နေပြည်တော် ဇန်နဝါရီ ၁၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ရှိ သရက်ချောင်းနှင့် အထက်စု(မြစ်ကျိုး) လျှပ်စစ် မြစ်ရေတင်စီမံကိန်း 900 KW On-Grid and Off-Grid ဆိုလာ စနစ် တပ်ဆင်ဆောင်ရွက်နေမှု အခြေအနေများနှင့် မြင်ရေတင်မှ နွေစပါးနှင့် နွေအခြားသီးနှံ စိုက်ပျိုးရေ ပေးဝေနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ တာဝန်ရှိသူများက စီမံကိန်း ရှင်းလင်းဆောင်၌ အထက်စု(မြစ်ကျိုး) မြစ်ရေတင် လုပ်ငန်း၊ သရက်ချောင်းမြစ်ရေတင် လုပ်ငန်းနှင့် အောက်စု(မြစ်ကျိုး) မြစ်ရေတင်လုပ်ငန်း ဆောင်ရွက် နေမှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဆိုလာစနစ်မှ ရရှိလာသော စွမ်းအင်များကို ရေတင်စိုက်ဧကများကို  ရေပေးဝေခြင်းအပြင် ပတ်ဝန်းကျင် အနီးရှိ ကျေးရွာများ လျှပ်စစ်မီး ရရှိရေးလုပ်ငန်းများ အတွက်ပါ စွမ်းအားပြည့်အကျိုးရှိစွာ သုံးစွဲနိုင်‌ရေး စီမံဆောင်ရွက်ကြရန်၊ စိုက်ပျိုးရေရရှိရေးအတွက် ရေအရင်းအမြစ်များ ရှာဖွေဖော်ထုတ် သုံးစွဲနိုင်ရေးနှင့် အခြေအနေပေးသည့် ဒေသများတွင် လျှပ်စစ်/ဆိုလာ မြစ်ရေတင်လုပ်ငန်းဖြင့် ရာသီအလိုက် နွေစပါးနှင့် နွေသီးနှံ သီးထပ်သီးညှပ် စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန် ကိစ္စရပ်များ၊ ရေလှည့်စနစ်ဖြင့် အသုံးပြု၍ စိုက်ပျိုး‌ရေကို အလေအလွင့် နည်းပါးစွာဖြင့် စနစ်တကျ စီမံ ခန့်ခွဲနိုင်ရေးအတွက် ဒေသခံ တောင်သူများကို အသိပညာပေး၊ နည်းပညာပေး လုပ်ငန်းများ ဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားပြီး ဒေသခံ တောင်သူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

တိုက်ကြီးမြို့နယ်ရှိ အထက်စု (မြစ်ကျိုး) လျှပ်စစ်မြစ်ရေတင် လုပ်ငန်းမှ အကျိုးပြု ဧက ၁၈၀၀ ခန့်၊ အောက်စု(မြစ်ကျိုး) လျှပ်စစ် မြစ်ရေတင်လုပ်ငန်းမှ အကျိုးပြု ဧက ၁၂၀၀ ခန့်နှင့် သရက်ချောင်း မြစ်ရေတင် လုပ်ငန်းမှလည်း အကျိုးပြု ဧက ၁၅၀၀ ခန့်ကို စိုက်ပျိုးရေ ပေးဝေနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် တည်ဆောက်ပြီး ရေပေးမြောင်းများအလိုက် ရေစီမံခန့်ခွဲမှု စနစ်ဖြင့် ရေစမ်းသပ်မောင်းနှင်၍ စိုက်ပျိုး ရေပေးဝေခြင်းနှင့် မြို့ပြ၊ စက်မှု၊ လျှပ်စစ် တည်ဆောက်ရေး လုပ်ငန်းများကို သတ်မှတ်ကာလ အချိန်မီ ပြီးစီးရေးအတွက် ဆောင်ရွက်လျက်ရှိသည်။

ဆွေးနွေးမှာကြား

ဆက်လက်၍ ဒုတိယဝန်ကြီးသည် တိုက်ကြီးမြို့နယ် ကျားချောင်းကျေးရွာ အနီး အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် မွေးမြူရေးဇုန် ရေရရှိနိုင်ရေးအတွက် တည် ဆောက်ထားသည့် သနပ်ချောင်း လျှိုပိတ်တမံ ရေသိုလှောင်ထားရှိမှုနှင့် ကြံ့ခိုင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။

ထို့နောက် တဘူးလှဆည် ရေသောက်စနစ်အတွင်းရှိ နွေစပါးနှင့် နွေသီးနှံ စိုက်ပျိုးရေပေးဝေ နေသော လက်တံမြောင်းများ၏ ကြံ့ခိုင်မှု အခြေအနေများနှင့် ဆည်ရေသောက်စနစ်အတွင်း နွေစပါးနှင့် နွေသီးနှံများ စိုက်ပျိုးထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ယခင် နှစ်ကထက်ပိုမိုလျာထား စိုက်ပျိုး ‌နေမှုအပေါ် ရေလုံလောက်စွာ ပေးဝေနိုင်ရေး  ပေါင်းစပ်ညှိနှိုင်း ပေးသည်။

တဘူးလှ ဆည်ရေသောက် စနစ်တွင် လက်ယာရေသောက် စနစ်မှအသုံးပြုပြီး ပိုလျှံကျဆင်း လာသော ရေများသည် ဥက္ကံ သကြားစက် ကားလမ်းဘေး ဝဲ/ယာရှိ ရေနုတ်မြောင်းများ အတွင်းသို့ ရောက်ရှိလာသဖြင့် ရေထိန်းရေမြင့်အဆောက်အအုံ ၁၃ ခုတည်ဆောက်၍ အနီးဝန်းကျင် ရှိ လယ်မြေ ၂၃၇၇ ဧကကို ပြန်လည် ရေပေးဝေနိုင်ခဲ့ခြင်းကြောင့် ၎င်းဧကများ အပါအဝင် ရေသောက်စနစ် တစ်ခုလုံး အနေဖြင့် နွေစပါး ၂၉၉၄၉ ဧကနှင့် နွေအခြားသီးနှံ ၁၃၀၃ ဧက စုစုပေါင်း ၃၁၂၅၂ ဧက ကို စိုက်ပျိုး ရေပေး‌ဝေရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်