နေပြည်တော်   စက်တင်ဘာ   ၇

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင်  ရန်ကုန်-မန္တလေး   အမြန်လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး ယာဉ်သွား လာမှု စနစ်တကျဖြစ်စေရေးနှင့် အန္တရာယ်ကင်းစေ ရေး သတ်မှတ်ချက်များနှင့်အညီ  ဆောင်ရွက်သွားရန် မှာကြားသည်။

ကြည့်ရှုစစ်ဆေး

ထို့နောက် သော်တာဝင်းကုမ္ပဏီက တာဝန်ယူ၍ B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့်  ရန်ကုန်-တောင်ငူ-မန္တလေးလမ်း မိုင်တိုင်(၃၉၁/၂ မှ ၃၉၂/၄) အထိ ပေ ၉၀အကျယ် မြေသားတာပေါင် တိုးချဲ့ခြင်း လုပ်ငန်း၊ ၄၈  ပေအကျယ်   AC   ခင်းခြင်းလုပ်ငန်း၊  လမ်းပခုံးပြုပြင်ခြင်းလုပ်ငန်းနှင့်    Thermoplastic Road Paint  ဖြင့်   ဆေးလိုင်းဆွဲခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်း(မန္တလေးမှ ရန်ကုန်)လမ်းပိုင်း  မိုင်တိုင် (၃၅၈/၄ မှ ၃၆၅/၃)အတွင်း      ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ကွန်ကရစ်လမ်းပိုင်းများ မြေသားလုပ်ငန်းဆောင်ရွက်နေမှုနှင့် ၂၅ ပေအကျယ်၊ တစ်ပေ ဒု  ကွန်ကရစ်ခင်းခြင်းလုပ်ငန်း  ဆောင်ရွက်နေမှုကို လည်းကောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင် (၃၅၈/၁)ရှိ ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သော ဒုဋ္ဌဝတီ တံတား ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးရာ သက်ဆိုင်ရာတာဝန်ခံများက လုပ်ငန်း များဆောင်ရွက်နေမှု၊ ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြ ကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက လုပ်ငန်းများ အရည်အသွေး ပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေး အလေးထား ဆောင်ရွက်သွားရန် မှာကြားပြီး လုပ်ငန်းလိုအပ်ချက် များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးကာ လုပ်ငန်းခွင်များအတွင်း  လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဒုဋ္ဌဝတီတံတား ပြိုကျသွားခြင်းကြောင့် ရန်ကုန်-မန္တလေးအမြန်လမ်း အသုံးပြုနေသော မော်တော်ယာဉ်များသည် မိုင်တိုင်အမှတ် (၃၅၂) ရှိ စကားအင်းအဝိုင်းမှ ပလိပ်သို့သွားသည့် လမ်းမှတစ်ဆင့် ရန်ကုန် -  တောင်ငူ -  မန္တလေးလမ်း  (လမ်းဟောင်း)သို့ ကူးပြောင်းသွားလာလျက်ရှိသည်။

ယင်းနောက် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးကို ဆက်သွယ်ထားသည့် ဧရာဝတီတံတား(ရတနာပုံ)    မန္တလေးဘက်ခြမ်း လုပ်ငန်းခွင် ရှင်းလင်းဆောင်သို့ရောက်ရှိရာ တာဝန်ခံ အင်ဂျင်နီယာက ငလျင်ဒဏ်ခံကြောင့် Lateral Bracing  သံပေါင်များနှင့်  Pier များ   ပျက်စီးခဲ့မှုနှင့်     ပြုပြင် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို      ရှင်းလင်း တင်ပြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက် ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ဧရာဝတီတံတား(ရတနာပုံ) ပြန်လည်ပြင်ဆင်ခြင်း လုပ်ငန်းများ လျာထားချက်နှင့်အညီ ပြီးစီးရန် လိုအပ်ကြောင်း၊ ထပ်မံလှုပ်ခတ်လျက်ရှိသည့် ငလျင်ငယ် များရှိသည့်အတွက် တံတားကြီးထပ်မံပျက်စီးခြင်း ရှိ၊ မရှိ စောင့်ကြည့်စစ်ဆေးသွားရန်နှင့် ပြည်သူများ အန္တရာယ်ကင်းရှင်းစွာ သွားလာအသုံးပြုနိုင်စေရေးအတွက် နေ့စဉ်စောင့်ကြည့်စစ်ဆေးပြီး အချိန်နှင့် တစ်ပြေးညီတင်ပြရန်   မှာကြားကာ လုပ်ငန်းခွင်အတွင်း ရေယာဉ်ဖြင့်  လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။                                       

 သတင်းစဉ်