နေပြည်တော် ၇ ဧပြီ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းခုတ်၊ မိုင်းဆတ်နှင့် တာချီလိတ် မြို့နယ်များအတွင်းရှိ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဧပြီ ၄ ရက်မှ ၆ ရက်အထိ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် ဧပြီ ၄ ရက် နံနက်ပိုင်းတွင် ကျိုင်းတုံမြို့နယ် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ကတ်ထိုက် - လွယ်ပန်တောင်း - အင်ဂိုလုံလမ်း ၃၃ မိုင် ၅ ဖာလုံ မြေသားလမ်း အကျယ်ချဲ့ခြင်းလုပ်ငန်းများနှင့် လက်ရှိဘဏ္ဍာရေးနှစ်အတွင်း (၅/ဝ)မိုင် ကျောက်လမ်းခင်း ခြင်းလုပ်ငန်း၊ မိုင်းဆတ်မြို့နယ်အတွင်းရှိ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး လက်ရှိဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်လျက်ရှိသော မိုင်းခုတ်မြို့ ပူကျွဲ - မိုင်းနင်း (၂/ဝ)မိုင် ကျောက်လမ်းခင်းခြင်းလုပ်ငန်းနှင့် နမ့်ပေါ်ခိုင် (၅၅)ပေတံတား တည်ဆောက်ခြင်း လုပ်ငန်းအခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လမ်းနှင့် တံတားများ စံချန်စံညွှန်းနှင့်အညီ ရေရှည်တည်တံ့ကောင်းမွန်ရေး မှာကြားပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဧပြီ ၅ ရက်တွင် ဒေသတင်ပြချက်အရ လိုအပ်လျက်ရှိသည့် မိုင်းဆတ်မြို့နယ် ဝမ်ဟုန် - ဆိတ်ခြံ - ဟိုပန် - ဟိုရွက် - နားပါကော် (၄၀/၁)မိုင်အတွင်း ပေ ၃၀ အကျယ် မြေသားလမ်းအား မြေဖို့ခြင်း၊ လမ်းအကျယ်ချဲ့ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းနှင့် Box Culvert တည်ဆောက်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်းပြည့်မီရေး အရှိန်အဟုန်မြင့် ဆောင်ရွက်ရန်မှာကြားပြီး မိုင်းဆတ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးနှင့် (၂)ခန်းတွဲ ဝန်ထမ်းအိမ်ရာကို ကြည့်ရှုစစ်ဆေး၍ မိုင်းဆတ်မြို့ ဘုန်းတော်ကြီးသင် ပညာရေးသဗ္ဗညု သာသနာကျောင်းရှိ ကျောင်းသား/ ကျောင်းသူများအတွက် ကျောင်းဝတ်စုံများ၊ ဗလာစာအုပ်များနှင့် ထောက်ပံ့ငွေများကို ပေးအပ်သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဧပြီ ၆ ရက်တွင် မိုင်းဆတ်မြိုနယ်အတွင်းရှိ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော လွယ်ပါရင် (၂) - မယ်ကြုတ်(၁၁/၄)မိုင်အနက် လက်ရှိဘဏ္ဍာရေးနှစ် (၃/ဝ)မိုင် ကျောက်ခင်းခြင်း၊ တံတားများနှင့် Box Culvert တည်ဆောက်ခြင်းလုပ်ငန်းများကို ကြည့်ရူစစ်ဆေးသည်။
(သတင်းစဉ်)


