမ ၅၀၆) ဘီလီယံ အထိ ရရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် အမေရိကန်ဒေါ်လာ(၀ ဒသမ ၃၅၃) ဘီလီယံ ပိုမိုဆောင်ရွက်နိုင်ခဲ့ပါကြောင်း။ အဆိုပါ ကုန်သွယ်မှုတွင် ပုဂ္ဂလိကကဏ္ဍမှ အမေရိကန်ဒေါ်လာ (၄ ဒသမ ၇၂၀)ဘီလီယံ ပါဝင်သည့်အတွက် ( ၈၆ရာခိုင်နှုန်း) အထိ တိုးတက်ဆောင်ရွက်နိုင်သည်ကို တွေ့ရပါကြောင်း၊ ကုန်သွယ်မှုပမာဏများကို ကြည့်လျင် သွင်းကုန်တန်ဖိုးသည် ပို့ကုန်တန်ဖိုးထက် များနေသဖြင့် ပို့ကုန်များကို တိုးမြှင့်ဆောင်ရွက်ပြီး သွင်းကုန်အစားထိုး ထုတ်လုပ်နိုင်ရေးကို ကြိုးစားကြစေလိုပါကြောင်း။
 
 
ပြည်ပရင်းနှီးမြှုပ်နှံသူများအနေဖြင့် ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့် Doing Business Report  အပေါ်မူတည်၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်တွင် ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည့် Doing Business 2019 Report ၌ မြန်မာနိုင်ငံ၏ အဆင့်သည် ယခင်နှစ် အဆင့်အတိုင်း ပြောင်းလဲမှု မရှိသော်လည်း အမှတ်တိုးမြှင့်ရရှိခဲ့ပါကြောင်း။ Ease of Doing Business အဆင့်ပိုမို တိုးတက်ရရှိရေးအတွက် သက်ဆိုင်ရာ Indicator တစ်ခုချင်းအလိုက် ပြုပြင်ပြောင်းလဲမှုများကို အနည်းဆုံး (၃)ခုနှင့် အထက် ဆောင်ရွက်သွားကြရန်နှင့် ထိုသို့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် Action Plan များကို စနစ်တကျရေးဆွဲပြီး ရည်မှန်းချက်ထား၍ ဆောင်ရွက်သွားကြရန် (၆- ၁၂- ၂၀၁၈)ရက်နေ့တွင် ကျင်းပခဲ့သည့် အဋ္ဌမအကြိမ် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ပြီး ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် Doing Business 2020 Report တွင် အဆင့်တိုးတက်စေရေးအတွက် ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ရန် အချိန် ၅ လသာ ကျန်ရှိသဖြင့် အမြန်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
 
 
စီးပွားရေးလုပ်ကိုင်မှု လွယ်ကူချောမွေ့စေရေးကို အထောက်အကူ ဖြစ်စေရန် အထောက်အထားစာရွက်စာတမ်းလိုအပ်ချက်၊ လုပ်ဆောင်သည့် ကြာမြင့်ချိန်၊ ကုန်ကျစရိတ် စသည်တို့တွင် မလိုအပ်သည့် အဆင့်များကိုဖြေလျှော့ ပေးရန်လိုအပ်ပါကြောင်း၊ ပြတင်း တစ်ပေါက်တည်း ဝင်သွားပြီးလျှင် လုပ်ငန်းကိစ္စအားလုံး ပြီးပြည့်စုံသည့် Single Window စနစ်ကိုလည်း ဆောင်ရွက်ရန်စီစဉ်လျက်ရှိပါကြောင်း။ 
 
 
ယနေ့ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးမည့် အသင်းအဖွဲ့များအနေဖြင့် ဆွေးနွေးမည့် ကဏ္ဍများနှင့် သက်ဆိုင်သည့် တာဝန်ရှိသူများ တက်ရောက်လာကြသည့်အတွက် မိမိတို့ အသင်းအဖွဲ့များ တွေ့ကြုံနေရသော အခက်အခဲများကို ပွင့်ပွင့်လင်းလင်းဆွေးနွေး တင်ပြကြစေလိုပါကြောင်း ပြောကြားသည်။
 
 
ထို့နောက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးနေမှု လုပ်ငန်းစဉ်များနှင့်  စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
 
 
ယင်းနောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်း၊ အခြေပစ္စည်းများ စာရင်းနှင့် ပိုင်ဆိုင်မှု မှတ်တမ်းများကို စနစ်တကျဆောင်ရွက် ထားရှိရန်နှင့် MSMEs လုပ်ငန်းများအတွက် ချေးငွေရရှိရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍  ရှင်းလင်းပြောကြားသည်။
 
 
ထို့နောက်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပုဂ္ဂလိကကဏ္ဍ ဖွံဖြိုးတိုးတက်ရေး အတွက် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သွားမည့် ဆွေးနွေးပွဲများ၊  ပို့ကုန်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
 
 
ယင်းနောက် မြန်မာနိုင်ငံ အလှကုန်အသင်း ဥက္ကဋ္ဌ ဦးကျော်မင်း၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြင့်စိန်၊ Myanmar Business Initiatives ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မင်းလှိုင်နှင့်  ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းထွန်းမြင့်တို့က သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍများအလိုက် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် အကြံပြုချက်များကို ရှင်းလင်း ဆွေးနွေး တင်ပြကြသည်။
 
 
အကြံပြု တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးသည်။
 
 
ယင်းနောက် ဒုတိယသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားပြီး တွေ့ဆုံပွဲ အခမ်း အနားကို ရုပ်သိမ်းခဲ့သည်။
 
 
(သတင်းစဉ်)